ဘောလုံးလောကရဲ့ အကျော်ကြားဆုံး၊ အကြမ်းတမ်းဆုံး ဒါဘီပွဲများ

ဓာတ်ပုံ မူပိုင် AFP
Image caption ကိုပါ လီဘာတေးဒိုးစ် ဖိုင်နယ်မှာ ဒုတိယအကျော့မှာ ဘိုကာဂျူနီယာ ဘတ်စ်ကားကို တိုက်ခိုက်ခဲ့တဲ့ ရေးဗားပလိတ် ပရိသတ်များ

ကမ္ဘာ့ဘောလုံးလောကမှာ ခါးသီးတဲ့ ပြိုင်ဖက်တွေရဲ့ ထိပ်တိုက်ဆုံတွေ့ပွဲ၊ နောက် မြို့ခံအသင်းတွေရဲ့ ဒါဘီပွဲတွေဟာ ဘောလုံးပရိသတ်တွေအတွက် စိတ်ဝင်စားမှု အရှိဆုံး ပွဲတွေဖြစ်ပါတယ်။ လက်ရှိ ဘောလုံးကမ္ဘာ့ရဲ့ လူကြိုက် အများဆုံးနဲ့ လူကြည့်အများဆုံးပွဲကတော့ ဘာစီလိုနာနဲ့ ရီးယယ်မက်ဒရစ်တို့ရဲ့ El Clasico ပွဲဖြစ်ပြီး ဒီနှစ်သင်းရဲ့ အတိတ်သမိုင်း၊ အောင်မြင်ကျော်ကြားမှုနဲ့ မက်ဆီ၊ ရော်နယ်လ်ဒိုတို့ရဲ့ ထိပ်တိုက်ဆုံတွေ့မှုတွေကြောင့် ကမ္ဘာ့အရပ်ရပ်က ပရိသတ်တွေ အကြား လူပြောအများဆုံး ပွဲဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ ရီးယဲယ်လိုပဲ တစ်ခြား ကျော်ကြားပြီး ခါးသီးတဲ့ ဒါဘီပွဲတွေများစွာ ရှိပါတယ်။ တောင်အမေရိကတိုက်မှာဆိုရင် အာဂျင်တီးနားက ဘိုကာဂျူနီယာနဲ့ ရေးဗားပလိတ်တို့ရဲ့ Super Clasico ၊ နောက် ဘရာဇီးလ်က ကိုရင်သီယန်နဲ့ ပါးမီးယက်စ်တို့ရဲ့ Paulista Derby၊ တူရကီ အစ္စတန်ဘူလ် ဒါဘီ၊ စကော့တလန်က ဂလက်စ်ဂို ဒါဘီ ပွဲတွေဟာ ကျော်ကြားတဲ့ ထိပ်တိုက် ဆုံတွေ့ ပွဲတွေ ဖြစ်ပါတယ်။

ဆိုတော့ လက်ရှိ ဘောလုံးလောက နာမည်ကြီး အသင်းတွေရဲ့ ထိပ်တိုက်ဆုံတွေ့ပွဲ၊ နောက် မြို့ခံ အသင်းတွေရဲ့ ဒါဘီပွဲတွေအကြောင်းကို လေ့လာကြည့်တော့ ………

ဓာတ်ပုံ မူပိုင် AFP
Image caption ဘောလုံးပရိသတ်ပေါင်း ၁ဘီလျံကျော်ကြည့်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၂၀ဝ ကျော်အထိ ပြသတဲ့ ဘာစီလိုနာနဲ့ ရီးယဲယ်ပွဲ

၁) El Clasico ( ဘာစီလိုနာ - ရီးယဲယ်မက်ဒရစ်)

