ဂျပန် က ၅၁ နှစ် အရွယ် ကာဇူရိုရှီ မီယူရာ က အသင်းနဲ့ စာချုပ် သက်တမ်း ထပ်တိုး

၂၀၁၈ ခုနှစ် မှာ ဂိုးသွင်းယူနိုင်ခြင်းမရှိပေမယ့် ၂၀၁၉ မှာတော့ ဂိုးသွင်းနိုင်ဖို့ မျှော်လင့် ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၁၈ ခုနှစ် မှာ ဂိုးသွင်းယူနိုင်ခြင်းမရှိပေမယ့် ၂၀၁၉ မှာတော့ ဂိုးသွင်းနိုင်ဖို့ မျှော်လင့်

၁၉၈၆ ခုနှစ်မှာ စတင် ဘောလုံး ကစားခဲ့တဲ့ ကာဇူရိုရှီ မီယူရာ ဟာ အသက် ၅၁ နှစ် အရွယ် အချိန်အထိ ဆုကြေးစား စာချုပ် သက်တမ်း ထပ်တိုး ခဲ့ပြီး အသက်ကြီး ပေမယ့် ဘောလုံး ကစား နိုင်တုန်းပဲ ဆိုတာကို ပြသ ခဲ့ပါတယ်။

သူဟာ ဂျပန် ဘောလုံး အသင်း ယိုကိုဟားမား နဲ့ စာချုပ် သက်တမ်း ထပ်တိုး လိုက်တာ လည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၈ နှစ် တုန်း က ဂျပန် အမျိုးသား လက်ရွေးစင် အသင်းမှာ ၈၉ ပွဲ ပါဝင် ကစားခဲ့ဖူးတဲ့ ကာဇူရိုရှီ ဟာ နောက်လ ထဲမှာ အသက် ၅၂ နှစ် ပြည့်မှာ လည်း ဖြစ်ပါတယ်။

အဲဒီ အချိန် အထိ အသင်းနဲ့ စာချုပ် သက်တမ်း တိုး ခဲ့ပြီး ဂျပန် ဒုတိယ တန်း ပါဝင် ယှဉ်ပြိုင် နေတဲ့ အသင်း ရဲ့ တိုက်စစ်မှာ အထောက်အကူ ပြုပေး သွားမယ် လို့ သူ က ပြောပါတယ်။

နေ့စဉ် နေ့တိုင်း ဘောလုံး နဲ့ ထိတွေ့ လေ့ကျင့် နေပြီး ရေကုန်ရေခန်း ကြိုးစား သွားမယ်၊ ပြီးတော့ သူ့ရဲ့ အချိန်တွေကို အလဟဿ မကုန်ဆုံးချင်းဘူး လို့လည်း သူက ဆိုခဲ့ပါတယ်။

ကာဇူရိုရှီ မီယူရာ ဟာ အီတလီ ဘောလုံး အကျော်အမော် ရောဘတ်တို ဘက်ဂီယို နဲ့ မွေးတဲ့ နှစ်အချင်း အတူတူ ဖြစ်ပါတယ်။ ရောဘတ်တို ဘက်ဂီယို ကတော့ ၂၀၀၄ ခုနှစ်မှာပဲ ဘောလုံး ကစားခြင်း ကနေ အနားယူ သွားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အသက်တူ အီတလီ ဘောလုံး အကျော်အမော် ဘက်ဂီယို ကတော့ ဘောလုံကစားခြင်း ကနေ အနားယူ

ကာဇူရိုရှီ မီယူရာ က ၂၀၁၇ ခုနှစ်မှာ ဂိုးသွင်းယူ ခဲ့ပြီး စတန်လေ မက်သယူး တင်ထားခဲ့တဲ့ အသက်ကြီး ဆုံး ဂိုးသွင်းယူ ဘောလုံးသမား ဆိုတဲ့ စံချိန် ကိုလည်း ချိုးထားပါတယ်။

၂၀၁၈ ခုနှစ် ဘောလုံး ရာသီမှာ ယိုကိုဟားမား အသင်း နဲ့ ကိုးပွဲ ပါဝင် ကစားခဲ့ပြီး ဂိုးသွင်းယူ နိုင်ခြင်းတော့ မရှိပါဘူး။ အဲဒီ အတွက် ယိုကိုဟားမား အသင်း ဟာ ဂျပန် အဆင့်မြင့်တန်း တက်ဖို့ ရှုံးထွက် ပြိုင် ပွဲမှာ အရေးနိမ့်ခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဂန္ထဝင် ဘောလုံး ရုပ်ရှင်တွေ
ဓာတ်ပုံ မူပိုင် Getty Images
Image caption ၁၉၉၄ ခုနှစ်ဟာ သူ့ရဲ့ အထွန်းတောက်ဆုံး နှစ်ဖြစ် ခဲ့ပြီး ဂျေလိဂ်မှာ ဂိုး ၁၀၀ သွင်းယူ

