နာမည်ကျော် ဘောလုံးသမားတွေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့

ဓာတ်ပုံ မူပိုင် AFP
Image caption ပေါင်သန်း ၁၈၀နီးပါး သုံးထားပြီး ဖြစ်တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့

ဆောင်းရာသီ အပြောင်းအရွှေ့ ကတော့ စတင်နေပြီး လိုအပ်ချက်တွေရှိနေကြတဲ့ အသင်းတွေ အများစုက ကစားသမား သစ်တွေကို ခေါ်ယူဖို့ ပြင်ဆင်နေကြပါတယ်။

ပရီးမီးယားလိဂ် မှာတော့ ချယ်လ်ဆီးက ဆောင်းရာသီ ဈေးကွက် အတွင်း လှုပ်ရှားမှုတွေ စတင်ခဲ့ပြီး ဒေါ့မန်ရဲ့ အမေရိကန် တောင်ပံ ကစားသမား ခရစ္စတီယန် ပူလစ်ဆစ်ကို ပေါင် ၅၈သန်းအထိ ပေးပြီး ခေါ်ခဲ့ပါတယ်။

ချယ်လ်ဆီးရဲ့ ကွင်းလယ် လူ ဖာဘရီဂတ်စ် ကတော့ နော့တင်ဟမ်ဖောက်ရက်စ်နဲ့ အက်ဖ်အေကပ် ပွဲမှာ နောက်ဆုံး ကစားခဲ့ပြီး မိုနာကို အသင်းကို ပြောင်းဖို့ ပြင်ဆင်နေပါပြီ။ ဇယားထိပ်က လီဗာပူးလ်က ဇန်နဝါရီလ အတွင်း ကစားသမားသစ် ခေါ်ယူဖို့ မရှိဘူးလို့ ဆိုထားသလို မန်စီးတီး၊ စပါးတို့ ကလည်း ကစား သမား ဈေးကွက် အတွင်း ဝင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ခံစစ်ပိုင်း လိုအပ်ချက်တွေ ရှိနေတဲ့ အာဆင်နယ် အပါအဝင် ပရီးမီးယားလိဂ်နဲ့ ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ ဇန်နဝါရီ အပြောင်း အရွှေ့တွေကို လေ့လာကြည့်တော့.........

ဓာတ်ပုံ မူပိုင် AFP
Image caption ပေါင် ၅၈သန်းနဲ့ ချယ်လ်ဆီးကို ပြောင်းဖို့ သဘာတူညီခဲ့ပြီး ရာသီကုန်အထိ ဒေါ့မန်မှာ ဆက်ရှိမယ့် ပူလစ်ဆစ်

ချယ်လ်ဆီး

ချယ်လ်ဆီး ကတော့ ဒေါ့မန်ရဲ့ အမေရိကန် တောင်ပံ ကစားသမား ပူလစ်ဆစ် ကို ပေါင် ၅၈သန်းနဲ့ ခေါ်ယူထားပေမယ့် ရာသီကုန် အထိ ဘွန်ဒက်စ်လီဂါ ကလပ် မှာဘဲ အငှား ဆက်ထားဖို့ သဘောတူခဲ့ပါတယ်။

ချယ်လ်ဆီးကွင်း လယ်လူ ဖာဘရီဂတ်စ်ဟာ အာဆင်နယ် အသင်းဖော်ဟောင်း အွန်နရီ ကိုင်တွယ်နေတဲ့ မိုနာကိုကို ၃နှစ် စာချုပ်နဲ့ ပြောင်းဖို့ သဘောတူညီမှု ရထားပြီး ဖြစ်ပါတယ်။ ချယ်လ်ဆီး တောင်ပံကစား သမား ဟတ်ဆန် အဒွိုင်းကို ဘိုင်ယန်မြူးနစ်က စိတ်ဝင် စားနေပြီး ပေါင်သန်း ၃၀အထိ ပေးပြီး ကမ်းလှမ်းထားပါတယ်။