ဘောလုံးပရိသတ်ပေါင်း ၁ဘီလျံကျော်ကြည့်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၂၀ဝ ကျော်အထိ ပြသတဲ့ ပွဲဖြစ်ပြီး ဘောလုံးလောကရဲ့ အကြီးမားဆုံး ပွဲဖြစ်ပါ တယ်။ စပိန်ဘောလုံးလောကရဲ့ ထိပ်သီး နှစ်သင်း ဆုံတွေ့တဲ့ ပွဲဖြစ်ပြီး တော်ဝန်မျိုးနွယ်တွေ ပိုင်ဆိုင်၊ အာပေးတဲ့ ရီးယဲယ်မက်ဒရစ်နဲ့ ခြေခံ လူတန်းစာ တွေ အားပေးတဲ့ ဘာစီလိုနာတို့ရဲ့ ပွဲဟာ ကတ်တလန်နဲ့ စပိန်လူမျိုးတွေကြား နိုင်ငံရေးနဲ့ ဆက်နွယ်နေလို့ သာမန်ပွဲတွေထက် ပိုပြီး ပြင်းထန်နေတာပါ။ ဒီနှစ် ရာသီ စီးရီးအေကို ရော်နယ်လ်ဒို ပြောင်းသွားပြီး နောက်ပိုင်း ဒီနှစ်သင်းအပေါ် စိတ်ဝင်စားမှု လျော့နည်းလာခဲ့ပေမယ့် El Clasico ပွဲကတော့ လက်ရှိ ဘောလုံး လောကရဲ့ ထိပ်ဆုံးနေရာမှာ ဆက်ရှိနေတာတော့ သေချာပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ချန်ပီယံလိဂ်မှာ ဆုံတွေ့ခဲ့တုန်းက ပွဲရပ်နားတဲ့အထိ ဖြစ်ခဲ့တဲ့ မီလန်ဒါဘီ

၂) မီလန်ဒါဘီ ( အေစီမီလန် - အင်တာမီလန်)

အီတလီနိုင်ငံ မီလန်မြို့က ထိပ်သီးနှစ်သင်းရဲ့ ဒါဘီပွဲဖြစ်ပြီး Derby della Madonnina လို့လည်း နာမည်ကျော်ကြားတဲ့ ပွဲဖြစ်ပါတယ်။ အထူးသဖြင့် အီတလီ ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီနဲ့ သန်းကြွယ် သူဌေး မိုရက်တီတို့ နှစ်ဦးလက်ထက် မီလန်ဒါဘီပွဲဟာ ပရိသတ်တွေကို အကောင်းဆုံး ဖျော်ဖြေမှု ပေးတဲ့ ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားတွေရဲ့ အားပြိုင်မှု ပိုင်ရှင်နှစ်ဦးကြား အားပြိုင်မှုတွေဟာ မီလန်ဒါဘီကို ပိုပြီး ထင်ရှား စေတာ ဖြစ်ပါတယ်။ ဆန်စီရို ဘောလုံးကွင်းကြီးကို အတူ တွဲသုံးနေတဲ့ နှစ် သင်းဟာ ဘာလူစကိုနီနဲ့ မိုရက်တီတို့ရဲ့ လက်ထက်မှာ အောင်မြင်မှု များစွာ ရခဲ့ကြပြီး ဆုဖလားပေါင်း ၁၈ကြိမ် ရခဲ့ကြပါတယ်။ လက်ရှိမှာတော့ ဒီနှစ်သင်း ရဲ့ ကစားသမားအင်အား၊ ငွေကြေးတောင့်တင်းမှုနဲ့ ပြိုင်ဆိုင်မှုတွေက လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကလောက် ပြင်းထန်မှု မရှိတော့ပေမယ့် အေစီမီလန်နဲ့ အင်တာမီလန်တို့ရဲ့ ဒါဘီပွဲကတော့ ထိပ်တန်းအဆင့်မှာ ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အင်္ဂလန် ဘောလုံးလောကရဲ့ အအောင်မြင်ဆုံး ကလပ်တွေဖြစ်ပြီး အင်္ဂလန် ဒါဘီလို့လည်း နာမည်ကြီးတဲ့ လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်

၃) The North West Derby ( မန်ချက်စတာယူနိုက်တက် - လီဗာပူးလ်)

