ဗီယက်နမ်၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်တို့ ဆီမီးတက်ပြီး အုပ်စုကနေ ၁၀ကြိမ်မြောက် လှည့်ပြန်ခဲ့ရတဲ့ မြန်မာ

ဓာတ်ပုံ မူပိုင် MFF
Image caption အုပ်စုကနေ ၁၀ကြိမ်အထိ လှည့်ပြန်ခဲ့ရတဲ့ မြန်မာအသင်း

အာဆီယံ ချန်ပီယံရှစ် ဆူဇူကီးဖလားပြိုင်ပွဲရဲ့ အုပ်စုပွဲတွေအပြီးမှာတော့ အုပ်စု A မှာ ဗီယက်နမ်နဲ့ မလေးရှား၊ အုပ်စု B မှာ လက်ရှိချန်ပီယံ ထိုင်းနဲ့ ဖိလစ်ပိုင်တို့ တက်ရောက် လာခဲ့ပါတယ်။ မနေ့က ကစားခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲတွေမှာ ထိုင်းက စင်္ကာပူကို ၃ဂိုးပြတ်နဲ့ လွယ်လွယ်ကူကူ နိုင်ခဲ့လို့ ၃ပွဲနိုင်၊ ၁ပွဲသရေ ၁၀မှတ်ရပြီး အုပ်စု ပထမ ရခဲ့ပါတယ်။ ဖိလစ်ပိုင်ကတော့ နောက်ဆုံးပွဲမှာ အင်ဒိုနီးရှားကို သရေ ကစားနိုင်ခဲ့လို့ ၂ပွဲနိုင်၊ ၂ပွဲသရေ ၈မှတ်ရခဲ့ပြီး ထိုင်းနဲ့အတူ ဆီမီးဆက်နိုင်ခဲ့တာပါ။

မြန်မာ့ ဘောလုံးချစ်ပရိသတ်တွေ မျှော်လင့်ထားသလိုမျိုး မဖြစ်လာခဲ့တဲ့ မြန်မာအသင်းကတော့ မလေးရှားကို စိတ်ပျက်စရာ ခြေစွမ်းနဲ့ ရှုံးပြီး အုပ်စုကနေ ထွက်ခဲ့ရပါတယ်။ အဲ့ဒီအုပ်စုမှာ ဗီယက်နမ်က ပထမ၊ မလေးရှားက ဒုတိယရပြီး ဆီမီးတက်ခဲ့ပါတယ်။

ဆီမီးဖိုင်နယ်ပွဲတွေကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ ကစားရမှာဖြစ်ပြီး ဒီဇင်ဘာ ၁၊ ၂ရက်နေ့တွေမှာ စတင်ကစားမှာပါ။ အုပ်စု ဒုတိယရကြတဲ့ မလေးရှားနဲ့ ဖိလစ်ပိုင်တို့က အိမ်ကွင်းတွေမှာ စတင်ကစားရမှာ ဖြစ်ပြီး အုပ်စု ပထမရကြတဲ့ ထိုင်းနဲ့ ဗီယက်နမ်တို့က အားသာချက်အဖြစ် ဒုတိယအကျော့ပွဲတွေကို အိမ်ကွင်းမှာ ကစားခွင့်ရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFF
Image caption ကိုယ်ရတဲ့ ဂိုးသွင်းခွင့်တွေကို အကောင်းဆုံး အဆုံးမသတ်နိုင်ခဲ့ဘူးလို့ အန်တိုနီဟေးက ဆို

သောကြာနေ့က စိတ်ပျက်စရာ ခြေစွမ်းနဲ့ ရှုံးနိမ့်ခဲ့ မြန်မာအသင်းကတော့ အာဆီယံ ချန်ပီယံရှစ် ဆူဇူကီးဖလား ပြိုင်ပွဲတစ်လျောက် ၁၂ကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ဆီမီးအဆင့်ကို ၂ကြိမ်သာ တက်ရောက်ခဲ့ဖူးပါတယ်။ မလေးရှားကို ရှုံးခဲ့တဲ့ ပွဲအပြီး မြန်မာ့ လက်ရွေးစင်နည်းပြချုပ် အန်တိုနီဟေးကတော့ အခုလို ဆိုပါတယ်။

