WBC ဟဲဗီးဝိတ်တန်း စိန်ခေါ်ပွဲမှာ ဒီအွန်တေ ဝါလ်ဒါနဲ့ တိုင်ဆန်ဖျူရီ သရေကျ

ဓာတ်ပုံ မူပိုင် AFP
Image caption မျှတတဲ့ သရေ ရလဒ်ဖြစ်ပေမယ့် တိုင်ဆန်ဖျူရီ အနိုင်ရသင့်တယ်လို့ မီဒီယာတွေဆို

မနေ့ညက ထိုးသတ်ခဲ့တဲ့ ဟဲဗီးဝိတ်တန်းလက်ဝှေ့ပွဲမှာ စိန်ခေါ်သူ ဗြိတိန်နိုင်ငံသား တိုင်ဆန်ဖျူရီနဲ့ လက်ရှိ WBC ဟဲဗီးဝိတ်ချန်ပီယံ ဒီအွန်တေ ဝါလ်ဒါတို့ သရေနဲ့ ပြီးဆုံးခဲ့ပါတယ်။ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မှာ ထိုးသတ်ခဲ့တဲ့ ဒီပွဲမှာ စိန်ခေါ်သူ တိုင်ဆန် ဖျူရီက ပွဲစတည်းကနေ အမှားနည်းပြီး ထိချက်တွေကနေ အမှတ်ယူပြီး အသာစီးနဲ့ ထိုးသတ်နိုင်ခဲ့ပါတယ်။ ၁၂ချီ ထိုးသတ်ခဲ့တဲ့ ဒီပွဲမှာ တိုင်ဆန် ဖျူရီဟာ ၈ချီလောက် အသာရခဲ့တာပါ။ ဒါပေမယ့် တစ်ဖက်က ချန်ပီယံ ဒီအွန်တေ ဝါလ်ဒါကလည်း သူ့ရဲ့ ခံနိုင်မှု၊ ပါဝါ တွဲလုံးတွေနဲ့ ပွဲသိမ်းထိုးဖို့ လုပ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ၉ချီမှာနဲ့ ၁၂ချီမှာ ဒီအွန်တေ ဝါလ်ဒါရဲ့ ထိုးချက်ကြောင့် တိုင်ဆန်ဖျူရီ ၂ကြိမ်တိုင်တိုင် လဲကျခဲ့

၉ချီမှာနဲ့ ၁၂ချီမှာ ဒီအွန်တေ ဝါလ်ဒါရဲ့ ထိုးချက်ကြောင့် တိုင်ဆန်ဖျူရီ ၂ကြိမ်တိုင်တိုင် လဲကျခဲ့ပြီး ပြန်ထနိုင်ခဲ့ပေမယ့် အမှတ်တွေပေးခဲ့ရလို့ ဒီပွဲ အနိုင်မရဘဲ ဖြစ်ခဲ့တာပါ။ ဗြိတိန်ရဲ့ နာမည်ကျော် လက်ဝှေ့ချန်ပီယံဟောင်း ရီကီဟတ်တန်ကို နည်းပြအဖြစ် ခန့်ပြီးတဲ့ နောက်ပိုင်း တိုင်ဆန်ဖျူရီဟာ အရင်ကထက် ပိုကောင်းလာခဲ့ပြီး အရှောင်အတိမ်းပိုင်းမှာရော ခံနိုင်ရည်ပိုင်းမှာပါ သိသိသာသာ တိုးတက်လာခဲ့ ပါတယ်။ ကာလရှည်ကြာ ပွဲပယ် ပြစ်ဒဏ်ကနေ ပြန်လာပြီး ဒုတိမြောက် ထိုးသတ်ခဲ့တဲ့ ဒီပွဲမှာ တိုင်ဆန် ဖျူရီ အနိုင်ရသင့်ပေမယ့် ဒိုင်လူကြီး ၃ဦးစလုံးက အမှတ်ပေးခဲ့ရာမှာတော့ သရေနဲ့ အဆုံးသတ်ခဲ့ရတာပါ။