ကာဇူရိုရှီ မီယူရာ ရဲ့ စွမ်းဆောင်မှုများ

  • ၁၉၈၂ ခုနှစ် အသက် ၁၅ နှစ် အရွယ်မှာ ဘောလုံး သမား ဘဝ ကို စတင်ဖို့ ဘရာဇီး နိုင်ငံ ကို ထွက်ခွာ ခဲ့ပါတယ်။ အသက် ၁၉ နှစ် အရွယ်မှာ ဆန်းတို့စ် အသင်း နဲ့ ကြေးစား ဘောလုံး သမား ဘဝ ကို စတင် ခဲ့ပါတယ်။
  • ၁၉၈၆ ခုနှစ်မှာ တော့ ပါမိုင်းရပ်စ် အသင်း ကို ပြောင်းရွှေ့ ခဲ့ပြီး အင်္ဂလိပ် ပရီးမီးယားလိဂ် မှာ ပထမဆုံး အခြေချ ကစားတဲ့ မီရန်ဒင်ဟာ (နယူးကာဆယ် အသင်းက ပေါင် ၅ သိန်း နဲ့ ခေါ်ယူ) နဲ့ အတူ ကစား ခဲ့သူပါ။
  • ၁၉၉၃ ခုနှစ်မှာတော့ ဂျပန် အဆင့်မြင့်တန်း ဂျေလိဂ် ရဲ့ ထိပ်တန်း ဂိုးသွင်း ရှင် တဦး ဖြစ်ခဲ့ပြီး အဲဒီ အချိန် က ဂျပန် မှာ ဘောလုံး စကား နေတဲ့ အင်္ဂလန် က ဂယ်ရီ လိုင်နီကာ၊ ဘရာဇီး က ဇီကို တို့ အတူ ဂိုး အများဆုံး သွင်း ယူသူများ အဖြစ် ရပ်တည် နိုင်ခဲ့ပါတယ်။
  • သူ့ရဲ့ ဂျေလိဂ် ခြေစွမ်း ကြောင့် ၁၉၉၃ ခုနှစ်မှာပဲ အာရှ အကောင်းဆုံး ဘောလုံး သမား ဆု ကို ဆွတ်ခူး နိုင်ခဲ့ပါတယ်။
  • ၁၉၉၀ ခုနှစ်မှာ နိုင်ငံ လက်ရွေးစင် ဘောလုံး သမား ဘဝ ကို စတင် ခဲ့ပြီး ၁၉၉၈ ကမ္ဘာ့ ဖလား ခြေစစ်ပွဲအောင် ဂျပန် အသင်း အတွက် ခြေစစ်ပွဲတွေ မှာ ၁၄ ဂိုး အထိ သွင်းယူ ပေးနိုင်ခဲ့သူပါ။
  • ဒါပေမယ့် အဲဒီနှစ်က ပြင်သစ်မှာ ကျင်းပတဲ့ ၉၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ နိုင်ငံ့ လက်ရွေးစင် အသင်း မှာ ရွေးချယ် ခံရခြင်း မရှိခဲ့ပါဘူး။ နောက် ၂ နှစ် အကြာမှာတော့ လက်ရွေးစင် ဘောလုံး သမား အဖြစ် ကနေ အနားယူ ခဲ့ပါတယ်။ နိုင်ငံ အသင်း အတွက် ၈၉ ပွဲ ပါဝင် ကစားပြီး စုစုပေါင်း ၅၅ ဂိုး သွင်းယူ ပေးထားပါတယ်။
  • ၁၉၉၉ ခုနှစ်မှာတော့ ဥရောပ မြေကို ခြေဆန့် ခဲ့ပြီး အီတလီ ကလပ် ဂျီနိုအာ မှာ ကစားခဲ့ပါတယ်။ အဲဒီကနေမှ တဆင့် ခရိုအေးရှား နိုင်ငံ က ဒိုင်နမို ဇာဂ ရက် အသင်း ကို ပြောင်းရွှေ့ ခဲ့ပြီး အသင်းနဲ့ အတူ ခရိုအေးရှား အမှတ်ပေး ဖလား ကို ဆွတ်ခူး ရရှိခဲ့ပါတယ်။
  • ယိုကိုဟားမား ဘောလုံး အသင်း ကို ၂၀၀၅ ခုနှစ်၊ သူ့အသက် ၃၈ နှစ် အရွယ် မှာ ပြောင်းရွှေ့ ခဲ့ပြီး လက်ရှိ အချိန် အထိ ကစားနေဆဲပါ။ အသင်း အတွက် ပွဲပေါင်း ၂၅၀ ပါဝင် ကစားပေးထားပါတယ်။
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ပညာရေးနဲ့ ဝါသနာ ဆတူလုပ်ရင်း နိုင်ငံ့ဂုဏ်ဆောင်ဖို့ ကြိုးစားနေသူ လူငယ်တစ်ယောက် အကြောင်း