လီဗာပူးလ် အသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်နိုင်ပြီလား

ဓာတ်ပုံ မူပိုင် AFP
Image caption လီဗာပူးလ် တိုက်စစ်ပိုင်းမှာ အရေးပါတဲ့ ဆာလ၊ ဖာမီနို၊ မာနေ

ယာဂမ်ကလော့ပ်ရဲ့ လီဗာပူးလ်ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ အပြီးမှာ ၄၈မှတ် ရနေပြီး ဇယားထိပ်မှာ ဦးဆောင်နေပါတယ်။ ကစားပြီးခဲ့တဲ့ တလျှောက်လုံး ရှုံးပွဲမရှိ ကစားထားနိုင်ပြီး အဓိက ပြိုင်ဖက် မန်စီးတီးကို ၄မှတ်အထိ ဖြတ်ထားတာပါ။ ယာဂမ်ကလော့ပ် တည်ဆောက်နေတဲ့ လီဗာပူးလ်ဟာ ကလပ် သမိုင်းတစ်လျောက် အကောင်းဆုံး ရာသီအဖွင့် ရလဒ်ပိုင်းတွေကို ပိုင်ဆိုင်နေသလို အတောင့်တင်းဆုံး ခံစစ် ပိုင်းကိုလည်း ရရှိနေပါတယ်။ ဆိုတော့ ယာဂမ် ကလော့ပ်ရဲ့ လီဗာပူးလ်အနေနဲ့ ဒီနှစ် ပရီးမီးယားလိဂ်မှာ ချန်ပီယံ ဖြစ်နိုင်ခွင့် ဘယ်လောက်ရှိလဲ လေ့လာကြည့်တော့……

ဓာတ်ပုံ မူပိုင် AFP
Image caption လီဗာပူးလ် ခံစစ်ပိုင်းကို တိုတက်အောင် အဓိက စွမ်းဆောင်ပေးနေတဲ့ အလီဆင်နဲ့ ဗန်ဒိုက်

အဓိက အပြောင်းအလဲ

ဗန်ဒိုက်လို အတွေ့အကြုံများပြီး လက်ရွေးစင် အသင်းခေါင်းဆောင် တစ်ဦးကို ခေါ်ယူနိုင်ခဲ့တဲ့ လီဗာပူးလ်ဟာ သူ့ကစားတဲ့ ပရီးမီးယားလိဂ် ၃၂ပွဲမှာ ၁၇ပွဲအထိ ပေးဂိုး မရှိ ကစားနိုင်သလို ၁၇ဂိုးသာ ခွင့်ပြုခဲ့ရပါတယ်။ အဲဒီ ၃၂ပွဲမှာ လီဗာပူးလ်ဟာ ၃ပွဲသာ ရှုံးခဲ့သ လို ဖရိုဖရဲဖြစ်နေတဲ့ လီဗာပူးလ် ခံစစ်ကို အတောင့်တင်းဆုံး ခံစစ်ဖြစ်အောင် ဦးဆောင် ကစားနိုင်ခဲ့ပါတယ်။ ယာဂမ်ကလာ့ပ်ဟာ ခံစစ်ပိုင်းကို ပြုပြင်ပြီးနောက် ဂိုးအပ်နေတဲ့ ဂိုးသမား နေရာအတွက် ရိုးမားရဲ့ ဘရာဇီးလ်ဂိုးသမား အလီဆင်ကို ပေါင် ၆၇သန်းနဲ့ အားဖြည့်ခဲ့ပါတယ်။ အလီဆင်ဟာ ဒီနှစ်ရာသီမှာ အမှားအချို့ကို ပြုလုပ်ခဲ့ပေမယ့် သူ့ကာကွယ်ခဲ့တဲ့ စွမ်းဆောင်မှုတွေက လီဗာပူးလ် ခံစစ်ပိုင်း တိုးတက်လာခြင်းရဲ့ အဓိက အချက်တွေထဲမှာ ပါဝင်ပါတယ်။ လီဗာပူးလ်ဟာ ဗန်ဒိုက်နဲ့ အလီဆင်ကို ခေါ်ယူခဲ့ပြီးမှ ဒီနှစ်ရာသီ ပရီးမီးယားလိဂ် ၁၈ပွဲ ကစားအပြီးမှာ ၇ဂိုးသာ ပေးထားရတာကို ကြည့်ရင် သိနိုင်ပါတယ်။ ဒါဟာ မော်ရင်ညို ကိုင်တွယ်ခဲ့တဲ့ ၂၀ဝ၄၊ ဝ၅ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ပိုင်းနဲ့ တူညီနေတဲ့ အချက်ဖြစ်လို့ ကလော့ပ်လက်ထက် လီဗာပူးလ်ရဲ့ အသင်းမှာ အတိုးတက်ဆုံး အပိုင်းလို့ ဆိုရမှာ ဖြစ်ပါတယ်။