ဒိုင်လူကြီးတစ်ဦးစီက ဒီအွန်တေ ဝါလ်ဒါကို ၁၁၅-၁၁၁မှတ်၊ တိုင်ဆန်ဖျူရီကို ၁၁၄-၁၁၂နဲ့ အနိုင်ပေးခဲ့ပြီး အခြား ဒိုင်လူကြီး တစ်ဦးက ၁၁၃မှတ်စီနဲ့ သရေပေးခဲ့ပါတယ်။ ရှုံးပွဲမရှိသေးတဲ့ နာမည်ကျော် လက်ဝှေ့ သမား နှစ်ဦးစလုံး အတွက် သရေပွဲက မျှတတဲ့ ရလဒ်ဖြစ်ပေမယ့် တိုင်ဆန်ဖျူရီ အနိုင်ရသင့်တယ်လို့ ဗြိတိန်ရဲ့ နာမည်ကျော် ဟဲဗီးဝိတ် ချန်ပီယံဟောင်းတွေ ဖြစ်ကြတဲ့ လင့်နော့ လူးဝစ်နဲ့ ဖရန့် ဘရူနိုတို့ကတော့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption WBC ချန်ပီယံ ဒီအွန်တေ ဝါလ်ဒါက အမေရိကန် ဒေါ်လာ ၁၄သန်းရခဲ့ပြီး စိန်ခေါ်ယူ တိုင်ဆန်ဖျူရီက ၁၀သန်း ရ

အကြိတ်အနယ်နဲ့ ပရိသတ် အကြိုက်ဖြစ်ခဲ့တဲ့ WBC ဟဲဗီးဝိတ်တန်း စိန်ခေါ်ပွဲမှာ ချန်ပီယံ ခါးပတ် ပြန်ရခဲ့တဲ့ ဒီအွန်တေ ဝါလ်ဒါက အမေရိကန် ဒေါ်လာ ၁၄သန်းရခဲ့ပြီး စိန်ခေါ်ယူ တိုင်ဆန်ဖျူရီက ၁၀သန်း ရခဲ့ပါတယ်။ သူတို့ နှစ်ဦးရဲ့ မကျေပွဲကို ၂၀၁၉ ခုနှစ်ထဲမှာ ပြန်လည် လုပ်ဖို့ ရှိတယ်လို့ လက်ဝှေ့ ပွဲသွင်းသူတွေကတော့ ဆိုပါတယ်။ အင်္ဂလန်လား အမေရိကန်မှာပဲလား ဆိုတာတော့ ပြောမသွားခဲ့ပါဘူး။ တစ်ကျော့ပြန် ဟဲဗီးဝိတ် ချန်ပီယံဖြစ်လုနီးပါ ဖြစ်ခဲ့တဲ့ တိုင်ဆန်ဖျူရီကတော့ ဗြိတိန်က ဟဲဗီးဝိတ်ချန်ပီယံ အန်တိုနီ ဂျော့ရှိဝါကို စိန်ခေါ်သွားခဲ့လို့ သူတို့ နှစ်ဦးရဲ့ ပွဲလည်း ဖြစ်လာနိုင်တယ်လို့ မီဒီယာတွေက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၉ ထဲမှာ မကျေပွဲ ပြန်ထိုးဖို့ရှိတဲ့ ဒီအွန်တေ နဲ့ တိုင်ဆန်

WBC ချန်ပီယံ ဒီအွန်တေ ဝါလ်ဒါ မှတ်တမ်း

အသက် - ၃၃နှစ်

အရပ် - ၆ပေ ၇လက်မ

လက်ဝှေ့ပွဲ - ၄၁ပွဲ

နိုင်ပွဲ - ၄၀ပွဲ

အလဲထိုး - ၃၉ပွဲ

သရေပွဲ - ၁ပွဲ

ရှုံးပွဲ - မရှိ

တိုင်ဆန်ဖျူရီ မှတ်တမ်း

အသက် - ၃၀နှစ်

အရပ် - ၆ပေ ၉လက်မ

လက်ဝှေ့ပွဲ - ၂၈ပွဲ

နိုင်ပွဲ - ၂၇ပွဲ

အလဲထိုး - ၁၉ပွဲ

သရေပွဲ - ၁ပွဲ

ရှုံးပွဲ - မရှိ

ဆက်စပ် အကြောင်းအရာများ