တိုက်စစ်ပိုင်း အားနည်းနေတဲ့ ချယ်လ်ဆီးဟာ ၃၁နှစ် ရှိနေပြီ ဖြစ်တဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး ကဗာနီကို ပေါင်သန်း ၅၀အထိ ပေးပြီး ကမ်းလှမ်းဖို့ ကြိုးပမ်းနေတယ်လို့ ဗြိတိန်ထုတ် Sunday Express က ဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဘာစီလိုနာကနေ အာဆင်နယ်ကို ပြောင်းတော့မယ့် ဒင်းနစ် ဆွာရက်ဇ်

အာဆင်နယ်

အူနိုင်းအမ်မရီရဲ့ အာဆင်နယ် ကတော့ ခံစစ်ပိုင်း အားနည်းမှုအတွက် ဇန်နဝါရီ လအတွင်းမှာ ခံစစ်မှူး တစ်ဦးနဲ့ တောင်ပံ ကစား သမား တစ်ဦးကို ခေါ်မယ်လို့ ဆိုထားပါတယ်။

အာဆင်နယ်ဟာ ဘာစီလိုနာ ကွင်းလယ်လူ ဒင်းနစ် ဆွာရက်ဇ်ကို ပေါင် ၁၄ သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး ဇန်နဝါရီ လမကုန်ခင် အပြီးသတ် ခေါ်ယူနိုင်ဖို့ ကြိုးစား နေတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

အာဆင်နယ်ဟာ ဂျူဗင်တပ်စ်ရဲ့ မော်ရိုကို နောက်ခံလူ ဘင်နာတီယာကို စိတ်ဝင်စားနေသလို ဘင်နာတီယာ ကိုယ်တိုင်ကလည်း ပုံမှန် ကစားခွင့်ရမယ့် အသင်းကို ပြောင်းဖို့ စိတ်ဝင်စားနေပါတယ်။ အာဆင်နယ် ကစားသမားဟောင်း ပေါ်လ်မာဆင်ကတော့ လက်စတာ နောက်ခံလူ ဟယ်ရီ မဂွယ်ရားကို ခေါ်ယူသင့်တယ်လို့ အကြံပြုခဲ့ ပါတယ်။

အာဆင်နယ်ဟာ ရာသီ အကုန်မှာ စာချုပ် သက်တမ်း ကုန်းဆုံးတော့မယ့် အာရွန် ရမ်ဆေးလ်အတွက် ကစားသမား အလိုက် အလိုရှိ နေပါတယ်။ ဂျူဗင်တပ်စ်နဲ့ အကြို သဘောတူညီမှု ရထားပြီလို့ သတင်းထွက်နေတဲ့ ရမ်ဆေးလ် အတွက် ဂျူဗင်တပ်စ် ကွင်းလယ်လူ ခါဒီယာနဲ့ အလဲအလှယ်လုပ်ဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်

ဆိုးလ်ရှားလက်ထက် နိုင်ပွဲဆက်နေတဲ့ မန်ယူ ကလည်း ဇန်နဝါရီမှာ ကစားသမားတွေ ခေါ်ယူဖို့ ဆန္ဒရှိတယ်လို့ ယာယီနည်းပြဖြစ်သူ ကတော့ ဆိုထားပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အားနည်းနေတဲ့ ခံစစ်ပိုင်းအတွက် အက်သလက်တီကို နောက်ခံလူ ဒီယေဂို ဂိုဒင်နဲ့ ရိုးမားက ဂရိ နောက်ခံလူ မာနိုးလက်စ်တို့ကို စောင့်ကြည့် နေပါတယ်။ အက်သလက်တီကိုနည်းပြ ဆီမီယွန်နီကတော့ စာချုပ်သက်တမ်း ကုန်ဆုံး တော့မယ့် ဂိုဒင်ကို သက်တမ်းတိုးနိုင်ဖို့ ကြိုးပမ်းနေပေမယ့် ယူနိုက်တက်က ဂိုဒင်အပြင် ဖိအိုရင်တီးနားက နီကိုလာ မီလန်ကိုဗစ် ကိုလည်း ကြိုးပမ်းလျက် ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် မာတာ၊ ဟာရဲရားနဲ့ အခြားကစားသမား ၄ဦးဟာ ဆောင်းရာသီ အတွင်းမှာ အသင်းပြောင်းဖို့ အခြားကလပ်တွေနဲ့ စတင် ဆွေးနွေးနိုင်ပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption လီဗာပူးလ်ဟာ ဆိုလန်ကီကို ချယ်လ်ဆီးကနေ အလွတ်နဲ့ ခေါ်ပြီး ဘွန်မောင်းကို ပေါင် ၁၉သန်း ပြန်ရောင်းခဲ့

