Club World Cup ပြိုင်ပွဲမှာ ရီးယဲယ်မက်ဒရစ် ၄ကြိမ်မြောက် ဗိုလ်စွဲ

ဓာတ်ပုံ မူပိုင် AFP
Image caption နောက်ဆုံး ၃နှစ်ဆက် ချန်ပီယံ ဖြစ်ခဲ့တဲ့ ရီးယဲယ်မက်ဒရစ်

ကလပ်အသင်းတွေရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယူအေအီးနိုင်ငံမှာ ကျင်းပပြီးစီး သွားခဲ့ရာ ဥရောပ ချန်ပီယံ ရီးယဲယ်မက်ဒရစ် ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ရီးယဲယ်ဟာ ဒီပြိုင်ပွဲကို ဆီမီး ဖိုင်နယ်အဆင့်ကနေ ယှဉ်ပြိုင်ခွင့်ရတာဖြစ်ပြီး အာရှ ချန်ပီယံ ဂျေလိဂ် ကလပ် ကာရှီမာ အန်တလားစ်ကို နိုင်ခဲ့တာပါ။ ၃-၁ဂိုးနဲ့ နိုင်ခဲ့တဲ့ အဲ့ဒီပွဲမှာ ဂါရတ်ဘေးလ် တစ်ဦးတည်း ၃ဂိုး ဟက်ထရစ် သွင်းခဲ့ပါတယ်။ တစ်ဖက် ဆီမီးဖိုင်နယ်မှာတော့ အိမ်ရှင် ယူအေအီး ပရိုလိဂ် ချန်ပီယံ အယ်လ်အိန်းက လစ်ဘာတာဒိုးစ် ချန်ပီယံ ရေးဗားပလိတ်ကို မထင်မှတ်ဘဲ ပင်နယ်တီ အဆုံးအဖြတ်မှာ နိုင်ပြီး ဖိုင်နယ်တက်ခဲ့ပါတယ်။

ဖိုင်နယ်ကို စနေနေ့က အဘူဒါဘီမှာ ကျင်းပခဲ့ရာ ရီးယဲယ်မက်ဒရစ်က လွယ်လွယ်ကူကူပဲ ၄-၁ဂိုးနဲ့ နိုင်ပါတယ်။ ဆန်တီယာဂို ဆိုလာရီရဲ့ ရီးယဲယ်မှာ အဓိက ကစားသမားတွေ လူစုံပါဝင်ခဲ့ပြီး မိုဒရစ်၊ လော်ရန်တေး၊ ရာမို့စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကိုတော့ ပြိုင်ပွဲတလျှောက် ၃ဂိုးနဲ့ ပူးတွဲ ဂိုးအများဆုံး သွင်းခဲ့တဲ့ ဂါရတ်ဘေးလ်က ရရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၈ခုနှစ်အတွင်း အကောင်းဆုံးဆုတွေနဲ့ ဆုဖလားတွေ များစွာရခဲ့တဲ့ လူကာမိုဒရစ်

ရီးယဲယ်မက်ဒရစ်အတွက်တော့ ကမ္ဘာ့ကလပ်ပြိုင်ပွဲမှာ နောက်ဆုံး ၃နှစ်ဆက် ချန်ပီယံ ဖြစ်ခဲ့သလို ဒီပြိုင်ပွဲမှာ ၄ကြိမ်နဲ့ အအောင်မြင်ဆုံး ကလပ်အဖြစ် မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။ စပိန် ကလပ်တွေအတွက်တော့ နောက်ဆုံး ၁၀နှစ်အတွင်းမှာ ရီးယဲယ်နဲ့ ဘာစီလိုနာတို့က ၇ကြိမ်အထိ ချန်ပီယံ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

တတိယ နေရာလုပွဲမှာတော့ ရေးဗားပလိတ်က ကာရှီမာ အန်တလားစ်ကို ခြေစွမ်းပြ ပြီး ၄ဂိုးပြတ်နဲ့ နိုင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ရီးယဲယ်အတွက် ဆုဖလား တစ်လုံး စတင်ရယူပေးလိုက်တဲ့ နည်းပြ ဆိုလာရီ

နောက်ဆုံး ၁၀နှစ်အတွင်း ချန်ပီယံများ

၂၀ဝ၉ - ဘာစီလိုနာ ၂-၁ အက်စ်တူဒီအန်းတက်စ်

၂၀၁၀ - အင်တာမီလန် ၃-ဝ TP မာဇမ်ဘီ

၂၀၁၁ - ဘာစီလိုနာ ၄-ဝ ဆန်းတို့စ်

၂၀၁၂ - ကိုရီသီယန် ၁-ဝ ချယ်လ်ဆီး

၂၀၁၃ - ဘိုင်ယန်မြူးနစ် ၂-ဝ ရာဂျာ ကာဆာဘလန်ကာ

၂၀၁၄ - ရီးယဲယ်မက်ဒရစ် ၂-ဝ လိုရန်ဇို

၂၀၁၅ - ဘာစီလိုနာ ၃-ဝ ရေးဗားပလိတ်

၂၀၁၆ - ရီးယဲယ်မက်ဒရစ် ၄-၂ ကာရှီမာအန်တလားစ်

၂၀၁၇ - ရီးယဲယ်မက်ဒရစ် ၁-ဝ ဂရီမီယို

၂၀၁၈ - ရီးယဲယ်မက်ဒရစ် ၄-၁ အယ်လ်အိန်း

ဓာတ်ပုံ မူပိုင် AFP
Image caption ဂိုးအများဆုံးသွင်းခဲ့ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံးဆုရခဲ့တဲ့ ဂါရတ် ဘေးလ်

အအောင်မြင်ဆုံး ကလပ်များ

၁) ရီးယဲယ်မက်ဒရစ် - ၄ကြိမ် ( ၂၀၁၄၊ ၁၆၊ ၁၇၊ ၁၈)

၂) ဘာစီလိုနာ - ၃ကြိမ် ( ၂၀ဝ၉၊ ၂၀၁၁ ၊ ၂၀၁၅)

၃) ကိုရီသီယန် - ၂ကြိမ် ( ၂၀ဝ၀၊ ၁၂)

၄) ဆော်ပိုလို - ၁ကြိမ် ( ၂၀ဝ၅)

၄) အင်တာနာစီယိုနယ် - ၁ကြိမ် ( ၂၀ဝ၆)

၄) အေစီမီလန် - ၁ကြိမ် ( ၂၀ဝ၇)

၄) မန်ချက်စတာယူနိုက်တက် - ၁ကြိမ် ( ၂၀ဝ၈)

၄) အင်တာမီလန် - ၁ကြိမ် ( ၂၀၁၀)

၄) ဘိုင်ယန်မြူးနစ် - ၁ကြိမ် ( ၂၀၁၃)

ဆက်စပ် အကြောင်းအရာများ