ချန်ပီယံဟောင်းတွေ အားပြိုင်ကြမယ့် အန်းဖီးလ်က ထိပ်တိုက်ပွဲ

ဓာတ်ပုံ မူပိုင် AFP
Image caption ၅ကြိမ် ချန်ပီယံတွေ အားပြိုင်မယ့်ပွဲ

ဥရောပ ချန်ပီယံလိဂ်ရဲ့ ရှုံးထွက်အဆင့် ပွဲတွေကို ဒီတစ်ပတ် ကြားရက် တွေမှာလည်း ဆက်ကစားကြမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်တုန်းကတော့ လက်ရှိ ချန်ပီယံ ရီးယဲယ်မက်ဒရစ် အပါအဝင်၊ တော့တင်ဟမ်ဟော့စပါး၊ PSG ၊ ရိုးမားတို့ အားလုံး နိုင်ခဲ့ကြပါတယ်။ ဒီနှစ် ချန်ပီယံလိဂ်မှာ ပထမဆုံး မိတ်ဆက်ခဲ့တဲ့ VAR (Video Assistant Referee ) ကတော့ ပွဲဦးထွက် မလှခဲ့ဘဲ အငြင်းပွားဖွယ်ရာတွေ ဖြစ်ခဲ့ပါတယ်။

အင်္ဂါနေ့ညမှာတော့ ဥရောပရဲ့ ထိပ်တန်း ချန်ပီယံနှစ်သင်း အားပြိုင်ပွဲမယ့်ပွဲက စိတ်ဝင်စားဖို့ ကောင်းပြီး လီဗာပူးလ်နဲ့ ဘိုင်ယန်မြူးနစ်တို့ ဆုံတွေ့မှာပါ။ တစ်ချိန်တည်းမှာပဲ ဘာစီလိုနာက ကစားရခက်တဲ့ လီယွန်ကွင်းမှာ သွားကစားရဖို့ ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အရေးပါတဲ့ ဂိုးတွေသွင်းပေးနေဆဲ ဖြစ်တဲ့ လီဗာပူးလ် တိုက်စစ်အတွဲ

လီဗာပူးလ် - ဘိုင်ယန်မြူးနစ်

မနှစ်က ဖိုင်နယ်တက်ခဲ့တဲ့ ယာဂမ်ကလော့ပ်ရဲ့ လီဗာပူးလ်အတွက် ဂျာမန်ကလပ်တွေနဲ့ ပြန်ရင်ဆိုင်ရမယ့်ပွဲပါ။ အထူးသဖြင့် ဂျာမန်မှာ အဓိက ပြိုင်ဖက် ဖြစ်ခဲ့တဲ့ ဘိုင်ယန်နဲ့ ဆုံတွေ့ရမှာဖြစ်လို့ အန်းဖီးလ်မှာ ရလဒ်ကောင်းဖို့ ခက်ခက် ခဲခဲ ကြိုးစားရမှာပါ။

ဘိုင်ယန်မှာတော့ အားထားရတဲ့ တိုက်စစ်မှူး သောမတ်စ် မူလာ ပွဲပယ်ခံထားရသလို တောင်ပံကစားသမား အချို့လည်း ကြံ့ခိုင်မှု ပြည့်ဝဖို့ ရုန်းကန်နေရပါတယ်။ လီဗာပူးလ်ကတော့ အက်ဖ်အေကပ်ပွဲ မရှိလို့ တစ်ပတ်လုံး နားရက်ရထားသ လို ခံစစ်ပိုင်းမှာ လူအနည်းငယ် ပြန်စုံလာပြီ ဖြစ်ပါတယ်။

ခြေစွမ်းပိုင်းအရကြည့်ရင် နှစ်သင်း ကွာဟချက် သိပ်မရှိပေမယ့် ဒီနှစ်ရာသီ ဘိုင်ယန်ရဲ့ အဝေးကွင်း ပုံစံကတော့ အားရစရာ မရှိဘဲ ရုန်းကန်နေရတာပါ။ ချန်ပီယံလိဂ် အိမ်ကွင်းမှာ နာပိုလီ၊ PSG တို့လို အသင်းတွေကို အနိုင်ယူထားတဲ့ လီဗာပူးလ်ရဲ့ ခြေစွမ်းပိုင်း၊ အိမ်ကွင်း အားသာချက်တွေကြောင့် အန်းဖီးလ်မှာ အသာရနိုင်မယ့် ပွဲပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption ဘာစီလိုနာအတွက် ပြိုင်ပွဲအရပ်ရပ်မှာ ဂိုး ၃၀သွင်းထားတဲ့ မက်ဆီ

