အိုလံပစ် ခြေစစ်ပွဲ အတွက် ပြင်ဆင်နေတဲ့ မြန်မာ အမျိုးသမီးအသင်း

ဓာတ်ပုံ မူပိုင် MFF
Image caption ဒုတိယ အဆင့် ခြေစစ်ပွဲအောင်ဖို့ အခွင့်အရေးရှိနေတဲ့ မြန်မာ အမျိုးသမီးအသင်း

၂၀၂၀ တိုကျို အိုလံပစ် ခြေစစ်ပွဲ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာ အမျိုးသမီး လက်ရွေးစင်အသင်းဟာ နိုင်ငံတကာ အတွေ့အကြုံ ရရှိဖို့ အတွက် အိန္ဒိယ နိုင်ငံမှာ ကျင်းပနေတဲ့ ၄ နိုင်ငံ ဖိတ်ခေါ် ဖလားပွဲကို သွားရောက် ယှဉ်ပြိုင်နေပါတယ်။

မြန်မာ အမျိုးသမီး အသင်းဟာ ၂၀၂၀ အိုလံပစ် ပထမ အဆင့် ခြေစစ်ပွဲမှာ အိမ်ရှင် အဖြစ် ကစားခဲ့ပြီး အုပ်စုတွင်းမှာ ၂ ပွဲနိုင်၊ ၁ပွဲ သရေနဲ့ အုပ်စု ပထမ ရလို့ ခြေစစ်ပွဲ အောင်ခဲ့ပါတယ်။ ဒုတိယ အဆင့်ကို မြန်မာနဲ့ အတူ အီရန်၊ တရုတ် ( တိုင်ပေ)၊ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ နီပေါနဲ့ ပါလက်စတိုင်းတို့ တက်ရောက် ခဲ့ကြ တာပါ။

အဆင့် သတ်မှတ်ချက် အရ ဒုတိယ အဆင့်ကို အလိုလျောက် ရောက်ရှိနေပြီးသား ဖြစ်တဲ့ ဗီယက်နမ်၊ ဥဇဘတ် ကစ္စတန် အသင်းတို့နဲ့ အတူ ပထမ အဆင့်က ခြေစစ်ပွဲ အောင်လာကြတဲ့ ၁၀ သင်းဟာ စုစုပေါင်း ၁၂ သင်းကို ၄သင်း ၃ အုပ်စု ပုံစံမျိုးနဲ့ ကစားကြမှာ ဖြစ်ပါတယ်။

ဒုတိယအဆင့် ခြေစစ်ပွဲတွေကိုတော့ လာမယ့် ဧပြီလ အတွင်း ကစားဖို့ ရှိပြီး မြန်မာ အသင်းက ဦးစားပေး ၃သင်းထဲမှာ ပါဝင် ပါတယ်။ မြန်မာနဲ့ အတူ ဗီယက်နမ်၊ တရုတ် ( တိုင်ပေ) တို့ကလည်း ဦးစားပေး ရထားကြတာပါ။ ဒုတိယ အဆင့် ခြေစစ်ပွဲတွေကို မြန်မာ၊ ပါလက်စတိုင်းနဲ့ ဥဇဘတ်ကစ္စတန်တို့ က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် ရထားကြပါတယ်။

ဒုတိယအဆင့် ခြေစစ်ပွဲ အောင်ဖို့ ပစ်မှတ်ထားနေတဲ့ မြန်မာမျိုးသမီး အသင်းဟာ ကြိုတင် ပြင်ဆင်မှုအဖြစ် အိန္ဒိယနိုင်ငံမှာ ၄ နိုင်ငံ ဖိတ်ခေါ် ဖလားပွဲ သွားရောက် ကစားနေပါတယ်။ မြန်မာဟာ အိန္ဒိယ နိုင်ငံမှာ ကျင်းပနေတဲ့ Hero Gold Cup မှာ ခြေစွမ်း ကောင်းတဲ့ အိမ်ရှင် အိန္ဒိယ၊ အီရန်၊ နီပေါတို့ ၃သင်းနဲ့ ကစားမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် MFF
Image caption ဖိတ်ခေါ်ပွဲမှာ နီပေါကို ၃ဂိုးပြတ်နဲ့ နိုင်ခဲ့တဲ့ မြန်မာ

မနေ့က ကစားခဲ့တဲ့ ပွဲမှာတော့ မြန်မာအမျိုးသမီး အသင်းဟာ နီပေါကို ၃ဂိုး ပြတ်နဲ့ နိုင်ပါတယ်။ မြန်မာ အတွက် ခင်မိုးဝေး ၂ ဂိုးနဲ့ ဝင်းသိင်္ဂီထွန်း က ၁ ဂိုး သွင်းခဲ့တာပါ။

