နယ်သာလန်နဲ့ ဂျာမနီအတူကျခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲတွေ ထွက်ပေါ်

ဓာတ်ပုံ မူပိုင် AFP
Image caption ယူရို ၂၀၁၆ ချန်ပီယံ ပေါ်တူဂီ

ဥရောပဖလား ပြိုင်ပွဲရဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲတွေကို ဒီကနေ့ညနေပိုင်းမှာ အိုင်ယာလန် နိုင်ငံ ဒပ်ဘလင်မြို့မှာ ကျင်းပခဲ့ပါတယ်။ ဥရောပ ဘောလုံးအဖွဲ့ချုပ် လက်အောက်မှာ ရှိတဲ့ နိုင်ငံပေါင်း ၅၅နိုင်ငံက အသင်းတွေ ပါဝင်ပြီး အုပ်စု ၁၀အုပ်စု ခွဲခဲ့ပါတယ်။ UEFA Nations League ဆီမီးဖိုင်နယ်ရောက်တဲ့ ၄သင်းအပါအဝင် အသင်းကြီးတွေဖြစ်တဲ့ ဘယ်ဂျီယံ၊ ပြင်သစ်၊ စပိန်၊ အီတလီ၊ ခရိုအးရှားနဲ့ ပိုလန်တို့ ၁၀ သင်းကို ဦးစာပေး စာရင်းထဲမှာ ထည့်သွင်းခဲ့ပါတယ်။ ယူရိုနဲ့ ကမ္ဘာ့ချန်ပီယံ ဟောင်း ဂျာမနီကတော့ ဒုတိယ ဦးစားပေး ၁၀သင်း စာရင်းမှာသာ ထည့်သွင်းခံခဲ့ရ ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ယူရို ၂၀၂၄ပြိုင်ပွဲကို အိမ်ရှင်အဖြစ် အရွေးခံထားရတဲ့ ဂျာမနီ

အုပ်စုပွဲစဉ်တွေ မဲခွဲအပြီးမှာ လက်ရှိ ယူရိုချန်ပီယံ ပေါ်တူဂီက အုပ်စု B မှာ ပါဝင်ပြီး ယူကရိန်း၊ ဆားဘီးယား၊ လစ်သူယေးနီးယား၊ လပ်ဇင်ဘတ်တို့နဲ့ အတူကျခဲ့ ပါတယ်။ ကမ္ဘာ့ချန်ပီယံ ပြင်သစ်ကတော့ အုပ်စု Hမှာ အိုက်စလန်၊ တူရကီ၊ အယ်လ်ဘေးနီးယား၊ မော်လ်ဒိုဗာ၊ အန်ဒိုရာတို့နဲ့ အတူကျခဲ့လို့ နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေး များနေပါတယ်။ နာမည်ကြီး အင်္ဂလန်က အုပ်စု A မှာ ချက်၊ ဘူဂေးရီးယား၊ မွန်တီနီဂရိုး၊ ကိုဆိုဗိုတို့နဲ့ ကျခဲ့လို့ အုပ်စု ပထမရဖို့ အခြေ အနေကောင်းခဲ့ပြီး ဂျာမနီက Nations League မှာ ရှုံးခဲ့တဲ့ နယ်သာလန်နဲ့ အတူကျခဲ့ပါတယ်။ ဂျာမနီဟာ အုပ်စု C မှာ မြောက်အိုင်ယာလန်၊ နယ်သာလန်၊ အက်စ်တိုးနီးယား၊ ဘီလာရုစ်တို့နဲ့ ကစားရမှာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption ၁၉၆၄၊ ၂၀ဝ၈နဲ့ ၂၀၁၂ ချန်ပီယံဟောင်း စပိန်ဟာ ဂျာမနီနဲ့ အတူ ၃ကြိမ် ချန်ပီယံ ဖြစ်ထား

၁၉၆၄၊ ၂၀ဝ၈နဲ့ ၂၀၁၂ ချန်ပီယံဟောင်း စပိန်ကတော့ ဆွီဒင်၊ နော်ဝေ၊ ရိုမေးနီးယား တို့လို အသင်းတွေ ပါတဲ့ အုပ်စု F မှာ ပါဝင်ပြီး အီတလီက ဘော့စနီးယား၊ ဖင်လန်၊ ဂရိတို့နဲ့ ကျခဲ့ပါတယ်။ ကမ္ဘာ့ဖလား တတိယရခဲ့တဲ့ ဘယ်ဂျီယံက ရုရှား၊ စကော့တလန်တို့နဲ့ အတူကျခဲ့ပြီး ခရိုအေးရှားက အုပ်စု E မှာ ဝေးလ်စ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ Nations League ဆီမီးဖိုင်နယ်ရောက် ဆွစ်ဇာလန်က ဒိန်းမတ်၊ အိုင်ယာလန်တို့ ပါဝင်တဲ့ အုပ်စု D မှာ ပါဝင်ပါတယ်။

