မော်ရင်ညိုနဲ့ မန်ယူ အတွက် အမြင့်ဆုံး မျှော်လင့်ချက်က ဘာလဲ

ဓာတ်ပုံ မူပိုင် AFP
Image caption တတိယ ရာသီတိုင်းမှာ အသင်းတွေနဲ့ လမ်းခွဲရလေ့ရှိတဲ့ မော်ရင်ညို

ကလပ်အသင်းတွေ များစွာမှာ အောင်မြင်မှု သရဖူပေါင်း များစွာ ရခဲ့တဲ့ ပေါ်တူဂီ လူမျိုးနည်းပြ ဂျိုဇေ မော်ရင်ညိုကတော့ မန်ချက်စတာယူနိုက်တက်မှာ အဆိုးရွားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဆာအဲလက်စ် ဖာဂူဆန်နောက်ပိုင်း မန်ချက်စတာယူနိုက်တက် နည်းပြတွေထဲမှာ အမှတ်ပေး ချန်ပီယံဆု ပြန်ရအောင် စွမ်းဆောင်နိုင်စွမ်းရှိတယ်လို့ ယူနိုက်တက် ပရိသတ်တွေက မျှော်လင့်နေကြပေမယ့် လက်ရှိမှာတော့ ဂျိုဇေ မော်ရင်ညိုရဲ့ အသင်းက ကွင်းတွင်း၊ ကွင်းပြ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာပါ။ ကွင်းတွင်းပိုင်းက ရလဒ်ပိုင်း ဆိုးရွားနေပြီး ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ပြီးချိန်မှာ ထိပ်က မြို့ခံပြိုင်ဖက် မန်စီးတီးနဲ့ ၁၆မှတ်အထိ ကွာဟနေသလို ဂိုးကွာခြားချက်မှာလည်း အနှုတ် ဖက်ကိုရောက်နေပါတယ်။ ခံစစ်ပိုင်း နည်းဗျူဟာ ကြွယ်ဝလွန်းတဲ့ မော်ရင်ညိုတစ်ယောက် ဒီနှစ်မှာတော့ အသင်းရဲ့ ခံစစ်ကို အကောင်းဆုံး တည်ဆောင်နိုင်ခြင်းမရှိလို့ ပရိသတ်တွေရဲ့ မေးခွန်ထုတ်မှုတွေကို ခံနေရပါတယ်။

အထူးသဖြင့် တိုက်စစ်ပိုင်းက ဂိုးရဖို့ ရုန်းကန်နေမှု၊ ကွင်းလယ်ပိုင်းအားနည်းမှုနဲ့ ခံစစ်ပိုင်း အမှားတွေက မော်ရင်ညိုရဲ့ အသင်းကို ရာသီ ၁၄ပွဲအပြီးမှာ ၄ပွဲအထိ ရှုံးခဲ့စေတာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption မော်ရင်ညိုနဲ့ ပြဿနာခဲ့တဲ့ ပေါ့ပ်ဘာ

အဝတ်လဲခန်း ပြသနာ

မော်ရင်ညိုဟာဟာ သူကိုင်တွယ်ခဲ့တဲ့ အသင်းတွေမှာ အသင်းရဲ့ အဓိက ကစားသမားတွေ တစ်ဦးဦးနဲ့ အမြဲ ပြဿနာဖြစ်လေ့ရှိသလို အဝတ်လဲခန်း ပြသနာတွေကလည်း အသင်းရဲ့ ရလဒ်ပိုင်းကို အမြဲကျဆင်းစေခဲ့တာ အားလုံး အသိပါတယ်။ ဂျူဗင်တပ်စ်မှာ ခြေစွမ်းပြနေတဲ့ ပေါ့ပ်ဘာကို ပေါင် ၈၉သန်းနဲ့ ပြန်ခေါ်ခဲ့ပေမယ့် ဒီရာသီမှာတော့ သူနဲ့ အဆင်မပြေဖြစ်လို့ လက်ထောက် အသင်းခေါင်းဆောင်ရာထူးကနေ ပယ်ဖျက်ခဲ့သလို သူ့ရဲ့ နေရာကိုလည်း အာမ မခံဘူးလို့ ပြောပါတယ်။ ဒါ့အပြင် ယူနိုက်တက် နောက်တန်းမှာ အကောင်းဆုံး ဖြစ်ခဲ့တဲ့ အဲရစ် ဘာယီလို ခံစစ်မှူးမျိုးကို မသုံးတော့ဘဲ အပြောင်းအလဲတွေများစွာ လုပ်ခဲ့သလို သူကိုယ်တိုင် ခေါ်ယူထားတဲ့ ကစားသမားတွေ အပေါ်လည်း ယုံကြည်မှု မရှိဘဲ ဖြစ်နေတာပါ။ မော်ရင်ညိုလက်ထက်မှာ ကစားသမားတွေရဲ့ ခြေစွမ်းဟာ အဆိုးဆုံး ဖြစ်လာတာကို အလက်ဆစ် ဆန်းချက်ဇ်၊ လူကာကူ၊ မာတစ်တို့ကို ကြည့်ရင် သိနိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption နောက်ဆုံး ၅နှစ် အတွင်း ယူနိုက်တက်ရဲ့ အကောင်းဆုံး ဘောလုံးသမား ဒါးဗစ် ဒဟေးရား

