သြစတြေးလျ အိုးပင်းမှာ ဂျိုကိုဗစ် ၇ကြိမ်မြောက် ဗိုလ်စွဲ

ဓာတ်ပုံ မူပိုင် AFP
Image caption သြစတြေးလျ အိုးပင်း သမိုင်းမှာ ၇ကြိမ် ချန်ပီယံ ဖြစ်လာတဲ့ ဂျိုကိုဗစ်

ဆားဘီးယားရဲ့ နိုဗတ်ဂျိုကိုဗစ်ကတော့ အကောင်းဆုံး လက်စွမ်းပြပြီး ၂၀၁၉ သြစတြေးလျအိုးပင်း ချန်ပီယံ ဖြစ်လာခဲ့ပါပြီ။ တစ်နှစ်တာရဲ့ ပထမဆုံး ဂရန်းစလန် တင်းနစ်ပြိုင်ပွဲကို မဲလ်ဘုန်းမြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး အမျိုးသား တစ်ဦးချင်းပြိုင်ပွဲမှာ ဂျိုကိုဗစ် ချန်ပီယံ ဖြစ်ခဲ့တာပါ။

ဆီမီးဖိုင်နယ်တွေမှာ အသီးသီး အနိုင်ရလာကြတဲ့ ဂျိုကိုဗစ်နဲ့ နဒါးလ်တို့ဟာ သမိုင်းတစ်လျောက် ၅၃ကြိမ် ဆုံတွေ့ကြတာ ဖြစ်ပါတယ်။ ၂၇-၂၅နဲ့ ထိပ်တိုက် ဆုံတွေ့မှုမှာ အသာရထားတဲ့ ဂျိုကိုဗစ်ဟာ ဖိုင်နယ်မှာ နဒါးလ်ကို လွယ်လွယ်ကူကူနဲ့ ပဲ နိုင်ပါတယ်။ နာမည်ကျော် တင်းနစ် သမားနှစ်ဦးရဲ့ ဖိုင်နယ်ဟာ ပရိသတ်တွေ မျှော်လင့်သလိုမဟုတ်ခဲ့ဘဲ ဂျိုကိုဗစ်က ၆-၃၊ ၆-၂၊ ၆-၃ နဒါးလ်ကို နိုင်ခဲ့ပါတယ်။

နဒါးလ်အတွက်တော့ ဂရန်းစလန် ပြိုင်ပွဲဖိုင်နယ် တစ်လျောက် ပထမဆုံးအကြိမ် ၃ပွဲ ပြတ် ရှုံးခဲ့တာပါ။ ဂျိုကိုဗစ်ဟာ နဒါးလ်နဲ့ ဆုံတွေ့ခဲ့တဲ့ ဂရန်းစလန် ဖိုင်နယ်မှာ ၈ကြိမ်မြောက် ၄ကြိမ်မြောက် နိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံး တက်ခဲ့တဲ့ ဖိုင်နယ် ၁၁ကြိမ်မှာ ၉ကြိမ်အထိ ချန်ပီယံ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဂရန်းစလန် ဖိုင်နယ်မှာ ပထမဆုံးအကြိမ် ၃ပွဲ ပြတ် ရှုံးခဲ့ နဒါးလ်

သြစတြေးလျ အိုးပင်းမှာ ၆ကြိမ်ချန်ပီယံ ဖြစ်ထားတဲ့ ဂျိုကိုဗစ်ဟာ ဖိုင်နယ်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ရိုက်နိုင်ခဲ့တာပါ။ ၂၀ဝ၉မှာ ချန်ပီယံ တစ်ကြိမ် ဖြစ်ခဲ့တဲ့ နဒါးလ်ကို အခွင့်အရေးမပေးခဲ့ဘဲ ဘယ်ညာ၊ မောင်းပြီး ရိုက်နိုင်ခဲ့သလို ၃ပွဲစလုံးမှာ လည်း အမှား ၉ကြိမ်သာ ရှိခဲ့ပါတယ်။ နဒါးလ်ကတော့ ၂၈ကြိမ်အထိ ရှိခဲ့ပြီး အမှားများခဲ့သလို သူ့ရဲ့ ဆားဗစ်မှာပါ ဖိအားတွေ များခဲ့တာပါ။ အိမ်ရှင် ပရိသတ်တွေအများစုက နဒါးလ်ကို ပိုပြီး အားပေးခဲ့ကြပေမယ့် အကောင်းဆုံး လက်စွမ်းပြခဲ့တဲ့ ဂျိုကိုဗစ်က ၂နာရီ၊ ၄မိနစ်သာ ကြာအောင်ရိုက်ပြီး ၆-၃၊ ၆-၂၊ ၆-၃ နဲ့ နိုင်လို့ သြစတြေးလျ အိုးပင်းမှာ ၇ကြိမ်နဲ့ ပြိုင်ပွဲ သမိုင်းနစ်လျောက် အအောင်မြင် ဆုံး တင်းနစ် သမားဖြစ်လာပါတယ်။