ယူရို ၂၀၂၀ ခြေစစ်ပွဲတွေကို လာမယ့်နှစ် မတ်လ ၂၁ကနေ နိုဝင်ဘာ ၁၉ရက် နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။ ၅သင်းနဲ့ ၆သင်းစီပါတဲ့ အုပ်စု ၁၀ခုကနေ ထိပ်ဆုံး ၂သင်းစီ တိုက်ရိုက် ခြေစစ်ပွဲ အောင်မှာဖြစ်ပါတယ်။ လက်ကျန် ၄နေရာကိုတော့ UEFA Nations League Play-Offs ကနေ ရွေးချယ်မှာ ဖြစ်ပါတယ်။ ယူရို ၂၀၂၀ ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်းပေါင်း ၂၄သင်းနဲ့ ကျင်းပမှာ ဖြစ်ပြီး နိုင်ငံပေါင်း ၁၂နိုင်ငံမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဆီမီးနဲ့ ဖိုင်နယ်ပွဲတွေကိုတော့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့က ဝင်ဘလေကွင်းကြီးမှာ ကျင်းမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၀၄တုန်းက အားလုံး မထင်မှတ်အောင် လုပ်ပြပြီး ချန်ပီယံ ဖြစ်ခဲ့တဲ့ ဂရိ

ယူရို ၂၀၂၀ ခြေစစ်ပွဲများ

အုပ်စု A - အင်္ဂလန်၊ ချက်၊ ဘူဂေးရီးယား၊ မွန်တီနီဂရိုး၊ ကိုဆိုဗို

အုပ်စု B - ပေါ်တူဂီ ( လက်ရှိ ချန်ပီယံ)၊ ယူကရိန်း၊ ဆားဘီးယား၊ လစ်သူယေးနီးယား၊ လပ်ဇက်ဘတ်

အုပ်စု C - နယ်သာလန်၊ ဂျာမနီ၊ မြောက်အိုင်ယာလန်၊ အက်စ်တိုးနီးယား၊ ဘီလာရုစ်

အုပ်စု D - ဆွစ်ဇာလန်၊ ဒိန်းမတ်၊ အိုင်ယာလန်၊ ဂျော်ဂျီယာ၊ ဂျီဘရော့တာ

အုပ်စု E - ခရိုအေးရှား၊ ဝေးလ်စ်၊ ဆလိုဗက်ကီးယား၊ ဟန်ဂေရီ၊ အဇာဘိုင်ဂျန်

အုပ်စု F - စပိန်၊ ဆွီဒင်၊ နော်ဝေ၊ ရိုမေးနီးယား၊ ဖာရိုးစ်ကျွန်းစုများ၊ မော်လ်တာ

အုပ်စု G - ပိုလန်၊ သြစတြီးယား၊ အစ္စရေး၊ ဆလိုဗေးနီးယား၊ မက်စီဒိုးနီးယား၊ လတ်ဗီးယား

အုပ်စု H - ပြင်သစ်၊ အိုက်စလန်၊ တူရကီ၊ အယ်လ်ဘေးနီးယား၊ မော်လ်ဒိုဗာ၊ အန်ဒိုရာ

အုပ်စု I - ဘယ်ဂျီယံ၊ ရုရှား၊ စကော့တလန်၊ ဆိုက်ပရပ်စ်၊ ကာဇတ်စတန်၊ ဆန်မာရီနို

အုပ်စု J - အီတလီ၊ ဘော့စနီးယား၊ ဖင်လန်၊ ဂရိ၊ အာမေးနီးယား၊ လစ်ချက်စတိန်း

( ခြေစစ်ပွဲတွေကို အိမ်ကွင်း၊ အဝေး နှစ်ကျော့စီ ကစားမှာ ဖြစ်ပြီး လာမယ့်နှစ် မတ် ၂၁ရက်နေ့ကနေ နိုဝင်ဘာ ၁၉ရက်နေ့အထိ ကျင်းမှာ ဖြစ်ပါတယ်။ )

ဓာတ်ပုံ မူပိုင် AFP
Image caption ဆမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲတွေ ကျင်းပခွင့်ရထားတဲ့ ၀င်ဘလေကွင်း

ယူရို ချန်ပီယံ အောင်မြင်မှုများ

၁) ဂျာမနီ - ၃ကြိမ် ( ၁၉၇၂၊ ၁၉၈၀၊ ၁၉၉၆)

၂) စပိန် - ၃ကြိမ် ( ၁၉၆၄၊ ၂၀ဝ၈၊ ၂၀၁၂)

၃) ပြင်သစ် - ၂ကြိမ် ( ၁၉၈၄၊ ၂၀ဝ၀)

၄) ဆိုဗီယက်ယူနီယံ - ၁ကြိမ် ( ၁၉၆၀)

၅) အီတလီ - ၁ကြိမ် ( ၁၉၆၈)

၆) ပေါ်တူဂီ - ၁ကြိမ် ( ၂၀၁၆)

၇) ချက် - ၁ကြိမ် ( ၁၉၇၆)

၈) နယ်သာလန် - ၁ကြိမ် ( ၁၉၈၈)

၉) ဒိန်းမတ် - ၁ကြိမ် ( ၁၉၉၂)

၁၀) ဂရိ - ၁ကြိမ် ( ၂၀ဝ၄)

ဆက်စပ် အကြောင်းအရာများ