လီဗာပူးလ်

ပရီးမီးယားလိဂ် ဇယားထိပ်က လီဗာပူးလ်ကတော့ အင်္ဂလန် ကစားသမားတွေ ဖြစ်တဲ့ တိုက်စစ်မှူး ဆိုလန်ကီနဲ့ နောက်ခံလူ ကလိုင်း တို့ကို ဘွန်းမောက်ကို ပြောင်းရွှေ့ခွင့် ပြုလိုက်ပါတယ်။

အသက် ၂၁နှစ် အရွယ်ရှိတဲ့ ဆိုလန်ကီဟာ ၂၀၁၇ခုနှစ်ကမှ ချယ်လ်ဆီးကနေ အလွတ်ပြောင်းလာခဲ့သူဖြစ်ပြီး ဘွန်းမောက်ကို ပေါင် ၁၉သန်းနဲ့ ပြန်လည် ရောင်းချခဲ့တာပါ။ လီဗာပူးလ်မှာ ပုံမှန်နေရာ ပျောက်ဆုံး နေတဲ့ နောက်ခံလူ ကလိုင်းကတော့ ဘွန်းမောက်ကို ရာသီကုန်အထိ အငှားသွားကစားတော့မှာ ဖြစ်ပါတယ်။

အခြား လီဗာပူးလ် ကစားသမား တစ်ဦးဖြစ်တဲ့ အိုရီဂီကလည်း ဖူလ်ဟမ်ကို ပေါင် ၁၅သန်းနဲ့ ပြောင်းဖို့ နီးစပ်နေပါတယ်။ လီဗာပူးလ် နည်းပြ ကလော့ပ်ကတော့ ဇန်နဝါရီ ကာလမှာ ကစားသမားသစ် ခေါ်ဖို့ မသေချာဘူးလို့ အက်ဖ်အေကပ် ပွဲမတိုင်မီ ပြောခဲ့ပါတယ်။

မန်စီးတီး

မန်စီးတီးကလည်း စပိန် လူငယ် ကစားသမား ဒီယာ့ဇ်ကို ပေါင် ၂၂ သန်းနဲ့ ရီးယဲယ်ကို ရောင်းချလိုက်ပါတယ်။ ပတ်ဂွါဒီယိုလာက သူ့ကို အသင်းမှာ ဆက်ရှိဖို့ ကြိုးပမ်းခဲ့ပေမယ့် မန်စီးတီးမှာ ပုံမှန် ပွဲထွက်ခွင့်ရဖို့ အခွင့် အရေး မရှိတာကြောင့် ရီးယဲယ်ကို ပြောင်းဖို့ သဘောတူခဲ့တာပါ။

မန်စီးတီးဟာ ဒီယာ့ဇ်ကို ၂၀၁၅ခုနှစ်တုန်း က မာလာဂါကနေ ပေါင် ၂သိန်းထဲနဲ့ ခေါ်ယူခဲ့တာပါ။ ရီးယဲယ်က သူ့အတွက် ပေါင်း ၁၅.၅သန်းသာ အရင် ပေးချရမှာ ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်း၊ ပွဲကစားခွင့်၊ အောင်မြင်မှုတွေပေါ် မူတည်ပြီး နောက်ထပ် ပေါင် ၅သန်း ပေးချေရမှာ ဖြစ်ပါတယ်။

ဒီယာ့ဇ်ကို ဆုံးရှုံးလိုက်ရပေမယ့် နည်းပြ ပတ်ဂွါဒီယိုလာကတော့ ကစားသမား သစ်ခေါ်ယူမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ်တွေထဲ ဟတ်ဒါဖီးလ်တောင်းကတော့ ပဲလေ့စ် ကွင်းလယ်လူ ဂျေဆင် ပန်ချွန်ကို အငှားနဲ့ ခေါ်ယူခဲ့သလို စပါးက ဂျေဒန် ဘရောင်းကိုလည်း အလွတ်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