အဓိက ကစားသမားတွေ ဆုံးရှုံးဖွယ်ရှိ

ယူနိုက်တက်အသင်း နောက်ထပ် ရင်ဆိုင်နေရတဲ့ ပြဿနာက အသင်းရဲ့ အဓိက ကစားသမားတွေကို တစ်ပြိုင်နက် ဆုံးရှုံးရဖွယ်ရှိနေတာပါ။ မော်ရင်ညို အသုံးပြုနေတဲ့ အသင်းကနေ မာရှယ်လ်၊ မာတာ၊ ဟာရဲရား၊ ဗလန်စီယာ၊ အက်ရှ်လေယန်း၊ ဒါမီယံ၊ စမောလင်း၊ ဂျုံးစ်တို့အပြင် အဓိက ဂိုးသမား ဒါးဗစ် ဒဟေးရားလို ကစားသမားပါ ရာသီအကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးရမယ့် အရေးပါ။ အသင်းဖက်ကတော့ ကစားသမားတွေကို သက်တမ်းတိုးဖို့ ကြိုးစားနေပေမယ့် မာရှယ်လ်နဲ့ ဒဟေးရားတို့က တစ်ပတ် ၅သိန်း ရနေတဲ့ ဆန်းချက်ဇ်ရဲ့ တစ်ပတ်လုပ်ခ လစာမျိုးအလိုရှိနေကြပါတယ်။ စာချုပ်သစ်အတွက် အဆင်မပြေဖြစ်နေချိန်မှာ PSG အသင်းကတော့ ဒဟေးရားကို တစ်ပတ် ပေါင် ၃သိန်းနဲ့ ၄နှစ် စာချုပ်ချုပ်ပြီး ခေါ်ဖို့ သဘောတူညီထားတယ်လို့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ယူနိုက်တက် ပရိသတ်တွေကတော့ သူတို့ရဲ့ အဓိက ကစားသမားတွေကို ဆုံးရှုံးမှာကို စိုးရိမ်နေကြပေမယ့် အသင်းဖက်ကတော့ အကောင်းဆုံး ဖြစ်အောင် စာချုပ်သက်တမ်းတိုးနိုင်ခြင်း မရှိသေးတဲ့ အပေါ် စိတ်ပျက်နေကြပါတယ်။

စကားမျိုးစုံပြောတဲ့ မော်ရင်ညို

မော်ရင်ညိုဟာ ဆောက်သမ်တန်ကို သရေကျခဲ့တဲ့ပွဲအပြီးမှာ သူ့ရဲ့ ကွင်းလယ်မှာ ရေကုန်ရေခန်း ကစားပေးမယ့် ကစားသမားမျိုး မရှိဘူးလို့ ညည်းတွားခဲ့သလို ခံစစ်ပိုင်းကလည်း ကစားသမား အသစ်တွေ လိုအပ်နေတယ်လို့ ဆိုခဲ့ပါတယ်။ မော်ရင်ညိုဟာ ရာသီမစတင်မီ လက်စတာက ဟယ်ရီမဂွယ် အပါအဝင် ခံစစ်မှူး ၄ယောက်လောက်ကို ခေါ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှု မရခဲ့လို့ အသင်းရဲ့ တာဝန်ရှိသူတွေကို ဝေဖန်ခဲ့ပါတယ်။ ဒီနှစ်ရာသီ တစ်လျောက်လုံး နည်းပြတစ်ယောက် ပြောဆိုသင့်တာထက် စကားလုံးတွေများစွာနဲ့ ကိုယ့်အသင်း ကစားသမားတွေကို ဝေဖန်ခဲ့၊ အသင်းရဲ့ ကစားသမားဟောင်းတွေကိုလည်း ဝေဖန်မှုတွေ လုပ်ခဲ့လို့ မီဒီယာတွေရဲ့ အဓိက ပစ်မှတ်ထားခြင်းကို ခံနေရသူ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ပြီးချိန်မှာ ထိပ်က မြို့ခံပြိုင်ဖက် မန်စီးတီးနဲ့ ၁၆မှတ်အထိ ကွာနေတဲ့ ယူနိုက်တက်