ဂရန်းစလန် အောင်မြင်မှု

၁) ဖက်ဒါရာ ( ဆွစ်ဇာလန် ) - ၂၀ကြိမ်

၂) နဒါးလ် ( စပိန် ) - ၁၇ကြိမ်

၃) ဂျိုကိုဗစ် ( ဆားဘီးယား) - ၁၅ကြိမ်

၄) ဆမ်းပရပ်စ် ( အမေရိကန် ) - ၁၄ကြိမ်

၅) ဘရွန်ဘော့ ( ဆွီဒင် ) - ၁၁ကြိမ်

၆) ရော့ လေဗာ ( သြစတြေးလျ ) - ၁၁ကြိမ်

လက်ရှိချန်ပီယံ ဖက်ဒါရာက

ဓာတ်ပုံ မူပိုင် AFP
Image caption ဂရန်းစလန် ပြိုင်ပွဲမှာ ၁၅ကြိမ်အထိ ချန်ပီယံ ဖြစ်လာတဲ့ ဂျိုကိုဗစ်

စနေနေ့က အမျိုးသမီး တစ်ချင်းဖိုင်နယ်မှာတော့ ယူအက်စ်အိုးပင်းချန်ပီယံ ဂျပန်သူ နာအိုမီ အိုဆာကာ က ချက်တင်းနစ်မယ် ခီဗီတိုဗာကို ၂-၁ပွဲနိုင်ပြီး ပထမဆုံး ချန်ပီယံ ဖြစ်လာပါတယ်။ အကြိတ်အနယ် ရိုက်ခဲ့ကြတဲ့ သူတို့ နှစ်ဦးရဲ့ ပွဲမှာ ငယ်ရွယ်ပြီး အမှားနည်းခဲ့တဲ့ အိုဆာကာက ၇-၆၊ ၅-၇၊ ၆-၄ နဲ့ နိုင်ခဲ့တာပါ။ အနိုင်ရခဲ့တဲ့ အိုဆာကာ အတွက်တော့ ဂရန်းစလန် ချန်ပီယံအပြင် ကမ္ဘာ့နံပါတ် ၁နေရာကိုပါ ရယူနိုင်ခဲ့သလို နောက်ဆုံး ဂရန်းစလန်ပြိုင်ပွဲ ၂ခု ဆက် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဂရန်းစလန် ပြိုင်ပွဲတွေမှာ ၂၀ကြိမ် ချန်ပီယံ ဖြစ်ထားတဲ့ ဖက်ဒါရာ

အမျိုးသမား တစ်ဦးချင်း အောင်မြင်မှု

၁) ဂျိုကိုဗစ် ( ၇) ကြိမ် - ၂၀ဝ၈၊ ၂၀၁၁၊ ၁၂၊ ၁၃၊ ၁၅၊ ၁၆၊ ၁၉

၂) ဖက်ဒါရာ (၆) ကြိမ် - ၂၀ဝ၄၊ ဝ၆၊ ဝ၇၊ ၁၀၊ ၁၇၊ ၁၈

၃) အီမာဆင် (၆) ကြိမ် - ၁၉၆၁၊ ၆၃၊ ၆၄၊ ၆၅၊ ၆၆၊ ၆၇

၄) ဂျတ် ခရိုဖို့ဒ် (၄) ကြိမ် - ၁၉၃၁၊ ၃၂၊ ၃၃၊ ၃၅

၅) ရက်စ်ဝဲလ် (၄)ကြိမ် - ၁၉၅၃၊ ၅၅၊ ၇၁၊ ၇၂

၆) အဂ္ဂါဆီ ( ၄ကြိမ်) - ၁၉၉၅၊ ၂၀ဝ၀၊ ဝ၁၊ ဝ၃

ဓာတ်ပုံ မူပိုင် AFP
Image caption နောက်ဆုံး ဂရန်းစလန်ပြိုင်ပွဲ ၃ခုဆက် ဗိုလ်စွဲထားတဲ့ ဂျိုကိုဗစ်

