UEFA ဝက်ဆိုဒ်က ပရိသတ်တွေ ရွေးချယ်တဲ့ ၂၀၁၈ တစ်နှစ်တာ အကောင်းဆုံး အသင်း

ဓာတ်ပုံ မူပိုင် UEFA
Image caption ပရိသတ်တွေက မဲပေးရွေးချယ်ထားတဲ့ ၂၀၁၈ အကောင်းဆုံးအသင်း

ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFA ဝက်ဆိုဒ်က ပရိသတ်တွေ ရွေးချယ်တဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်း ထွက်ပေါ်လာခဲ့ပါတယ်။ ၂၀၁၈ခုနှစ်အတွင်း နိုင်ငံနဲ့ ကလပ်အသင်းတွေမှာ ခြေစွမ်းပြခဲ့တဲ့ ကစားသမားတွေကို UEFA Website မှာ မဲပေးရွေးချယ်တာဖြစ်ပြီး လက်ရှိ ဥရောပ ချန်ပီယံလိဂ် ချန်ပီယံ ရီးယဲယ်မက်ဒရစ်အသင်းက ကစားသမား ၄ယောက်အထိ ပါဝင်ခဲ့ပါတယ်။ ဒီအသင်းကို ၄-၃-၃ပုံစံနဲ့ ရွေးချယ်ခဲ့ပြီး မဲအများဆုံးရခဲ့သူက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘေားလုံးသမားအဖြစ် ရွေးချယ်ခံထားရတဲ့ ရွှေဘောလုံးဆုရှင် လူကာမိုဒရစ်ဖြစ်ပါတယ်။ မိုဒရစ်ဟာ မဲပေးတဲ့ ပရိသတ်တွေရဲ့ ၁.၁၅သိန်းကျော် ရခဲ့တာပါ။

ဓာတ်ပုံ မူပိုင် Alamy
Image caption ရီးယဲယ်က ကစားသမား ၄ယောက်အထိ ပါ၀င်ခဲ့တဲ့ အကောင်းဆုံး အသင်း

ဂိုးသမားနေရာမှာတော့ လက်ရွေးစင်အသင်းမှာ နေရာမရပေမယ့် ဘာစီလိုနာ နဲ့ အကောင်းဆုံး လက်စွမ်းပြနေတဲ့ ဂျာမနီ ဂိုးသမား မာ့အန်ဒရေ တာစတေဂန်က ရွေးချယ်ခံခဲ့ရပါတယ်။ တာစတေဂန်ဟာ နာမည်ကျော် ဂိုးသမားတွေဖြစ်တဲ့ ဒါးဗစ် ဒဟေးရား၊ အလီဆင်၊ အော်ဘလတ်နဲ့ မန်ဝယ်နော်ယာတို့ကို ကျော်ပြီး အကောင်းဆုံး ဂိုးသမားအဖြစ် ပါဝင်လာခဲ့တာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption လီဗာပူးလ် ခံစစ်ပိုင်းမှာ အကောင်းဆုံး ခြေစွမ်းပြနေတဲ့ ဗာဂျယ် ဗန်ဒိုက်

နောက်ခံလူတွေ စာရင်းမှာတော့ ရီးယဲယ်က ခံစစ်မှူးတွေဖြစ်ကြတဲ့ မယ်ဆယ်လ်လို၊ ရာမို့စ်၊ ဗရန်းတို့နဲ့အတူ လီဗာပူးလ်မှာ ခြေစွမ်းပြနေတဲ့ ဗာဂျယ် ဗန်ဒိုက် ပါဝင်လာပါတယ်။ ဗန်ဒိုက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ပွဲအထိ လီဗာပူးလ် ခံစစ်မှာ ၁၀ဂိုးသာ ပေးထားရအောင် ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားတုန်းက ခြေစွမ်းပြခဲ့ကြတဲ့ ချယ်လ်ဆီး ကစားသမားတွေ ဖြစ်တဲ့ ပြင်သစ်ကွင်းလယ်လူ ကန်တေနဲ့ ဘယ်ဂျီယံ အသင်းခေါင်းဆောင် ဟာဇက် တို့ဟာ ကွင်းလယ်ပိုင်းမှာ ခရိုအေးရှား အသင်းခေါင်းဆောင် လူကာမိုဒရစ်နဲ့အတူ ရွေးချယ်ခံခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပရိသတ်တွေရဲ့ မဲအများဆုံး ရခဲ့တဲ့ လူကာမိုဒရစ်

တိုက်စစ်ပိုင်းမှာတော့ ဆယ်ကျော်သက် တစ်ဦးအနေနဲ့ အကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့ အမ်ဘတ်ပေဟာ နေမာ၊ ဂရီဇ်မန်း၊ ဆွာရက်ဇ်၊ ဟယ်ရီကိန်း ၊ ဆာလတို့ကို ကျော်ပြီး ၃၈ ရာခိုင်းနှုန်းကျော်နဲ့ ရွေးချယ်ခံခဲ့ရပါတယ်။ အမ်ဘတ်ပေနဲ့အတူ နာမည် ကျော်စူပါစတားတွေဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့လည်း တိုက်စစ်ပိုင်းမှာ ပါဝင်ကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မက်ဆီ၊ ရော်နယ်လ်ဒို တို့နဲ့အတူ တိုက်စစ်ပိုင်းမှာ ပါ၀င်လာတဲ့ အမ်ဘတ်ပေ

ဆက်စပ် အကြောင်းအရာများ