ကစားပုံပြောင်းလာ

လီဗာပူးလ်ဟာ ပွဲတိုင်းမှာ လျင်လျင်မြန်မြန် တိုက်စစ်ဆင်ကစားတတ်တဲ့ အသင်းဖြစ်လို့ ပရိသတ်တွေ အကြိုက်တွေ့တဲ့ အသင်းဖြစ်ပါတယ်။ ဒီလို အကောင်း ဆုံး ကစားနိုင်ပေမယ့် အောင်မြင်မှု မရသေးတဲ့ အနေအထားတွေကြောင့် ဒီနှစ်မှာတော့ ကလော့ပ်ဟာ ပုံမှန် အသုံးပြုနေတဲ့ ၄-၃-၃ ပုံစံထက် ၄-၂-၃-၁ ပုံစံကို ပြောင်းလဲခဲ့ပါတယ်။ ဒီကစားကွက်ကြောင့် အရင်လို လီဗာပူးလ် တိုက်စစ်မှူး ၃ဦးစလုံး ဂိုးမြူးနိုင်မယ့် အခွင့်အရေး နည်းသွားပေမယ့် အသင်းရဲ့ ရလဒ်ပိုင်းကတော့ သိသိသာသာ ပြောင်းလဲ တိုးတက်လာခဲ့တာ အမှန်ပါ။ ၄-၂-၃-၁ ပုံစံမှာ ဖာမီနိုနဲ့ မာနေဟာ ရှေ့မှာ False No 9 ပုံစံ ကစားတဲ့ ဆာလကို ပိုပြီး ပံ့ပိုးပေးနိုင်သလို ဆာလရဲ့ သွင်းဂိုးတွေက လီဗာပူးလ်ရဲ့ နိုင်ပွဲ တွေမှာ အဓိက ကျခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်ကို လီဗာပူးလ် ပရိသတ်တွေ အကြိုက် မတွေ့ပေမယ့် ကလော့ပ်ကတော့ သူ့အသင်းဟာ ပွဲတိုင်းကို အရင်လို အင်တိုက် အားတိုက် ကစားဖို့ မလွယ်ဘူးလို့ ဆိုခဲ့ပြီး လက်ရှိ ကစားကွက်ကို အသက်သွင်းလာခဲ့တာ ဖြစ်ပါတယ်။ ဒီကစားကွက်မှာ လီဗာပူးလ် ကွင်းလယ်ပိုင်းမှာ ဝိုင်နန်ဒမ်၊ ကေတာ၊ ဖာဘင်ညိုတို့ရဲ့အားကလည်း ပိုပြီး အရေးပါလာပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption လီဗာပူးလ်နဲ့ ဒုတိယ ၃ကြိမ်ရထားပြီး အောင်မြင်ရဖို့ လိုအပ်နေတဲ့ ယာဂမ် ကလော့ပ်

ယာဂမ်ကလော့ပ် ရွေးချယ်ရမယ့် ပြိုင်ပွဲ

ကလပ် သမိုင်းတလျှောက် စံချိန်တင် ရမှတ်တွေ ရနေသလို ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိ သေးတဲ့ လီဗာပူးလ်ဟာ ပြိုင်ပွဲစုံကို ယှဉ်ပြိုင်နိုင်တဲ့ ခြေစွမ်းမျိုးရှိပေမယ့် သူ့အနေနဲ့ ပရီးမီးယားလိဂ်ကို ပိုပြီး အာရုံစိုက်သင့်တယ်လို့ လီဗာပူးလ် နောက်ခံလူဟောင်း ဂျေမီ ကာရေဂါကတော့ ဆိုပါတယ်။ ချန်ပီယံလိဂ် ကစားခဲ့တဲ့ အဝေးကွင်း ခြေစွမ်းပိုင်း၊ နောက် ဘိုင်ယန်မြူးနစ်လို ဥရောပ အင်အားကြီး အသင်းနဲ့ နောက်တစ်ဆင့် ဆုံတွေ့မှာတွေက လီဗာပူးလ်အတွက် အခက်တွေ့နိုင်ပါတယ်။ အက်ဖ်အေကပ်၊ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် ၃ခုစလုံးကို လက်ရှိ လူစာရင်းနဲ့ ပွဲတိုင်း ကစားဖို့ ခက်ခဲတဲ့ အနေအထားပါ။ လီဗာပူးလ်အနေနဲ့ ကလော့ပ် လက်ထက် အောင်မြင်မှု ဆုလားရဖို့ ဖြစ်နိုင်ချေပိုများတဲ့ ပရီးမီးယားလိဂ်ကိုပဲ အာရုံစိုက်မယ်ဆိုရင် ဒီနှစ်ဟာ သူတို့အတွက် အခွင့်အရေး အကောင်းဆုံးလို့ ဆိုရမှာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption ခရစ္စမတ်ကာလမှာ ၂ကြိမ်တိုင် ဦးဆောင်ခွင့် ရခဲ့ပေမယ့် ၂၀ဝ၈-ဝ၉ ရာသီနဲ့ ၂၀၁၃-၁၄ ရာသီ အကုန်မှာ အဆင့် ၂နေရာနဲ့ အဆုံးသတ်ခဲ့တာကို အဆုံးသတ်ရမယ့် လီဗာပူးလ်