လီယွန် - ဘာစီလိုနာ

ပြင်သစ်လိဂ်မှာ PSG ကို အနိုင်ယူထားသလို အုပ်စုတုန်းကလည်း မန်စီးတီးကို အနိုင်ရခဲ့တဲ့ လီယွန်ရဲ့ ခြေစွမ်းကို လျော့တွက်လို့ မရပါဘူး။ အရည်သွေးမြင့် ကစားသမားတွေ ရှိသလို အိမ်ကွင်း အားသာချက်ရှိတဲ့ အသင်းပါ။ ဘာစီလိုနာကတော့ ပွဲကျပ်ကာလ အဝေးကွင်း ၄ပွဲဆက် ကန်ရမယ့် ပွဲတွေထဲ ပထမဆုံးပွဲပါ။ လူစာရင်းအရ ဘာစီလိုနာကို လီယွန် မယှဉ်နိုင်ပေမယ့် ဒီဖက်နောက်ပိုင်း ဘာစီလိုနာ ကစားပုံ အားလျော့ လာတာကိုတော့ သတိပြုရမှာပါ။ အကြိတ်အနယ် ကစားရဖို့ ရှိပေမယ့် အိမ်ကွင်းမှာတော့ လီယွန် အခြေအနေကောင်းနိုင်ပြီး ဘာစီလိုနာ ခက်ခက်ခဲခဲ ကစားရဖို့ ရှိနေပါတယ်။

ဗုဒ္ဓဟူးနေ့ကတော့ ချန်ပီယံလိဂ်ဖိုင်နယ် ကျင်းပခွင့်ရထားတဲ့ အက်သလက်တီကိုနဲ့ ရော်နယ်လ်ဒိုကို ခေါ်ထားတဲ့ ဂျူဗင်တပ်စ်တို့ အားပြိုင်ကြမှာ ဖြစ်သလို ရေပန်းအစားဆုံး မန်စီးတီးက ရှော်လ်ကာနဲ့ ဆုံတွေ့မှာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption မက်ဒရစ်မှာ အားပြိုင်မယ့် ဂရီးဇ်မန်းနဲ့ ရော်နယ်လ်ဒို

အက်သလက်တီကို - ဂျူဗင်တပ်စ်

ခံစစ်ပိုင်းကောင်းတဲ့ နှစ်သင်းရဲ့ ပွဲဖြစ်လို့ ဘယ်သူ အနိုင်ရမလဲ ခန့်မှန်းရခက်တဲ့ပွဲပါ။ အထူးသဖြင့် အိမ်ကွင်းမှာ ကစားပုံ မာကျောပြီး ရလဒ်ကောင်းတဲ့ အက်သလက်တီကို တိုက်စစ်ပိုင်းက ခီလီနီ၊ ဘိုနူချီတို့ရဲ့ ဂျူဗင်တပ်စ် ခံစစ်ပိုင်းကို ဘယ်လိုကျော်ဖြတ်မလဲ စိတ်ဝင်စားစရာပါ။ ၂၀၁၄ခုနှစ်တုန်းက အုပ်စုအဆင့်မှာ ဆုံတွေ့ဖူးပြီး အက်သလက်တီကိုက ၁ပွဲနိုင်၊ ၁ပွဲသရေ ကစားထားပါတယ်။ ဒါပေမယ့် လက်ရှိ ဂျူဗင်တပ်စ်ဟာ စီးရီးအေမှာ အကောင်းဆုံး ပုံစံ ပြသနေသလို ရော်နယ်လ်ဒိုကလည်း ဂိုးမြူးနေပါတယ်။ မက်ဒရစ်ဒါဘီမှာ ဂိုးအမြဲရလေ့ရှိတဲ့ ရော်နယ်လ်ဒိုရဲ့ စပိန်ပြန် ခရီးက ဘယ်လောက် ခက်ခဲမလဲ။ ကစားရခက်တဲ့ နှစ်သင်းရဲ့ ပွဲက အကြိတ်အနယ်နဲ့ ဘယ်သူနိုင်မလဲ ခန့်မှန်းရခက်နေပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဖလား ၄လုံး ပစ်မှတ်ထားနေတဲ့ ပတ်ဂွါဒီယိုလာ နဲ့ မန်စီးတီး

ရှောလ်ကာ - မန်စီးတီး

ဖလား ၄လုံးမျှော်လင့်ချက်ရှိနေတဲ့ ပတ်ဂွါဒီယိုလာရဲ့ မန်စီးတီးအတွက် ခက်ခက်ခဲခဲ ကစားရဖို့ မရှိတဲ့ပွဲပါ။ ဒီဖက်နောက်ပိုင်း မန်စီးတီး ကစားပုံ ပိုကောင်းလားပြီး ဂိုးတွေလည်း ပိုသွင်းထားနိုင်ပါတယ်။ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၁၀ပွဲမှာ ၉ပွဲနိုင်ထားတဲ့ မန်စီးတီး တိုက်စစ်မှာ ဆာဂျီယို အဂွဲရိုး ဂိုးမြူးနေသလို ပတ်ဂွါဒီယိုလာရဲ့ အလှည့်ကျ လူထုတ်ပုံကြောင့် ပွဲပန်းမှု မရှိနိုင်တဲ့ မန်စီးတီး အဝေးကွင်းမှာ ရလဒ်ကောင်း ရနိုင်ဖွယ် ရှိပါတယ်။

( ချန်ပီယံလိဂ်ပွဲတွေကို မြန်မာစံတော်ချိန် နံနက် ၂နာရီခွဲမှာ ကန်မှာ ဖြစ်ပါတယ်။)

ဆက်စပ် အကြောင်းအရာများ