ချယ်လ်ဆီးကွင်းက ရလဒ်ဆိုးတွေကို ဆိုးလ်ရှား ချေဖျက်နိုင်မလား

ဓာတ်ပုံ မူပိုင် AFP
Image caption မနှစ်က ဖိုင်နယ်မှာတော့ ချယ်လ်ဆီးက ဟာဇက်ရဲ့ ပင်နယ်တီဂိုးနဲ့ အနိုင်ယူထားပါတယ်။

မနှစ်က FA Cup ပြိုင်ပွဲမှာ ဗိုလ်လုခဲ့ကြတဲ့ ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ကတော့ ပဉ္စမအဆင့်မှာ ထိပ်တိုက် ဆုံတွေ့မှာ ဖြစ်ပါတယ်။ အအောင်မြင်ဆုံး အာဆင်နယ်ကို အနိုင်ယူလာ ခဲ့တဲ့ ဆိုးလ်ရှားရဲ့ မန်ချက်စတာယူနိုတက်အတွက် နောက်ထပ် ပွဲကျပ် တစ်ပွဲကို အဝေးကွင်း ကန်ရမှာပါ။

အစဉ်အလာ

မန်ချက်စတာယူနိုက်တက်ဟာ ဆိုးလ်ရှား လက်ထက် အကောင်းဆုံး ပုံစံမှာ ရှိနေပေမယ့် အဝေးကွင်းမှာ ချယ်လ်ဆီးကို ခက်ခက်ခဲခဲ ကစားရဖို့ ရှိနေပါတယ်။ အထူးသဖြင့် ချယ်လ်ဆီးရဲ့ ကွင်းဟာ ယူနိုက်တက် အတွက် ရလဒ်ဆိုးတွေ အမြဲ ရလေ့ရှိတဲ့ ကွင်းပါ။ ပြိုင်ပွဲ အရပ်ရပ် နောက်ဆုံး တွေ့ခဲ့တဲ့ ၁၀ပွဲမှာ ချယ်လ်ဆီးက ၈ပွဲနိုင်၊ ၂ပွဲသရေ ကစားထားပြီး ရှုံးပွဲမရှိ ရယူထားပါတယ်။ ယူနိုက်တက် အတွက် စတမ်းဖို့ဒ်ဘရစ်ကွင်းမှာ နောက်ဆုံး နိုင်ခဲ့တာက ၂၀၁၂က ဖြစ်ပြီး ၃-၂ဂိုးနဲ့ နိုင်ခဲ့တာ ဖြစ်ပါတယ်။

FA Cup ပြိုင်ပွဲတွေမှာတော့ ချယ်လ်ဆီးဟာ ယူနိုက်တက်ကို နောက်ဆုံး ၄ကြိမ်တိတိ ဖြုတ်ချခဲ့တဲ့ အသင်းဖြစ်ပါတယ်။ မနှစ်က ဖိုင်နယ်မှာ အနိုင်ယူခဲ့တဲ့ ချယ်လဆီးဟာ ၂၀၁၈၊ ၂၀၁၇၊ ၂၀၁၃ နဲ့၂၀ဝ၇ ပွဲတွေကို အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ကတော့ FA Cupမှာ ချယ်လ်ဆီးကို ဖလား ၃လုံးရခဲ့တဲ့ ၁၉၉၉ ပြန်ကန်ပွဲမှာ ၂ဂိုးပြတ်နဲ့နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ချယ်လ်ဆီးကွင်းမှာ နောက်ဆုံး ကစားခဲ့တဲ့ ၁၀ပွဲမှာတော့ အိမ်ရှင်အသင်းကပဲ ၈ပွဲအထိ နိုင်ထားပြီး ၂ပွဲသရေ ကစားထားတာပါ

လက်ရှိ အနေအထား

ဒီနှစ်သင်းရဲ့ လက်ရှိ ခြေစွမ်းပိုင်းကိုကြည့်ရင် မန်ချက်စတာယူနိုက်တက်က ချယ်လ်ဆီးထက် ပိုပြီးတည်ငြိမ်နေပြီး ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်းပါ။ PSG ကို ချန်ပီယံလိဂ်ရှုံးခဲ့တဲ့ပွဲဟာ ဆိုးလ်ရှားလက်ထက် ပထမဆုံး အရှုံးကို ရင်ဆိုင် ရခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးကတော့ ဆာရီလက်ထက်မှာ အသင်းကစားပုံ တည်ငြိမ်မှု အားနည်းနေပြီး အဝေးကွင်းမှာ အမြဲလိုလို ရုန်းကန်နေရတဲ့ အသင်းပါ။ ဒါပေမယ့် အိမ်ကွင်းမှာဆိုရင်တော့ မန်စီးတီးလို အသင်းမျိုးကိုတောင် အနိုင်ရခဲ့ဖူးပါတယ်။ ဒီနှစ်သင်း ဒီရာသီ ဆုံခဲ့တုန်း ကတော့ ချယ်လ်ဆီးဟာ နောက်ကျဂိုးကြောင့် ၂ဂိုးစီ သရေကျခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption လက်ရှိ ခြေစွမ်းပိုင်းကိုကြည့်ရင်တော့ မန်ချက်စတာယူနိုက်တက်က ချယ်လ်ဆီးထက် ပိုပြီးတည်ငြိမ်နေ