" ပွဲအစပိုင်းမှာ ကျွန်တော်တို့အသင်း ကစားပုံ သိပ်မဆိုးပါဘူး။ ပထမပိုင်း ၁၀ မိနစ်၊ ၁၅ မိနစ်အတွင်း သူတို့ပရိသတ်တွေရှေ့မှာ ဂိုးမပေးရအောင် ကြိုးစားခဲ့ပြီး တန်ပြန်တိုက်စစ်နဲ့ ကျွန်တော်တို့ ဂိုးရဖို့ ချဉ်းကပ်ခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီး နောက်မှာလည်း ကျွန်တော်တို့ အခွင့်ရေးကောင်း ပြန်ရခဲ့ပါသေးတယ်။ ကွင်းလယ်လူ ထက်ဖြိုးဝေရဲ့ ပေးပို့မှုကနေ အောင်သူ ဂိုးသွင်းခွင့်ရခဲ့ပေမယ့် အကောင်းဆုံး အဆုံးမသတ်နိုင်ခဲ့ဘူး။ ဒုတိယဂိုးဖြစ်တဲ့ ပင်နယ်တီဂိုးကတော့ ဒီပွဲအတွက် အဆုံးအဖြတ်ဂိုးလိုဖြစ်သွားခဲ့တာပါ။ ဒီဂိုးကြောင့်ပဲ ကျွန်တော်တို့ ဒုတိယပိုင်းမှာ ဂိုးတွေပြန်ရဖို့ အစွမ်းကုန် ကြိုးစားခဲ့ရတာပါ။ တစ်ဂိုးလောက်ဖြစ်ဖြစ် ပြန်ရတာနဲ့ ကျွန်တော်တို့ ပြန်လာနိုင်မှာပါ။အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ရရှိခဲ့တဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ကြသလို ကစားသမားတွေမှာလည်း ပိုပြီးပင်ပန်းခဲ့ရပါတယ်။ ၁၂ ရက်အတွင်းကစားခဲ့ရတဲ့ အခြေအနေတွေက ကျွန်တော်တို့အတွက် ခက်ခဲပါတယ်။ မလေးရှားအသင်း အတွက်တော့ ဂုဏ်ယူပါတယ်လို့ ပြောချင်ပါတယ်လို့ " ဆိုခဲ့ပါတယ်။

ဆိုတော့ မြန်မာ့ လက်ရွေးစင် နည်းပြရဲ့ လူထုတ်ပုံနဲ့ ကစားသမား ရွေးချယ်မှုအပိုင်း တွေအပေါ် ဘောလုံးချစ် ပရိသတ်တွေကတော့ အားမလို အားမရ ဖြစ်ခဲ့ကြပါတယ်။ နည်းပြ အန်တိုနီဟေးရဲ့ နည်းဗျူဟာပိုင်း ချဉ်းကပ်ပုံ၊ ကစားသမား ရွေးချယ်မှုပိုင်းမှာ ဘာတွေ လိုအပ်ခဲ့ပါသလဲ…….။

အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲနဲ့ မြန်မာ

၁၉၉၆ - အုပ်စုအဆင့်

၁၉၉၈ - အုပ်စုအဆင့်

၂၀ဝ၀ - အုပ်စုအဆင့်

၂၀ဝ၂ - အုပ်စုအဆင့်

၂၀ဝ၄ - စတုတ္ထ

၂၀ဝ၇ - အုပ်စုအဆင့်

၂၀ဝ၈ - အုပ်စုအဆင့်

၂၀၁၀ - အုပ်စုအဆင့်

၂၀၁၂ - အုပ်စုအဆင့်

၂၀၁၄ - အုပ်စုအဆင့်

၂၀၁၆ - ဆီမီးဖိုင်နယ်

၂၀၁၈ - အုပ်စုအဆင့်

ဓာတ်ပုံ မူပိုင် AFP
Image caption ဘောလုံးကန်ဖို့ ကွင်းကို စျေးကြီးပေးငှားရ၊ ဈေးနည်းတဲ့ ကွင်းကို ငှားရ ၊ ဈေးနည်းတဲ့ကွင်းကျတော့လည်း မြေက မညီ ဖြစ်နေတဲ့ မြန်မာ နိုင်ငံ

မြန်မာ့ ဘောလုံးချစ် ပရိသတ် တစ်ဦးကတော့ ဘောလုံး တစ်ခါကန်ဖို့ ပေးဆပ်မှုတွေ အများကြီးဖြစ်လို့ အနာဂတ် မျိုးဆက်သစ်တွေ ထွက်ပေါ်ဖို့အရေး အခက်တွေ့နေတာလို့ သူ့ရဲ့ အမြင်ကို အခုလို ပြောထားပါတယ်။

" ကျွန်တော်တို့ ဘောလုံးတစ်ခါ ကန်ဖို့ ဟိုကွင်းကို ဈေးကြီးပေးငှားရ၊ ဈေးနည်းတဲ့ ကွင်းကို ငှားရ ၊ ဈေးနည်းတဲ့ကွင်းကျတော့လည်း မြေက မညီ၊

လူငယ်တွေ ဘောလုံးကန်ချင်ရင်တောင် ဘယ်နားမှာ ကန်လို့ ကန်ရမှန်း မသိ ၊ ဘောလုံး တစ်ခါကန်ရဖို့အရေး ပေးဆပ်ရတာတွေကများတယ်။

အဲ့လို နိုင်ငံက Suzuki Cup မှာ အုပ်စုက လှည့်ပြန်ရတာကို ဟိုလူ့ကြောင့် ဒီလူ့ကြောင့် အပြစ်ဖို့ နေကြသေးတယ်။ စနစ်ကြီးကိုက လွဲနေတာပါ။

