ချန်ပီယံလိဂ်မှာ PSG ကိုရော မန်ယူ အနိုင်ယူ နိုင်ဦးမလား

ဓာတ်ပုံ မူပိုင် AFP
Image caption ရှုံးထွက် အဆင့်ကို ရောက်နေပြီဖြစ်တဲ့ ချန်ပီယံလိဂ်

ဥရောပ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ပွဲတွေကို ဒီတစ်ပတ် ကြားရက်မှာ ပြန်ကစားကြမှာ ဖြစ်ပြီး အသင်းကြီးတွေရဲ့ ထိပ်တိုက် ပွဲစဉ်တွေကြောင့် ပရိသတ်တွေ အကြိုက်တွေ့မှာ သေချာပါတယ်။

ရှုံးထွက်အဆင့်ကို ရေပန်းစားနေတဲ့ မန်စီးတီး၊ ဘာစီလိုနာ၊ လက်ရှိ ချန်ပီယံ ရီးယဲယ်မက်ဒရစ်၊ ချန်ပီယံဟောင်းတွေဖြစ်ကြတဲ့ ဘိုင်ယန်၊ လီဗာပူးလ်၊ ဂျူဗင်တပ်စ်၊ မန်ချက်စတာယူနိုက်တက်၊ ပေါ်တို၊ အားယက်စ်၊ ဒေါ့မန်တို့နဲ့အတူ PSG၊ စပါး၊ လီယွန်၊ ရိုးမား၊ ရှော်လ်ကာ၊ အက်သလက်တီကိုတို့ တက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အကောင်းဆုံး ပုံစံနဲ့ ဂိုးတွေ သွင်းနေတဲ့ ပေါ့ပ်ဘာဟာ ဆိုးလ်ရှားရဲ့ အသင်းမှာ အဓိက ကစားသမား ဖြစ်နေသူပါ

မန်ချက်စတာယူနိုက်တက် - PSG

ဒီကနေ့မှာတော့ ပရီးမီးယားလိဂ်မှာ ဆက်တိုက် ရလဒ်ကောင်းနေတဲ့ မန်ချက် စတာယူနိုက်တက်နဲ့ ပြင်သစ် ထိပ်သီး ကလပ် PSG နဲ့ ဆုံတွေ့မှာ ဖြစ်ပါတယ်။ ဆိုးလ်ရှားလက်ထက် ပြိုင်ပွဲအရပ်ရပ် ၁၁ပွဲမှာ ၁၀ပွဲအထိ အနိုင်ရထားတဲ့ မန်ချက်စတာယူနိုက်တက်အတွက် ခက်ခဲတဲ့ ပြိုင်ဖက်နဲ့ ရင်ဆိုင်ရမှာပါ။ အထူးသဖြင့် အရည်အသွေးမြင့် ကစားသမားတွေ များစွာ ပိုင်ဆိုင်ထားတဲ့ PSG ဟာ ပြင်သစ်လိဂ်မှာ အမှတ်ဖြတ်ပြီး ဦးဆောင်နေတဲ့အသင်းဖြစ်သလို ခြေစွမ်ပိုင်းလည်း အကောင်းဆုံး ပုံစံမှာ ရှိနေတာပါ။ လီဗာပူးလ်၊ နာပိုလီတို့နဲ့ ကစားခဲ့တဲ့ PSGရဲ့ ချန်ပီယံလိဂ် အဝေးကွင်း ရလဒ်ပိုင်းကတော့ မန်ချက်စတာယူနိုက်တက်အတွက် အခွင့်အရေး ရှိနေပါတယ်။

PSG မှာ အားထားရတဲ့ နေမာ မပါနိုင်သလို ကဗာနီလည်း ဒဏ်ရာရနေလို့ တိုက်စစ်ပိုင်းက အမ်ဘတ်ပေ တစ်ဦးတည်း ဖြစ်နေတာက မန်ချက်စတာယူ နိုက်တက် ကံကောင်းတာပါ။ ဥရောပ အတွေ့ကြုံပိုင်းမှာ မန်ယူဟာ ဒီဖက်နှစ်တွေမှာ အားရစရာ မရှိပေမယ့် အစဉ်လာကြီးမားတဲ့ အသင်းဖြစ်လို့ အိုးထရက်ဖို့ဒ်မှာ ဘယ်လို ကစားမလဲ စိတ်ဝင်စားစရာပါ။