နောက်ဆုံး ၁၀နှစ် ဗိုလ်လုပွဲမှတ်တမ်း

၂၀၁၀) ဖက်ဒါရာ ၃-ဝပွဲ မာရေး

၂၀၁၁) ဂျိုကိုဗစ် ၃-ဝပွဲ မာရေး

၂၀၁၂) ဂျိုကိုဗစ် ၃-၂ပွဲ နဒါးလ်

၂၀၁၃) ဂျိုကိုဗစ် ၃-၁ပွဲ မာရေး

၂၀၁၄) ဝါဝရင်ကာ ၃-၁ပွဲ နဒါးလ်

၂၀၁၅) ဂျိုကိုဗစ် ၃-၁ပွဲ မာရေး

၂၀၁၆) ဂျိုကိုဗစ် ၃-ဝပွဲ မာရေး

၂၀၁၇) ဖက်ဒါရာ ၃-၂ပွဲ နဒါးလ်

၂၀၁၈) ဖက်ဒါရာ ၃-၂ပွဲ ချစ်လစ်

၂၀၁၉) ဂျိုကိုဗစ် ၃-ဝပွဲ နဒါးလ်

ဓာတ်ပုံ မူပိုင် AFP
Image caption ယူအက်စ်အိုးပင်းနဲ့ သြစတြေးလျ အိုးပင်း ချန်ပီယံ နာအိုမီ အိုဆာကာ

အမျိုးသမီး တစ်ဦးချင်း အောင်မြင်မှု

၁) မာဂရတ်ကောက် (၁၁) ကြိမ် - ၁၉၆၀၊ ၆၁၊ ၆၂၊ ၆၃၊ ၆၄၊ ၆၅၊ ၆၆၊ ၆၉၊ ၇၀၊ ၇၁၊ ၇၃

၂) ဆရီနာ ဝီလျံ (၇) ကြိမ် - ၂၀ဝ၃၊ ဝ၅၊ ဝ၇၊ ဝ၉၊ ၁၀၊ ၁၅၊ ၁၇

၃) ဘော်လ်တန် (၆) ကြိမ် - ၁၉၃၇၊ ၄၀၊ ၄၆၊ ၄၇၊ ၄၈၊ ၅၁

၄) ဒါဖန် ချိုဇန် (၅) ကြိမ် - ၁၉၂၃၊ ၂၆၊ ၂၈၊ ၂၉၊ ၃၀

နောက်ဆုံး ၁၀နှစ် ဗိုလ်ပွဲ မှတ်တမ်း

၂၀၁၀) ဆရီနာ ၂-၁ပွဲ ဟင်းနင်း

၂၀၁၁) ကလိုက်စတားစ် ၂-၁ပွဲ လီနာ

၂၀၁၂) အဇာရန်ကာ ၂-ဝပွဲ ရှာရာပိုဗာ

၂၀၁၃) အဇာရန်ကာ ၂-၁ပွဲ လီနာ

၂၀၁၄) လီနာ ၂-ဝပွဲ ဆီဗူကိုဗာ

၂၀၁၅) ဆရီနာ ၂-ဝ ရှာရာပိုဗာ

၂၀၁၆) ခါဘာ ၂-၁ပွဲ ဆရီနာ

၂၀၁၇) ဆရီနာ ၂-ဝပွဲ ဗီးနပ်စ်

၂၀၁၈) ဝါဇနီယာ့စကီး ၂-၁ပွဲ ဟာ့လပ်

၂၀၁၉) အိုဆာကာ ၂-၁ပွဲ ခီဗီတိုဗာ

ဓာတ်ပုံ မူပိုင် AFP
Image caption ချန်ပီယံ ဂျိုကိုဗစ်နဲ့ သူ့အသင်း ပွဲအပြီးမှာ အခုလို အောင်ပွဲခံခဲ့ကြ

နာမည်ကြီးတွေ ဖြစ်ကြတဲ့ လက်ရှိ ချန်ပီယံ ဖက်ဒါရာက စတုတ္ထအဆင့်၊ မာရေးက ပထမအဆင့်တွေမှာ ထွက်ခဲ့ကြရပြီး အမျိုးသမီးဖက်မှာ ချန်ပီယံ ဝါဇနီယာ့စကီးက ရှာရာပိုဗာကို ရှုံးခဲ့ပါတယ်။ ရှာရာပိုဗာက စတုတ္ထအဆင့်မှာ ထွက်ခဲ့ရသလို နာမည်ကြီး ဆရီနာ ဝီလျံက ကွာတားဖိုင်နယ်မှာ ချက်က ပလစ်ကိုဗာကို ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာ ဖြစ်ပါတယ်။

ချန်ပီယံ ဖြစ်ခဲ့ကြတဲ့ ဂျိုကိုဗစ်နဲ့ အိုဆာကာတို့ကတော့ ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၃သန်း နီးပါးစီ ရရှိခဲ့ကြပြီး ကမ္ဘာ့ အဆင့် ထိပ်ဆုံနေရာတွေမှာ အသီးသီး ရပ်တည်နိုင်ခဲ့ကြပါတယ်။

ဆက်စပ် အကြောင်းအရာများ