ရော်နယ်လ်ဒို၊ မက်ဆီတို့ကို ကျော်ပြီး ရွှေဘောလုံးဆုကို ဘယ်သူရမလဲ

ဓာတ်ပုံ မူပိုင် AFP
Image caption ဘောလုံးသမားတွေ အလိုချင်ဆုံးဆု ဖြစ်တဲ့ Ballon d'or

အကောင်းဆုံး ဘောလုံးသမားဆုတွေထဲမှာ အစဉ်လာကြီးမားတဲ့ Ballon d'or ဆုကို ဒီကနေ့မှာ ဘယ်သူရမလဲ သိကြတော့မှာပါ။ ၂၀ဝ၇ခုနှစ် အေစီမီလန်နဲ့ ဘရာဇီး ကွင်းလယ်လူ ကာကာရပြီးနောက်ပိုင်း ၁၀စုနှစ် တစ်ခုမှာ ကမ္ဘာ့ ဘောလုံးလောကရဲ့ စူပါစတားတွေ ဖြစ်ကြတဲ့ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့သာ ရခဲ့ကြတာပါ။ မက်ဆီဟာ ၂၀ဝ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၅ခုနှစ်တွေမှာ ရခဲ့ပြီး ရော်နယ်လ်ဒို က ၂၀ဝ၈၊ ၁၃၊ ၁၄၊ ၁၆၊ ၁၇ခုနှစ်တွေမှာ ရခဲ့တာ ဖြစ်ပါတယ်။ တစ်ရာသီ သွင်းဂိုး ၅၀ထက်ကို ပုံမှန် သွင်းနေပြီး အမြင့်ဆုံး ခြေစွမ်းကို နှစ်တိုင်း ထိန်းထားနိုင်တဲ့ သူတို့ ဟာ အကောင်းဆုံး ဘောလုံးသမားတွေဆိုတာ အားလုံးက လက်ခံထားကြတာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၈ခုနှစ်အတွက် အကောင်းဆုံးတွေရထားပြီး Ballon d'or ဆုရဖို့ ရေပန်းစားနေတဲ့ မိုဒရစ်

အဓိက တာဆီးမယ့်သူ

၅ကြိမ်စီ ရထားကြတဲ့ သူတို့ နှစ်ဦးဟာ ဘယ်သူ အများဆုံး ရမလဲ အပြိုင်ဖြစ် နေချိန်မှာ သူတို့ရဲ့အောင်မြင်မှုတွေကို ခဏတာ တားဆီးမယ့်သူ ရှိလို့ နေပါပြီ။ ရော်နယ်လ်ဒိုရဲ့ကလပ်အသင်းဖော်ဟောင်းဖြစ်တဲ့ လူကာမိုဒရစ်ဟာ စူပါစတား နှစ်ဦးရဲ့ အောင်မြင်မှုတွေကို ရပ်တန့်ဖို့ အကောင်းဆုံး အောင်မြင်မှု၊ ခြေစွမ်းပြမှု တွေနဲ့ ဒီနှစ် ရွှေဘောလုံးဆိုကို ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ဆိုတော့ မိုဒရစ်ရဲ့ အကြောင်းကိုလေ့လာကြည့်တော့…….