ရိုးမား - ပေါ်တို

အဲ့ဒီနေ့မှာပဲ ရိုးမားက ပေါ်တိုနဲ့ ကစားဖို့ ရှိပြီး ရောမကွင်းမှာ ဆုံတွေ့မှာ ဖြစ်ပါတယ်။ လိဂ်မှာ အခြေအနေ မကောင်းပေမယ့် ရိုးမားရဲ့ ချန်ပီယံလိဂ် ခြေစွမ်းပိုင်းကြောင့် အိမ်ကွင်းမှာ အနိုင်ရဖို့ အခွင့်အရေး ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption နောက်ဆုံး ၅နှစ်အတွင်း ၄ကြိမ် ချန်ပီယံ ဖြစ်ထားတဲ့ ရီးယဲယ်မက်ဒရစ်

အားယက်စ် - ရီးယဲယ်မက်ဒရစ်

လက်ရှိချန်ပီယံ ရီးယဲယ်ကတော့ အဝေးကွင်းမှာ အားယက်စ်နဲ့ ဆုံတွေ့မှာ ဖြစ်ပေမယ့် လက်ရှိ ခြေစွမ်းအရ ခက်ခဲဖို့ မရှိနိုင်ဘူးလို့ ဆိုရမှာပါ။ ရီးယဲယ်ဟာ နူးကမ့်မှာ ဘာစီလိုနာ၊ မက်ဒရစ်ဒါဘီမှာ အက်သလက်တီကိုတို့နဲ့ ရလဒ်ကောင်းထားသလို ဆိုလာရီလက်ထက် အသင်းကစားပုံကလည်း အရင်နှစ်က ပုံစံမျိုး ပြန်ရနေတာပါ။ တိုက်စစ်ပိုင်းမှာ ရော်နယ်လ်ဒိုမရှိလို့ အားနည်းနေပေမယ့် ဘန်ဇီမာ ဂိုးမြူးနေတာ၊ လူငယ်ကစားသမား ဗင်နီချီ ခြေစွမ်းပြနေတာရယ်၊ ကွင်းလယ်က မိုဒရစ်၊ တိုနီခရုဇ်၊ ကတ်စမီးရိုးတို့ကြောင့် ချန်ပီယံ ရီးယဲယ်အတွက် အခက်တွေ့ဖွယ် မရှိပါဘူး။ တစ်ခု သတိထားရမှာ ဘိုင်ယန်ကို အကြိတ်အနယ် ကစားခဲ့တဲ့ အားယက်စ်ခြေစွမ်းကိုတော့ လျော့တွက်လို့ မရပါဘူး။ အစဉ်လာအရရော ချန်ပီယံလိဂ် အဝေးကွင်းမှာ ပုံစံကောင်း အမြဲရလေ့ရှိတဲ့ ရီးယဲယ်အတွက် လိုချင်တဲ့ ရလဒ်မျိုး ရနိုင်တဲ့ပွဲလို့ ဘောလုံးကျွမ်းကျင်သူတွေ သုံးသပ်နေကြပါတယ်။

တော့တင်ဟမ်ဟော့စပါး - ဒေါ့မန်

စပါးကတော့ ဘွန်ဒက်စ်လီဂါက ဦးဆောင်သူ ဒေါ့မန်နဲ့ ဆုံတွေ့မှာဖြစ်လို့ ပွဲကျပ် ကစားရမှာပါ။ အခုနောက်ပိုင်း နှစ်သင်းစလုံး ခြေစွမ်းပိုင်း အကောင်းဆုံး ပုံစံ မရှိကြပေမယ့် စပါးကတော့ ရလဒ်ကောင်းတွေ ရယူနိုင်ဆဲပါ။ ကိန်း၊ အာလီတို့ မပါပေမယ့် ဆွမ်ခြေစွမ်းပြနေတာ စပါးကံကောင်းနေတာပါ။ တစ်ရာသီလုံး ဒေါ့မန် ခြေစွမ်းကောင်းခဲ့ပေမယ့် အခုနောက်ပိုင်း ခြေစွမ်းကြောင့် ၀င်ဘလေကွင်းမှာ အခက်တွေ့နိုင်ပါတယ်။ စပါးအတွက် ရလဒ်ကောင်းရဖို့ အခွင့်အရေး သာနေပါတယ်။

( ချန်ပီယံလိဂ် ရှုံးထွက် ပွဲတွေကို မြန်မာစံတော်ချိန် နံနက် ၂နာရီခွဲ ကန်မှာ ဖြစ်ပါတယ် )

ဆက်စပ် အကြောင်းအရာများ