ဘွန်းမောက်ရဲ့ တိုက်စစ်မှူး ဒီဖိုးက ဂျရတ် ကိုင်တွယ်နေတဲ့ ရိန်းစ်ဂျားကို ၁၈လ အငှားနဲ့ ပြောင်းသွားပြီ ဖြစ်ပါတယ်။ ဝက်စ်ဟမ်း ကလည်း အသင်းလက်မဲ့ ဖြစ်နေတဲ့ အာဆင်နယ်နဲ့ မန်စီးတီး တောင်ပံ ကစားသမားဟောင်း နာဆရီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရာသီကုန်အထိ ခေါ်လိုက်ပါတယ်။

စပါးကတော့ ဆမ်ဒိုးရီးယားနောက်ခံလူ တစ်ဦးကို ခေါ်မယ်လို့ သတင်းတွေ ထွက်နေပေမယ့် နည်းပြ ပိုချက်တီနိုက ဆောင်းရာသီ အပြောင်းအရွှေ့အတွင်း ကစားသမား သစ်ခေါ်ယူမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။ ဝုလ်ဖ်ကလည်း စတုတ်စီးတီးမှာ အငှား သွားကစား နေတဲ့ အဖိုဘီကို ပေါင် ၁၂သန်းနဲ့ ရောင်းချခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပီအက်စ်ဂျီကနေ ဘာစီလိုနာကို အလွတ်နဲ့ ပြောင်းတော့မယ့် ရာဘီယို့စ်

ဘာစီလိုနာ

လာလီဂါ ချန်ပီယံ ဘာစီလိုနာက ပီအက်စ်ဂျီက ပြင်သစ် ကွင်းလယ်လူ ရာဘီယို့စ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရာသီကုန်မှာ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီလို့ ကြေငြာခဲ့ပါတယ်။

ဘာစီလိုနာက မယ်လ်ကွန်၊ ဒင်းနစ် ဆွာရက်ဇ်တို့ကတော့ ဆောင်းရာသီမှာ အသင်းက ထွက်ခွာဖို့ ကြိုးပမ်းနေကြပါတယ်။ ဘာစီလိုနာ ဟာ အဲဗာတန်မှာ အငှားနဲ့ သွားကစားနေတဲ့ အန်ဒရေ ဂိုးမက်ဇ်ကို ပေါင် ၂၂သန်းနဲ့ ရာသီကုန်မှာ ရောင်းချဖွယ် ရှိနေပါတယ်။

ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာ နည်းပြ ဗယ်လ်ဗားဒေးတစ်ယောက် ရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲဖွယ်ရှိတယ်လို့ ကတ်တလန် မီဒီယာတွေက ဖော်ပြနေသလို ဗယ်လ်ဗားဒေး ကိုယ်တိုင်ကလည်း သူ့ရဲ့ အနာဂတ်ကို ရာသီကုန်မှာ ဆုံးဖြတ်မယ်လို့ ဆိုထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မန်စီးတီးရဲ့ စပိန် လူငယ်ကစားသမား ဒီယာ့ဇ်ကို ခေါ်ယူနိုင်ခဲ့တဲ့ ရီးယဲယ်

ရီးယဲယ်မက်ဒရစ်

ရီးယဲယ်အသင်းဟာ မန်စီးတီးက ဒီယာ့ဇ်ကို ခေါ်ယူထားပြီ ဖြစ်သလို ရေးဗားပလိတ်အသင်းရဲ့ အာဂျင်တီးနား ကွင်းလယ်လူ ပလားစီးယို့စ်ကို ခေါ်ယူဖို့ နှစ်ဖက်အသင်း ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ ရီးယဲယ်ဟာ နာပိုလီ နောက်ခံလူ ကူလီဘာလေကို ဘာစီလိုနာနဲ့အပြိုင် ယူရို သန်း ၁၀ဝကျော်အထိ ပေးဖို့ စီစဉ်နေပြီး ပေါ်တိုက ပေါင် ၄၂ သန်း သတ်မှတ်ထားတဲ့ ဘရာဇီးလ်နောက်ခံလူ မီတီတာယိုကို ကမ်းလှမ်းဖွယ်ရှိနေကြောင်း သိရပါတယ်။