အင်္ဂလန် ဘောလုံးလောကရဲ့ အအောင်မြင်ဆုံး ကလပ်တွေဖြစ်ပြီး အင်္ဂလန် ဒါဘီလို့လည်း နာမည်ကြီးတဲ့ ပွဲဖြစ်ပါတယ်။ လီဗာပူးလ်နဲ့ မန်ချက် စတာယူနိုက်တက်တို့ဟာ သူတို့ရဲ့ မြို့ခံကလပ်တွေ( အဲဗာတန်၊ မန်စီးတီး) နဲ့ ဒါဘီပွဲထက် ဒီပွဲကိုသာ ပိုပြီး အနိုင်လိုချင်ကြတာပါ။ ဒီနှစ်သင်း ဆုံတွေ့တိုင်း လိဂ်ပြိုင်ပွဲ တွေမှာ ပိုအောင်မြင်မှု ရှိတဲ့ မန်ချက်စတာယူ နိုက်တက် က အမှတ် ပေး ချန်ပီယံ အကြိမ် ၂၀မြောက် စာတန်းတွေ၊ သီချင်းတွေကို အမြဲဆိုလေ့ရှိပြီး ဥရောပမှာ ပိုအောင်မြင်တဲ့ လီဗာပူးလ်က သူတို့ရဲ့ ချန်ပီယံလိဂ်ဖလား ၅ကြိမ်ကို ဂုဏ်ယူစွာနဲ့ ပြန်လည် ချေပလေ့ရှိတာ တွေ့ရပါတယ်။ ဒီနှစ်သင်းဟာ ဘောလုံးလောကအတွင်း ဆုဖလားပေါင် ၁၂၄ကြိမ်အထိ ရရှိထားကြပြီး လက်ရှိအချိန်အထိလည်း အောင်မြင်ကျော်ကြားတဲ့ အင်္ဂလန် ဒါဘီအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဆဲလ်တစ်နဲ့ ရိန်းဂျားစ်တို့ဟာ စကော့တလန်လိဂ်ရဲ့ အပြင်းထန်ဆုံး ဒါဘီပွဲပါ။

၄) The Old Firm Derby ( ဆဲလ်တစ် - ရိန်းဂျားစ်)

ဗြိတိန်ဘောလုံးလောကအတွင်း အကြီးမားဆုံး ဒါဘီပွဲဖြစ်ပြီး ဂလက်စ်ဂို မြို့ခံ နှစ်သင်းရဲ့ ထိပ်တိုက် ဆုံတွေ့ပွဲလည်း ဖြစ်ပါတယ်။ စကော့တလန်မှာ အအောင်မြင်ဆုံး အသင်းတွေဖြစ်ကြသလို ဒါဘီနဲ့ ထိပ်တိုက်ဆုံတွေပွဲတွေထဲ မှာ သက်တမ်းအရင့်ဆုံး ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ ဒီနှစ်သင်း ထိပ်တိုက် ဆုံတွေ့တဲ့ ပွဲပေါင်း ၄၁၄ပွဲ အထိ ကစားခဲ့ပြီး ဒီဖက်နှစ်တွေမှာတော့ ဆဲလ်တစ်က ရိန်းဂျားစ်ထက် ပိုပြီး အောင်မြင်မှု ရယူထားနိုင်ခဲ့ပါတယ်။ ထိပ်တိုက် ဆုံတွေ့မှုပိုင်းမှာလည်း တစ်သင်းနဲ့ တစ်သင်း ကွာခြားမှု မရှိဘဲ ရိန်းဂျားစ်က ၁၅၉ပွဲနိုင်၊ ဆဲလ်တစ်က ၁၅၆ပွဲနိုင်နဲ့ ၉၉ပွဲ သရေကျထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တောင်အမေရိက ဒါဘီလို့ နာမည်ကြီးတဲ့ ဘိုကာနဲ့ ရေးဗားပလိတ်

၅) Super Clasico ( ဘိုကာဂျူနီယာ - ရေးဗားပလိတ်)