၂၀၁၈ ခုနှစ်ဟာ လူကာမိုဒရစ် ဘောလုံးသမား သက်တမ်းတစ်လျောက် အအောင်မြင်ဆုံးနဲ့ အကောင်းဆုံး နှစ်လို့ ပြောရမှာပါ။ ရီးယဲယ်မက်ဒရစ်နဲ့အတူ ၃နှစ်ဆက် ချန်ပီယံလိဂ် ရခဲ့ရမှာ ခြေစွမ်းပြခဲ့သလို ခရိုအေးရှားလို နိုင်ငံငယ်လေး ကို ကမ္ဘာ့ဖလား ဖိုင်နယ်ရောက်အောင် ဦးဆောင် နိုင်ခဲ့တာကတော့ အံ့မခန်းပါ။ ကွင်းလယ်မှာ ရာကီတစ်နဲ့ အတွဲညီညီ ကစားနိုင်ခဲ့တဲ့ မိုဒရစ်ဟာ ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆု၊ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အကောင်းဆုံးဆုအပြင် အစဉ်လာကြီးမားပြီး ဘောလုံးသမားတိုင်း မက်မောတဲ့ ရွှေဘောလုံးဆုကိုပါ ရဖို့ အနီးစပ်ဆုံး ဖြစ်နေပါတယ်။ သူ့ရဲ့ ပင်ကိုယ်စတိုင်၊ ကွင်းလယ်တစ်လျောက် မောင်းနှင်နိုင်မှု၊ သွေးအေးအေးနဲ့ ဂိုးဖန်တီးပေးမှုတွေကြောင့် လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ်ဖန်တီးရှင်အဖြစ် ရှိနေတာပါ။ ဆိုတော့ မိုဒရစ်ရဲ့ အဲ့ဒီ အစွမ်းတွေက စူပါစတား မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ကို ကျော်ပြီး ၁၀နှစ်ကျော်အတွင်း ပထမဆုံး အကြိမ် ရမယ့် သူဖြစ်နေပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption Ballon d'or ဆုကို ၅ကြိမ်စီ ရထားကြတဲ့ စူပါစတား ရော်နယ်လ်ဒိုနဲ့ မက်ဆီ

ဘယ်သူတွေ ထိပ်ဆုံး ၃ဦးထဲဝင်မလဲ

Ballon d'or လို့ခေါ်တဲ့ ရွှေဘောလုံးဆုကို ဆုပေးပွဲ အခမ်းအနားမတိုင်မီ အမှတ်အများဆုံးရတဲ့ နောက်ဆုံး ဆန်ကာတင် ၃ဦးကို ကြေညာလေ့ရှိပါတယ်။ လတ်တလော သတင်းတွေအရ ရီးယဲယ်မက်ဒရစ်ရဲ့ ကွင်းလယ်လူ လူကာမိုဒရစ်၊ ဂျူဗင်တပ်စ်က ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ အက်သလက်တီကိုမက်ဒရစ်ရဲ့ တိုက်စစ်မှူး အမ်တွန် ဂရီးဇ်မန်းတို့ ၃ဦး ရွေးချယ်ခံထားရတယ်လို့ ဆိုပါတယ်။ ၅ကြိမ် ရထားတဲ့ မက်ဆီကတော့ အဆင့် ၄နေရာပဲ ရခဲ့လို့ နောက်ဆုံး ၃ဦးစာရင်းကနေ ၂၀ဝ၆ နောက်ပိုင်း ပထမဆုံးအကြိမ် မပါဝင်တာပါ။ စပိန် နာမည်ကြီး မာကာ သတင်းစာရဲ့ အဆိုအရ ရီးယဲယ် ဥက္ကဌ ပီရက်ဇ် အပါအဝင် အသင်းသား တွေအားလုံးက မိုဒရစ်ရဲ့ အောင်ပွဲအတွက် ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။ ဘွန်ကီဒိုင်တွေ၊ မီဒီယာတွေနဲ့ ထွက်ပေါ်ထားတဲ့ သတင်းတွေအရ မိုဒရစ်က ၂၀၁၈ ခုနှစ်ရဲ့ ရွှေဘောလုံးဆုကို ရခဲ့ပြီး ရော်နယ်လ်ဒိုက ဒုတိယ၊ ဂရီဇ်မန်းက တတိယရခဲ့ပါတယ်။

ဘယ်တော့ ဆုပေးမလဲ

ရွှေဘောလုံးဆုကို ဒီကနေ့ည ဒေသစံတော်ချိန် ၈နာရီ၊ မြန်မာစံတော်ချိန် မနက် ၂နာရီခွဲမှာ ပေးအပ်မှာ ဖြစ်ပါတယ်။ အဲ့ဒီဆုပေးပွဲမှာ ရွှေဘောလုံးဆုအပြင် အမျိုး သမီး ရွှေဘောလုံးကိုလည်း ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ မီဒီယာတွေ ခန့်မှန်းသလိုမျိုးလား၊ မထင်မှတ်တာတွေ ဖြစ်သွားမလား စောင့်ကြည့်ရမှာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption ဘရာဇီး ရော်နယ်လ်ဒိုကလည်း Ballon d'orဆုကို ၂ကြိမ်ရထားပါတယ်။