ရီးယဲယ်ဟာ နွေရာသီမှာ ချယ်လ်ဆီးရဲ့ အက်ဒင် ဟာဇက်ကို စံချိန်တင်ကြေးနဲ့ ခေါ်ယူဖို့ အသင်းဥက္ကဌ ပီရက်ဇ်က စီစဉ်ထားကြောင်း မာကာ သတင်းစာက ဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ရာသီကုန်မှာ ဂျူဗင်တပ်စ်ကို ပြောင်းတော့မယ့် အာရွန် ရမ်ဆေးလ်

ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်ဟာ အာဆင်နယ် ကွင်းလယ်လူ အာရွန် ရမ်ဆေးလ်ကို ရာသီကုန်မှာ ခေါ်ယူဖို့ အကြို သဘောတူညီမှု ရထားပြီ ဖြစ်ပါ တယ်။

သတင်းတွေအရ ရမ်ဆေးလ်ဟာ ဂျူဗင်တပ်စ်မှာ တစ်နှစ် ပေါင် ၉ သန်း ရရှိမှာ ဖြစ်သလို လက်မှတ်ထိုးကြေး ပေါင် ၈ သန်းကျော် ရရှိမှာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ ကွင်းလယ်လူဟောင်း ပေါ့ပ်ဘာကို ပြန်ခေါ်ဖို့ အလိုရှိနေသလို ဘာစီလိုနာ နောက်ခံလူ ယော်ဒီ အယ်လ်ဘာကိုလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အေစီမီလန်က ခေါ်ယူလိုက်တဲ့ ဘရာဇီးလ် ကစားသမား လူးကပ်စ် ပါကတ်တာ

ဥရောပ ထိပ်တန်းလိဂ်

အေစီမီလန်အသင်းဟာ ဖလာမင်ဂိုအသင်းက ဘရာဇီးလ် ကွင်းလယ်လူ လူးကပ်စ် ပါကတ်တာကို ပေါင် ၃၁.၄သန်းနဲ့ ခေါ်ယူနိုင်ခဲ့ ပါတယ်။ အေစီမီလန်ဟာ ဇန်နဝါရီ အတွင်းမှာ နောက်ထပ် ကစားသမားသစ် ၂ဦးကို ဆက်လက် ခေါ်ယူဖို့ ကြိုးပမ်း နေတယ်လို့ သိရပါတယ်။

ဖီအိုရင်တီးနား ကလည်း ဆဗီယာရဲ့ ကိုလံဘီယာ တိုက် စစ်မှူး လူးဝစ် မော်ရီရယ်ကို အငှားနဲ့ ခေါ်ယူလိုက်ပါတယ်။ မိုနာကို အသင်း ကလည်း အားနည်းနေတဲ့ ခံစစ်ပိုင်း အတွက် ရှော်လ်ကာရဲ့ ဝါရင့်နောက်ခံလူ နယ်လ်ဒိုကို ပေါင် ၁.၈ သန်းနဲ့ ခေါ်လိုက်ပါတယ်။ အွန်နရီကိုင်တွယ် နေတဲ့ မိုနာကိုဟာ ချယ်လ်ဆီး ကွင်းလယ်လူ ဖာဘရီဂတ်စ်ကိုလည်း ခေါ်ယူဖို့ သဘောတူညီမှု ရထားပါတယ်။

( လက်ရှိ ဇန်နဝါရီ အပြောင်း အရွှေ့ ကာလ အတွင်း ဥရောပ ထိပ်တန်း လိဂ်တွေကနေ ကစားသမား အပြောင်းအရွှေ့တွေအတွက် စုစုပေါင်း သန်း ၁၈၀နီးပါး သုံးထားပါတယ်။ )

ဆက်စပ် အကြောင်းအရာများ