မြန်မာဟာ ဒုတိယပွဲ အဖြစ် အီရန်နဲ့ ကစားရမှာဖြစ်ပြီး နောက်ဆုံးပွဲ ကျရင်တော့ အိမ်ရှင် အိန္ဒိယတို့နဲ့ ဆုံတွေ့မှာ ဖြစ်ပါတယ်။ မြန်မာအသင်း နည်းပြကတော့ အိုလံပစ် ခြေစစ်ပွဲအတွက် နိုင်ငံတကာ ပွဲတွေက လိုအပ်ကြောင်း ပြောထား ပါတယ်။

လက်ရှိ မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းကိုတော့ နည်းပြချုပ်အဖြစ် ဦးဝင်သူမိုးက တာဝန်ယူ ဆောင်ရွက်နေတာ ဖြစ်ပါ တယ်။

ဓာတ်ပုံ မူပိုင် MFF
Image caption မြန်မာဟာ ဒုတိယအဆင့် ခြေစစ်ပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်

မြန်မာအသင်းဟာ အိုလံပစ် ခြေစစ်ပွဲတွေကို ၂၀ဝ၄ အေသင် ပြိုင်ပွဲ ကတည်းကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး တစ်ကြိမ်မှ ခြေစစ်ပွဲ မအောင်မြင်ဘဲ ရုန်းကနေရတာပါ။

၂၀၁၂ လန်ဒန် အိုလံပစ်မှာ ပထမအဆင့် ခြေစစ်ပွဲ၊ ၂၀၁၆ ရီယို အိုလံပစ်မှာ ဒုတိယအဆင့် ကနေ ထွက်ခဲ့ရဖူးပြီး ၂၀၂၀ တိုကျို အိုလံပစ်မှာ ပထမဆုံး အကြိမ်အဖြစ် တတိယ အဆင့်ကို ရောက်ဖို့ မျှော်လင့်ချက် ထားနေတာ ဖြစ်ပါတယ်။

တိုကျို အိုလံပစ်ပြိုင်ပွဲကို အာရှတိုက်က အိမ်ရှင် ဂျပန် အပါအ၀င် ၀င်ခွင့် ၃ နေရာ ရရှိထားပါတယ်။

တတိယအဆင့်မှာတော့ သြစတြေးလျ၊ တရုတ်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယားနဲ့ ထိုင်းတို့ ရောက်ရှိနေကြပါတယ်။

မြန်မာအမျိုးသမီး အသင်းရဲ့ နိုင်ငံတာ ပြိုင်ပွဲမှတ်တမ်း

ကမ္ဘာ့ဖလား

၁၉၉၁ မှ ၁၉၉၉ - မယှဉ်ပြိုင်

၂၀ဝ၃မှ ၁၉ - ခြေစစ်ပွဲမအောင်

အာရှဖလား

၁၉၇၅ မှ ၂၀ဝ၁ - မယှဉ်ပြိုင်

၂၀ဝ၃ မှ ဝ၆ - အုပ်စုအဆင့်

၂၀ဝ၈ - ခြေစစ်ပွဲမအောင်

၂၀၁၀ - ၁၄ - အုပ်စုအဆင့်

၂၀၁၈ - ခြေစစ်ပွဲမအောင်

အိုလံပစ်

၁၉၉၆ မှ ၂၀ဝ၀ - မယှဉ်ပြိုင်

၂၀ဝ၄ မှ ၁၆ - ခြေစစ်ပွဲမအောင်

၂၀၁၂ - ပထမအဆင့်

၂၀၁၆ - ဒုတိယအဆင့်

ဒုတိယအဆင့် ခြေစစ်ပွဲအောင် အသင်းများ

မဲအိုး ၁ - ဗီယက်နမ်၊ တရုတ် (တိုင်ပေ)၊ မြန်မာ

မဲအိုး ၂ - ဂျော်ဒန်၊ အီရန်၊ အိန္ဒိယ၊

မဲအိုး ၃ - ဖိလစ်ပိုင်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား

မဲအိုး ၄ - ပါလက်စတိုင်း၊ နီပေါ၊ ဥဇဘတ်ကစ္စတန်

( မြန်မာ၊ နီပေါနဲ့ ဥဇဘတ်ကစ္စတန်တို့ အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်)

ဆက်စပ် အကြောင်းအရာများ