ဆက်ရှိမလား လမ်းခွဲမလား

မော်ရင်ညိုဟာ ပြီးခဲ့တဲ့ ရာသီကမှ ယူနိုက်တက်နဲ့ စာချုပ်သစ် ချုပ်ဆိုထားသူဖြစ်လို့ သူ့ကို အသင်းက ထုတ်ပယ်ခဲ့ပါက လျော်ကြေးငွေများစွာ ပေးရဖွယ်ရှိနေပါတယ်။ အသင်းပရိသတ်တွေကတော့ မော်ရင်ညိုရဲ့ နည်းစနစ်နဲ့ သူရဲ့ အပေါ် ယုံကြည်မှု မရှိတော့ဘူးလို့ ဆိုခဲ့လို့ မော်ရင်ညိုတစ်ယောက် ယူနိုက်တက်မှာ ဆက်ရှိမလား မရှိလား မသေချာဘဲ ဖြစ်နေပါတယ်။ အဆိုးဆုံးက အသင်းရဲ့ အဓိက ဂိုးသမား ဖြစ်သူ ဒါးဗစ် ဒဟေးရားကိုယ်တိုင် မော်ရင်ညိုရဲ့ အနာဂတ်ကိုကြည့်ပြီး စာချုပ် သက်တမ်း တိုးမတိုးကို စောင့်နေတယ်လို့ မီဒီယာတွေမှာ ဖော်ပြနေပါတယ်။ ဆိုတော့ တတိယ ရာသီတိုင်းမှာ ကလပ်အသင်းတွေနဲ့ လမ်းခွဲရလေ့ရှိတဲ့ မော်ရင်ညိုတစ်ယောက် အသင်းမှာ ဆက်ရှိမလား၊ မရှိဘူးလား မရေရာဘဲ ဖြစ်နေပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အသင်းလက်မဲ့ ဖြစ်နေတဲ့ ချန်ပီယံလိဂ် ၃ကြိမ်ရထားတဲ့ ဇီဒန်း

မော်ရင်ညိုနေရာ ဘယ်သူ ဝင်နိုင်မလဲ

လက်ရှိ ဘောလုံးလောကမှာ အသင်းမဲ့နေတဲ့ နည်းပြ အများကြီး မရှိဘဲ ရီးယဲယ်နည်းပြဟောင်း ဇီဒန်းသာလျင် အသင့်တော်ဆုံးလို့ မီဒီယာတွေက ဖော်ပြနေပါတယ်။ ယူနိုက်တက် ပရိသတ်တွေကိုယ်တိုင်ကလည်း ဇီဒန်းကို သူတို့ရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ပေးဖို့နဲ့ အရင်လို တိုက်စစ်အသားပေးတဲ့ အသင်းလိုမျိုး ဖြစ်အောင် လုပ်ပေးနိုင်စွမ်း ရှိတယ်လို့ ယုံကြည့်နေကြပါတယ်။ အသင်းပရိသတ်တွေ၊ အသင်း ကစားသမားတွေ ကိုယ်တိုင်က မော်ရင်ညိုအပေါ် ယုံကြည်မှုမရှိတော့တဲ့ အနေအထားအရ အသင်းက ဘယ်လို ဆုံးဖြတ်မလဲ စိတ်ဝင် စားဖွယ် ရှိနေပါတယ်။

ရာသီအစောပိုင်းတုန်းက ပြောခဲ့သလိုမျိုး ဒီဇင်ဘာလရောက်ရင် သူ့အသင်းက အဆင့် ၄နေရာအတွင်းမှာ ရှိနေမယ်လို့ ပြောခဲ့ပေမယ့် အခုအချိန်မှာတော့ အဆင့် ၈နေရာမှာသာ ရပ်တည်နေပါတယ်။ ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ ယူနိုက်တက်နဲ့ မော်ရင်ညိုအနေနဲ့ ဒီရာသီမှာ အမြင့်ဆုံး မျှော်လင့်ချက်က ပြည်တွင်း ဖလားပွဲတွေမှာသာ အောင်မြင်မှု ရဖို့ လုပ်သင့်တယ်လို့ မီဒီယာတွေက ဆိုပါတယ်။

ရာသီအကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်မဝင်၊ အောင်မြင်မှု ကြီးကြီးမားမား မရခဲ့ရင် မော်ရင်ညိုနဲ့ ယူနိုက်တက်တို့ရဲ့ အနာဂတ်၊ တစ်ချိန်က အောင်မြင်မှု ကြီးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ အခြေအနေက အဆိုးရွားဆုံး အနေအထားကို ရောက်သွားနိုင်တယ်လို့ ကစားသမားဟောင်း ဖာဒီနန်ကတော့ သတိပေးခဲ့ပါတယ်။

ဆိုတော့ ဖာဒီနန်ပြောခဲ့သလို မော်ရင်ညိုကို နေရာ အပြောင်းအလဲ လုပ်သင့်ပြီလား၊ အရင်လို အသင်းမျိုး ပြန်ရဖို့ ဘာတွေလုပ်ဆောင် သင့်သလဲ။

ဆက်စပ် အကြောင်းအရာများ