ဒီဇင်ဘာမှာ ဦးဆောင်ခွင့်

နောက်ဆုံး ၁၀နှစ်အတွင်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်းတွေ အများစုဟာ ခရစ္စမတ်ကာလမှာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ကြတဲ့ အသင်းတွေပါ။ ခရစ္စမတ် ကာလအတွင်းမှာ ဦးဆောင်ခဲ့ကြတဲ့ ချယ်လ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ မန်စီးတီးနဲ့ လက်စတာစီးတီးတို့ အားလုံး ရာသီအကုန်မှာ ချန်ပီယံဖြစ်ခဲ့ပေမယ့် လီဗာပူးလ် တစ်သင်းပဲ ချန်ပီယံ မဖြစ်ခဲ့တာပါ။ လီဗာပူးလ်ဟာ ခရစ္စမတ်မှာ ၂ကြိမ်တိုင် ဦးဆောင်ခွင့် ရခဲ့ပေမယ့် ၂၀ဝ၈-ဝ၉ ရာသီနဲ့ ၂၀၁၃-၁၄ ရာသီ အကုန်မှာ အဆင့် ၂နေရာနဲ့ အဆုံးသတ် ခဲ့တာ ဖြစ်ပါတယ်။ တတိယ အကြိမ် ခရစ္စမတ် ကာလမှာ ဦးဆောင်ခွင့်ရတဲ့ ယာဂမ် ကလော့ပ်ရဲ့ လီဗာပူးလ်တို့ ဒီတစ်ကြိမ် ကံကောင်းမလား ဆိုတာကို အားလုံးကတော့ စိတ်ဝင် စားနေကြပါတယ်။ လက်ရှိ ခြေစွမ်း၊ လူအင်အားနဲ့ ကစားပုံကြောင့် လီဗာပူးလ်ဟာ ဒီတစ်ကြိမ်မှာ အရင်ကထက် ပိုကောင်းတဲ့ အခွင့်အရေးကို ရနေပြီလို့ ကာရေဂါကတော့ ဆိုထားပါတယ်။

၁၉၈၉-၉၀ ရာသီမှာ နောက်ဆုံး ချန်ပီယံဖြစ်ဖူးတဲ့ လီဗာပူးလ်အတွက် ပရီးမီး ယားလိဂ် ဆုဖလားက အသင်းအတွက် အရေးပါနေပါတယ်။ ယာဂမ်ကလော့ပ် ဒေါ့မန်မှာ အောင်မြင်မှုတွေ ရခဲ့ပေမယ့် နောက်ဆုံး ဖိုင်နယ်တွေမှာ အနိုင်ရအောင် ဘယ်လို စွမ်းဆောင်ရမလဲအပေါ် မေးခွန်းထုတ်ခံနေရသူပါ။ သူ့လက်ထက် လီဗာပူးလ်ရဲ့ ဖလားပြိုင်ပွဲ ၃ခုမှာ ဒုတိယချည်းပဲ ရနေတဲ့ ရလဒ်ဆိုးတွေကို ပြန်လည် ချေဖျက်ရမှာ ဖြစ်သလို ဆာလ၊ မာနေ၊ ဖာမီနို၊ ဗန်ဒိုက်၊ အလီဆင်တို့လို ကစားသမားတွေရဲ့ စွမ်းဆောင် ရည်တွေနဲ့ အမှတ်ပေး ချန်ပီယံ ဆုဖလားကို ရယူနိုင်မလား ဆိုတာကို အားလုံးကတော့ စိတ်ဝင် စားနေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