အာဂျင်တီးနားဒါဘီပွဲဖြစ်ပြီး တောင်အမေရိကတိုက်ရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဒါဘီ ပွဲဖြစ်ပါတယ်။ ဗြူနိုအေးရီးစ်မြို့က ထိပ်သီး နှစ်သင်းဟာ ပုံမှန် လိဂ်ပွဲတွေမှာလည်း အမြဲ ပြသနာ တက်လေ့ရှိသလို နှစ်ဖက် အားပေးတဲ့ ပရိသတ်တွေကလည်း ပြိုင်ဖက် ကစားသမားတွေကို နည်းမျိုးစုံနဲ့ အကြမ်းဖက် လုပ်ရပ်တွေ လုပ်တဲ့ အထိ ပြင်းထန်ကြပါတယ်။ ဘိုကာဂျူနီယာနဲ့ ရေးဗားပလိတ်တို့ဟာ တောင် အမေရိကတိုက်ရဲ့ ချန်ပီယံလိဂ်လို့ နာမည်ကြီးတဲ့ ကိုပါ လီဘာတေးဒိုးစ် ဖိုင်နယ်မှာ ဆုံတွေ့ခဲ့ကြပြီး ပထမအကျော့အပြီးမှာ ၂ဂိုးစီ သရေကျခဲ့ပါတယ်။ စနေနေ့က ရေးဗားပလိတ်ကွင်းမှာ ကန်မယ့် ဒုတိယအကျော့မတိုင်မီ ပွဲကစားခါနီးမှာ ပြိုင်ဖက် ဘိုကာဂျူနီယာ ကစားသမားတွေရဲ့ ဘတ်စ်ကားကို ရေးဗား ပလိတ် ပရိသတ်တွေက ကျောက်ခဲတွေ၊ သစ်သားချောင်းတွေနဲ့ ပစ်ပေါက်ခဲ့ကြသလို အကြမ်းဖက်မှုတွေလုပ်ခဲ့လို့ ဘိုကာဂျူနီယာ ကစားသမား အချို့ ဒဏ်ရာရခဲ့ပြီး ပွဲကို ရွှေ့ဆိုင်းလိုက်ရတာပါ။ နှစ်ဖက်အသင်းအကြား ဒီလို အဖြစ်ပျက်မျိုးဟာ နှစ်စဉ်တိုင်း ကြုံတွေ့နေရတာဖြစ်ပြီး ကမ္ဘာ့ဘောလုံး လောကအတွင်း အကြမ်းတမ်းဆုံး ဒါဘီပွဲလို့ တင်ရမယ့် ပွဲဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption လန်ဒန်ဒါဘီပွဲတွေထဲမှာ ရဲတပ်ဖွဲ့ အင်အား အများဆုံးသုံးရတဲ့ မြောက် လန်ဒန်ဒါဘီ

၆) The North London Derby ( အာဆင်နယ် - စပါး )

လန်ဒန်မြောက်ပိုင်းက အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ရဲ့ မြောက်လန်ဒန်ဒါဘီပွဲဟာ အင်္ဂလန် ပရီးမီးယားလိဂ် ဒါဘီတွေထဲ အပြင်းထန် ဆုံး ဒါဘီပွဲတစ်ပွဲဖြစ်ပါတယ်။ ဗြိတိန် မီဒီယာတွေမှာ ဖော်ပြချက်အရ နှစ်ဖက် အသင်း ပရိသတ်တွေဟာ တစ်ရာသီလုံး ဘယ်လိုရလဒ်တွေဖြစ်ဖြစ် သူတို့ နှစ် သင်း ထိပ်တိုက် ဆုံတွေ့ပွဲမှာ အနိုင်ရဖို့ကိုသာ အဓိက ဖြစ်တယ်လို့ ဖော်ပြ ထားကြပါတယ်။ လန်ဒန်တောင်ပိုင်းကနေ မြောက်ပိုင်းကို ရွှေ့လာတဲ့ အာဆင်နယ်ကြောင် ဒီနှစ်သင်းကြား တင်းမာမှုတွေရှိလာခဲ့ရင်းက ၂၀ဝ၀ခုနှစ် မှာ စပါးအသင်းခေါင်းဆောင် ဆိုးလ်ကမ်းဘဲ အာဆင်နယ် ပြောင်းပြီး နောက်ပိုင်း မြောက်လန်ဒန်ဒါဘီက ပရိသတ်တွေအကြား မုန်းတီးမှုက ပိုပြီး ပြင်းထန်စေပါတယ်။ မြောက်လန်ဒန် ဒါဘီပွဲတွေမှာဆိုရင် အဝေးကွင်း သွားကြည့်ရတဲ့ ပရိသတ်တွေဟာ သူတို့ အသင်းရဲ့ ဂျာဇီကို ဝတ်ရင် အသက်အန္တရယ် စိုးရိမ်ရတဲ့အထိရှိသလို ကွင်းအတွင်း ဝင်ရောက်ဖို့လည်း ရဲတပ်ဖွဲ့၊ လုံခြုံရေးအများကြီးကာရံပြီး ဝင်ရတဲ့ အထိ ပြင်းထန်ကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပွဲပျက်အများဆုံး ဖြစ်တဲ့ ဖီနာဘာချီနဲ့ ဂါလာတာစာရေးပွဲ