ဒဏ်ရာပြဿနာ

ချယ်လ်ဆီးမှာ ဒဏ်ရာပြဿနာတွေ ကင်းစင်နေပေမယ့် မန်ချက်စတာ ယူနိုက်တက်မှာတော့ အားထားရတဲ့ မာရှယ်လ်နဲ့ လင့်ဂါတ်တို့ ဒဏ်ရာတွေကြောင့် ဒီပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။ လက်ရှိအနေအထားအရ အရန်ဖြစ်နေတဲ့ ဆန်းချက်ဇ်၊ လူကာကူတို့ရဲ့ ခြေစွမ်း ပိုင်းလည်း သူတို့နေရာမှာ အစားထိုးနိုင်ဖို့ လိုအပ်ချက်တွေရှိနေလို့ လျင်လျင်မြန်မြန် တိုက်စစ် ဆင်ကစားတတ်တဲ့ ဆိုးလ်ရှားရဲ့ နည်းဗျူဟာပိုင်းမှာ အခက်တွေ့နိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဒဏ်ရာတွေကြောင့် ၃တ်အထိ အနားယူရမယ့် မာရှယ်လ်နဲ့ လင့်ဂါတ်

ဘယ်သူအနိုင်ရမလဲ

၂၀ဝ၂-ဝ၃ နောက်ပိုင်း မန်ချက်စတာယူနိုက်တက်ကို အင်္ဂလန် ပြည်တွင်းဖလားပွဲတွေမှာ မရှုံးသေးတဲ့ ချယ်လ်ဆီးဟာ လူစုံကစား မှာဖြစ်လို့ ဆာရီရဲ့ အသင်း ကွာတားဖိုင်နယ်တက်ဖို့ အခွင့်အရေးများတယ်လို့ နာမည်ကျော် ဘောလုံးသမားတွေကတော့ သုံးသပ် ထားပါတယ်။ အထူးသဖြင့် ကွင်းလယ်ပိုင်း အားပြိုင်မယ့် ဒီပွဲမှာ ကန်တေ၊ ဂျော်ဂျင်ညို၊ ဘာကလေ၊ ကိုဗာချစ်တို့က ယူနိုက်တက်က ပေါ့ပ်ဘာ၊ မာတစ်၊ ဟာရဲရားတို့ အတွဲကို ထိန်းချုပ်သွားနိုင်ပါတယ်။ အသင်းကြီး နှစ်သင်းရဲ့ ပွဲဖြစ်လို့ အကြိတ်အနယ် ရှိနိုင်ပေမယ့် စတမ်းဖို့ဒ်ဘရစ်ကွင်းမှာ အမြဲတမ်း ရုန်းကန်နေရတဲ့ အစဉ်လာတွေကိုတော့ ဆိုးလ်ရှားတစ်ယောက် ဘယ်လို ချေဖျက်မလဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

စတမ်းဖို့ဒ်ဘရစ်မှာ ထိပ်တိုက် မှတ်တမ်း

ချယ်လ်ဆီး ၂-၂ မန်ယူ ( ပရီးမီးယားလိဂ်၊ ၂၀၁၈-၁၉ )

ချယ်လ်ဆီး ၁-ဝ မန်ယူ ( FA Cup ၊ ၂၀၁၇-၁၈ )

ချယ်လ်ဆီး ၁-ဝ မန်ယူ ( ပရီးမီးယားလိဂ်၊ ၂၀၁၇-၁၈ )

ချယ်လ်ဆီး ၁-ဝ မန်ယူ ( FA Cup ၊ ၂၀၁၆-၁၇ )

ချယ်လ်ဆီး ၄-ဝ မန်ယူ ( ပရီးမီးယားလိဂ်၊ ၂၀၁၆-၁၇ )

ချယ်လ်ဆီး ၁-၁ မန်ယူ ( ပရီးမီးယားလိဂ်၊ ၂၀၁၅-၁၆ )

ချယ်လ်ဆီး ၁-ဝ မန်ယူ ( ပရီးမီးယားလိဂ်၊ ၂၀၁၄-၁၅ )

ချယ်လ်ဆီး ၃-၁ မန်ယူ ( ပရီးမီးယားလိဂ်၊ ၂၀၁၃-၁၄ )

ချယ်လ်ဆီး ၁-ဝ မန်ယူ ( FA Cup ၊ ၂၀၁၂-၁၃ )

ချယ်လ်ဆီး ၅-၄ မန်ယူ ( လိဂ်ဖလား ၊ ၂၀၁၂-၁၃)

ချယ်လ်ဆီး ၂-၃ မန်ယူ ( ပရီးမီးယားလိဂ်၊ ၂၀၁၂-၁၃ )

FA Cup အောင်မြင်မှု

၁) အာဆင်နယ် - ၁၃ကြိမ်

၂) မန်ချက်စတာယူနိုက်တက် - ၁၂ကြိမ်

၃) ချယ်လ်ဆီး - ၈ကြိမ်

၄) စပါး - ၈ကြိမ်

၅) လီဗာပူးလ် - ၇ကြိမ်

၆) အက်စတန်ဗီလာ - ၇ကြိမ်

၇) နယူးကာဆယ် - ၆ကြိမ်

၈) ဘလက်ဘန်း - ၆ကြိမ်

၉) အဲဗာတန် - ၅ကြိမ်

၁၀) မန်စီးတီး - ၅ကြိမ်

ဆက်စပ် အကြောင်းအရာများ