နည်းပြ လောကထဲ ပြန်၀င်နိုင်မယ့် အခွင့်အရေးကို မော်ရင်ညို ငြင်းပယ်ခဲ့

ဓာတ်ပုံ မူပိုင် AFP
Image caption ထိပ်တန်းလိဂ် ၄ခုမှာ အမှတ်ပေး ချန်ပီယံ ဖြစ်ထားတဲ့ မော်ရင်ညို

မန်ချက်စတာယူနိုက်တက်ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ထုတ်ပယ်ခံခဲ့ရတဲ့ ဂျိုဇေ မော်ရင်ညိုတစ်ယောက် သူ့မိခင်နိုင်ငံမှာ နည်းပြ ပြန်လုပ်ဖို့ အခွင့်အရေး ရှိခဲ့ပေမယ့် ချက်ချင်း ပယ်ချခဲ့ပါတယ်။ နာမည်ကျော်နည်းပြ ဂျိုဇေ မော်ရင်ညိုကို ပေါ်တူဂီ ထိပ်သီးကလပ် ဘင်ဖီကာက သူ့တို့ရဲ့ နည်းပြသစ်အဖြစ် ကမ်းလှမ်းခဲ့တာပါ။ ဘင်ဖီကာဟာ လက်ရှိနည်းပြဖြစ်သူ ရူအီ ဗစ်တိုးရီးယားကို ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပယ်ခဲ့ပြီးနောက် ဂျိုဇေ မော်ရင်ညိုကို ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။ အသင်းလက်မဲ့ ဖြစ်နေတဲ့ မော်ရင်ညိုဟာ နည်းပြ လောကအတွင်းကို ချက်ချင်း ပြန်ဝင်မှာ မဟုတ်သလို ပေါ်တိုရဲ့ ပြိုင်ဖက် ဘင်ဖီကာမှာ နည်းပြ ပြန်လုပ်မှာ မဟုတ်ဘူးလို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

မော်ရင်ညိုဟာ သူ့ရဲ့ နည်းပြဘဝ အစကိုတော့ ဘင်ဖီကာနဲ့ စတင်ခဲ့ပေမယ့် အဓိကပြိုင်ဖက် ပေါ်တိုအသင်း နဲ့အတူ ယူအီးအက်ဖ်အေဖလား၊ ချန်ပီယံလိဂ် ဖလားတွေကို ရယူပေးနိုင်ခဲ့သူပါ။ မော်ရင်ညိုဟာ ထိပ်တန်းလိဂ် ၄ခုကနေ အမှတ်ပေး ချန်ပီယံဆု တွေကို ရယူထားတဲ့ နည်းပြတစ်ဦးဖြစ်ပြီး သူ့ရဲ့ ခံစစ်အသားပေး နည်းဗျူဟာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံနေရသူဖြစ်ပါတယ်။ အသင်းလက်မဲ့ ဖြစ်နေတဲ့ မော်ရင်ညိုဟာ ပေါ်တူဂီ လက်ရွေးစင် အသင်းနည်းပြအဖြစ် ရေပန်းစား နေသလို သူ့ရဲ့ အသင်းဟောင်းတွေဖြစ်ကြတဲ့ ရီးယဲယ်မက်ဒရစ်၊ အင်တာမီလန်တို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခြင်း ခံနေရသူဖြစ်ပါတယ်။ ထိပ်သီးအသင်းတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီ တို့မှာလည်း မော်ရင်ညိ နည်းပြဖွယ် ရှိနေကြောင်း မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၀၄ ခုနှစ်မှာ ပေါ်တိုနဲ့ ချန်ပီယံလိဂ် ဖလားရခဲ့တဲ့ ဂျိုဇေ မော်ရင်ညို

မော်ရင်ညိုရဲ့ အောင်မြင်မှုများ

ပေါ်တို

ပေါ်တူဂီလိဂ် - ၂ကြိမ်

ပေါ်တူဂီ စူပါဖလား - ၁ကြိမ်

လိဂ်ဖလား - ၁ကြိမ်

ချန်ပီယံလိဂ် - ၁ကြိမ်

ယူအီးအက်ဖ်အေဖလား - ၁ကြိမ်

ဓာတ်ပုံ မူပိုင် AFP
Image caption ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ် ၃ကြိမ်ရယူခဲ့တဲ့ မော်ရင်ညို

ချယ်လ်ဆီး

ပရီးမီးယားလိဂ် - ၃ကြိမ်

အက်ဖ်အေကပ် - ၁ကြိမ်

လိဂ်ဖလား - ၃ကြိမ်

ကွန်မြူနတီဒိုင်း - ၁ကြိမ်

ဓာတ်ပုံ မူပိုင် AFP
Image caption အင်တာမီလန်အသင်းကို ဖလား ၃လုံး ရယူပေးခဲ့တဲ့ မော်ရင်ညို

အင်တာမီလန်

စီးရီးအေ - ၂ကြိမ်

ကိုပါအီတာလီယာ - ၁ကြိမ်

အီတလီစူပါဖလား - ၁ကြိမ်

ချန်ပီယံလိဂ် - ၁ကြိမ်

ရီးယဲယ်မက်ဒရစ်

လာလီဂါ - ၁ကြိမ်

ဘုရင့်ဖလား - ၁ကြိမ်

စပိန် စူပါဖလား - ၁ကြိမ်

ဓာတ်ပုံ မူပိုင် AFP
Image caption အသင်းဟောင်း ရီးယဲယ်နဲ့ အင်တာမီလန်တို့ အပါအ၀င် ဘိုင်ယန်မြူးနစ်ကလည်း မော်ရင်ညိုကို စိတ်၀င်စားနေ

မန်ချက်စတာယူနိုက်တက်

လိဂ်ဖလား - ၁ကြိမ်

ကွန်မြူနတီဒိုင်း - ၁ကြိမ်

ယူရိုပါလိဂ် - ၁ကြိမ်

နာမည်ကျော် နည်းပြ မော်ရင်ညို တစ်ယောက် ဘယ်အသင်းကို ကိုင်တွယ်မလဲ ?

ဆက်စပ် အကြောင်းအရာများ