Ballon d'or အများဆုံး ရသူများ

၁) မက်ဆီ ( အာဂျင်တီးနား) - ၅ကြိမ် ( ၂၀ဝ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၅)

၂) ရော်နယ်လ်ဒို ( ပေါ်တူဂီ) - ၅ကြိမ် ( ၂၀ဝ၈၊ ၁၃၊ ၁၄၊ ၁၆၊ ၁၇)

၃) ပလာတီနီ ( ပြင်သစ်) - ၃ကြိမ် ( ၁၉၈၃၊ ၈၄၊ ၈၅)

၄) ယိုဟန် ခရိုက်ဖ် ( နယ်သာလန် ) - ၃ကြိမ် ( ၁၉၇၁၊ ၇၃၊ ၇၄)

၅) ဗန်ဘတ်စတန် ( နယ်သာလန် ) - ၃ကြိမ် ( ၁၉၈၈၊၈၉၊ ၉၂)

၆) ဘာကင်ဘောင်ဝါ ( ဂျာမနီ ) - ၂ကြိမ် ( ၁၉၇၂၊ ၇၆)

၇) ရော်နယ်လဒို ( ဘရာဇီး) - ၂ကြိမ် ( ၁၉၉၇၊ ၂၀ဝ၂)

၈) ဒီစတက်ဖာနို ( စပိန်၊ အာဂျင်တီးနား) - ၂ကြိမ် ( ၁၉၅၇၊ ၅၉)

၉) ကီဗင်ကီးဂန်း ( အင်္ဂလန်) - ၂ကြိမ် ( ၁၉၇၈၊ ၇၉)

၁၀) ရူမီနီဂီ ( ဂျာမနီ) - ၂ကြိမ် ( ၁၉၈၀၊ ၈၁)

ဓာတ်ပုံ မူပိုင် AFP
Image caption Ballon d'or ဆုကို ရော်နယ်ဒို၊ မက်ဆီ မတိုင်မီ နောက်ဆုံးရခဲ့တဲ့ ကာကာဟာ ၂၀၀၇ခုနှစ်မှာ ရခဲ့တာပါ။

နောက်ဆုံး ၁၀နှစ် ထိပ်ဆုံး ၃ယောက်

၂၀ဝ၈ - ရော်နယ်လ်ဒို (ပ)၊ မက်ဆီ (ဒု)၊ တောရက်စ် ( တ)

၂၀ဝ၉ - မက်ဆီ (ပ)၊ ရော်နယ်လ်ဒို (ဒု)၊ ဇာဗီ ( တ)

၂၀၁၀ - မက်ဆီ (ပ)၊ အင်နီယေစတာ (ဒု)၊ ဇာဗီ ( တ)

၂၀၁၂ - မက်ဆီ ( ပ)၊ ရော်နယ်လ်ဒို (ဒု)၊ ဇာဗီ ( တ)

၂၀၁၃ - ရော်နယ်လ်ဒို ( ပ)၊ မက်ဆီ ( ဒု)၊ ရီဘာရီ ( တ)

၂၀၁၄ - ရော်နယ်လ်ဒို (ပ)၊ မက်ဆီ (ဒု)၊ နော်ယာ ( တ)

၂၀၁၅ - မက်ဆီ (ပ)၊ ရော်နယ်လ်ဒို (ဒု)၊ နေမာ ( တ)

၂၀၁၆ - ရော်နယ်လ်ဒို (ပ)၊ မက်ဆီ (ဒု)၊ ဂရီဇ်မန်း ( တ)

၂၀၁၇ - ရော်နယ်လ်ဒို (ပ)၊ မက်ဆီ (ဒု)၊ နေမာ ( တ)

ဆက်စပ် အကြောင်းအရာများ