လီယို မက်ဆီ တောင် အာဂျင်တီးနားမှာ လူဖြစ်လို့ ဘောလုံးကန်ခွင့်ရပြီး ဘာစီလိုနာကို ရောက်ခဲ့လို့သာ၊ သူသာ ဒီနိုင်ငံမှာသာ လူဖြစ်ခဲ့ရင်တော့ ရွှေဘောလုံးဆုကို အနံ့တောင် ရှူဖူးမှာ မဟုတ်ဘူး။

ဘောလုံး ကစားချင်နေတဲ့ လူငယ်တွေ အများကြီး ရှိတဲ့နိုင်ငံမှာဘောလုံး စွမ်းအားအရင်းအမြစ် ရှားပါးနေတာ ဘာကြောင့်လဲ၊ အဓိကကတော့ ………

လူငယ်တွေ ဘောလုံး မကစားကြရလို့ပါ

ကလေးတွေ ဘောလုံး မကစားကြရလို့ပါ

ဘောလုံးကစားဖို့ အခွင့်အရေးတွေ နည်းပါးနေလို့ပါ

ဘောလုံးကစားဖို့ ပေးဆပ်မှုတွေ တအားကြီးနေလို့ပါလို့" ဆိုခဲ့ပါတယ်။

မြန်မာ့ ဘောလုံးချစ် ပရိသတ်တစ်ဦးက မြန်မာအသင်း ကျရှုံးခဲ့ရခြင်းအပေါ် သူ့ရဲ့ အမြင်ကို ပြောခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် MFF
Image caption မြန်မာ့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ကတော့ တစ်နိုင်ငံလုံးကို တောင်းပန်ပါတယ်လို့ ဆိုခဲ့

ဆိုတော့ အာဆီယံမှာ နောက်ထပ် တစ်ကြိမ် ကျရှုံးခဲ့ပြန်တဲ့ မြန်မာအသင်းနဲ့ ပတ်သက်ပြီး ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ကတော့ တစ်နိုင်ငံလုံးကို တောင်းပန်ပါတယ်လို့ ဆိုခဲ့ပါတယ်။ နောက်ပြီး လက်ရွေးစင်အသင်းကိုလည်း ပြန်လည် ပြင်ဆင်မှုတွေ၊ သုံးသပ်မှုတွေလုပ်မယ်လို့ ဆိုပါတယ်။

မြန်မာအသင်းက ကျရှုံးနေချိန်မှာ တစ်ချိန်က ဂိုးပြတ် အနိုင်ရလေ့ရှိတဲ့ ဒေသတွင်းက ပြိုင်ဖက် ဖိလစ်ပိုင်ကတော့ ဆီမီးဖိုင်နယ် တက်နိုင်ခဲ့ပါတယ်။ ဒါဟာ ဖိလစ်ပိုင်အတွက် ဆီမီးဖိုင်နယ်ကို ၄ကြိမ်မြောက် တက်ခဲ့တာဖြစ်ပြီး နောက်ဆုံး ၅ကြိမ်မှာ ၄ကြိမ်အထိ တက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်ကတော့ ဆီမီးဖိုင်နယ်မှာ ဗီယက်နမ်ကို အနိုင်ယူပြီး ချန်ပီယံ ဆုကို စိန်ခေါ်နိုင်ဖို့ အသင့်ဖြစ် နေပြီလို့ ဆိုပါတယ်။

မြန်မာအသင်းကတော့ ဆူဇူကီးဖလား ပြိုင်ပွဲ ၁၂ကြိမ်မှာ ၁၀ကြိမ်တိတိ အုပ်စုကနေ လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။ ဆိုတော့ အနာဂတ်မှာ မြန်မာ့ ဘောလုံး တိုးတက်ဖို့ ဘာတွေလုပ်ဆောင်သင့်သလဲ။ ဘာတွေ မဖြစ်မနေ လုပ်ရမလဲ။ ဘာတွေ ပြောင်းလဲ ရမလဲ။

ဓာတ်ပုံ မူပိုင် AFF
Image caption နောက်ဆုံး ၅ကြိမ်မှာ ၄ကြိမ်အထိ ဆီမီးတက်တဲ့ ဖိလစ်ပိုင် အသင်း

အာဆီယံ ချန်ပီယံရှစ် အောင်မြင်မှု

၁) ထိုင်း - ၅ကြိမ်

၂) စင်္ကာပူ - ၄ကြိမ်

၃) မလေးရှား - ၁ကြိမ်

၄) ဗီယက်နမ် - ၁ကြိမ်

၅) အင်ဒိုနီးရှား - ( ဒုတိယ ၅ကြိမ်)

၆) ဖိလစ်ပိုင် - ( ဆီမီး ၄ကြိမ်)

၇) မြန်မာ - ( ဆီမီး ၂ကြိမ်)

ဆက်စပ် အကြောင်းအရာများ