၇)အစ္စတန်ဘူလ် ဒါဘီ ( ဖီနာဘာချီ - ဂါလာတာစာရေး)

တူရကီလိဂ်က ထိပ်သီးနှစ်သင်းရဲ့ ဒါဘီပွဲကတော့ အမြဲလိုလို ရွေးဆိုင်းနေရတဲ့ပွဲပါ။ အစ္စတန်ဘူလ်အခြေစိုက် နှစ်သင်းရဲ့ ထိပ်တိုက် ဆုံတွေ့ပွဲတိုင်း နှစ်ဖက် ပရိသတ်တွေရဲ့ ကွင်းထဲအထိ ဝင်ရောက် တိုက်ခိုက်မှုတွေကြောင့် မကြာခဏဆိုသလို ပွဲပျက်ရလေ့ရှိတဲ့ ပွဲဖြစ်ပါတယ်။ ၁၉၀၉ခုနှစ်မှာ စတင်ခဲ့တဲ့ ဒီနှစ်သင်းရဲ့ ဒါဘီပွဲကတော့ ဥရောပရဲ့ အကြမ်းဆုံး ဒါဘီပွဲလို့တောင် တင်းစားခံရတဲ့ ပွဲဖြစ်ပြီး ၂၀၁၄ခုနှစ် ကောက်ယူခဲ့တဲ့ မှတ်တမ်းအရ ကမ္ဘာ့ အကောင်းဆုံး ဒါဘီပွဲ ၁၀ပွဲ တွေထဲမှာ ဒုတိယနေရာ မှာ ရပ်တည်ခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပြိုင်ဆိုင်မှု ပြင်းထန်လာတဲ့ မန်ချက်စတာ ဒါဘီ

အခြား နာမည်ကြီး ဒါဘီနဲ့ ထိပ်တိုက်ပွဲများ

မန်ချက်စတာ ဒါဘီ ( မန်ယူ - မန်စီးတီး)

မာဆေးလ်ဆိုဒ် ဒါဘီ ( လီဗာပူးလ် - အဲဗာတန် )

ရောမ ဒါဘီ ( ရိုးမား - လာဇီယို )

Ruhr ဒါဘီ ( ဒေါ့မန် - ရှော်လ်ကာ)

ဆားဘီးယား ဒါဘီ ( ပါတီဇန် ဘဲဂရိတ် - ရက်စတား ဘဲဂရိတ်)

မက်ဒရစ် ဒါဘီ ( ရီးယဲယ် - အက်သလက်တီကို )

Paulista ဒါဘီ ( ကိုရီသီယန် - ပါးမီးယက်စ်)

Der Klassiker ဒါဘီ ( ဘိုင်နယ်မြူးနစ် - ဒေါ့မန်)

Derby d'Italia ( ဂျူဗင်တပ်စ် - အင်တာမီလန်)

ဘူခါရက် ဒါဘီ ( စတူအာ ဘူခါရက် - ဒီနမို ဘူခါရက်)

ဆက်စပ် အကြောင်းအရာများ