ဟက်ထရစ် ၅၀ နဲ့ မက်ဆီလိုနာ

ဓာတ်ပုံ မူပိုင် AFP
Image caption ဘာစီလိုနာအတွက် ၄၄ကြိမ် ဟက်ထရစ် သွင်းထားတဲ့ မက်ဆီ

အသက် ၃၁ နှစ် အရွယ်ရှိတဲ့ ဘာစီလိုနာ စူပါစတား မက်ဆီ ကတော့ လာလီဂါမှာ နောက်ထပ် ဟက်ထရစ် သွင်းနိုင်ခဲ့ ပါတယ်။ ပွဲကျပ် ကာလအတွင်း အဝေးကွင်း ကစားရတဲ့ ဘာစီလိုနာဟာ စနေနေ့က ဆဗီယာနဲ့ ပွဲမှာ အကြိတ်အနယ် ကစားပြီး ၄-၂ဂိုးနဲ့နိုင်ခဲ့တာပါ။

နောက်က လိုက်ကစားရတဲ့ ဘာစီလိုနာ အတွက် အသင်းခေါင်းဆောင် မက်ဆီတစ်ယောက် အရည်အသွေးမြင့် သွင်းဂိုး တွေနဲ့ ဆဗီယာ ဖက်ကို ဟက်ထရစ်သွင်းနိုင်ခဲ့တာပါ။ ပြိုင်ပွဲ ၃ရပ်မှာ စစ်မျက်နှာ ဖွင့်ထားတဲ့ ဘာစီလိုနာ အတွက် အဝေးကွင်း နိုင်ပွဲက အရေးပါခဲ့သလို မက်ဆီရဲ့ ခမ်းနားလှတဲ့ ကစားသမား ဘ၀မှာ နောက်ထပ် မှတ်တမ်းသစ်တွေကို ထပ်ပြီး ရေးထိုးနိုင်ခဲ့တာပါ။

မက်ဆီဟာ ဆဗီယာနဲ့ပွဲမှာ ဘယ်ခြေနဲ့ မြေမကျဘော၊ ညာခြေနဲ့ ဒုတိယဂိုးနဲ့ ဂိုးသမားကိုကျော်ပြီး လှလှပပ တတိယဂိုး သွင်းခဲ့အပြီးမှာတော့ ကစားသမား သက်တမ်းတစ်လျောက် ၃ဂိုး ဟက်ထရစ်သွင်းနိုင်တာ အကြိမ် ၅၀အထိ ရှိလာခဲ့ ပါတယ်။ ၂၀ဝ၇ခုနှစ်က အသက် ၁၉နှစ်သား မက်ဆီဟာ ရီးယဲယ်မက်ဒရစ်နဲ့ El Clasico ပွဲကြီးမှာ သူ့ရဲ့ ပထမအဆုံး ဟက်ထရစ်ကို သွင်းနိုင်ခဲ့ပြီး ၁၂နှစ်အကြာမှာတော့ ကစားသမားဘဝ အကြိမ် ၅၀မြောက် ဟက်ထရစ်ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၀၇ခုနှစ်က ရီးယဲယ်မက်ဒရစ်ဘက်ကို ပထမဆုံး ဟက်ထရစ် သွင်းခဲ့တဲ့ ၁၉နှစ်သား မက်ဆီ

ဒီနှစ် လာလီဂါမှာ ဒုတိယအကြိမ် ဟက်ထရစ်ရခဲ့သလို ပြိုင်ပွဲအရပ်ရပ်မှာ ၃ကြိမ်မြောက် ဟက်ထရစ်သွင်းနိုင်ခဲ့တာပါ။ မက်ဆီဟာ ပြိုင်ပွဲစုံ ၃၂ပွဲမှာ ၃၃ဂိုးသွင်းထားသလို နောက်ဆုံး ၁၁ရာသီ ဆက်တိုက် သွင်းဂိုး ၃၀နဲ့အထက် သွင်းနိုင်တဲ့ ပထမဆုံး ကစားသမားပါ။ စံချိန်တွေ တစ်ခုပြီး တစ်ခုတင်နေတဲ့ မက်ဆီအတွက်တော့ ဘာစီလိုနာနဲ့ ၄၄ကြိမ်၊ အာဂျင်တီးနားနဲ့ ၆ကြိမ် ဟက်ထရစ် သွင်းနိုင်ခဲ့တာဖြစ်ပြီး ပွဲပေါင်း ၇၉၇ ပွဲမှာ ရခဲ့တာ ဖြစ်ပါတယ်။

၂၀ဝ၉ခုနှစ် ပတ်ဂွါဒီယိုလာ လက်ထက်မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဖြစ်လာခဲ့တဲ့ မက်ဆီဟာ လက်ရှိ ဘာစီလိုနာ အသင်းရဲ့ အရေးပါဆုံး ကစားသမားဖြစ်ပြီး မက်ဆီရဲ့ ခြေစွမ်းပြနိုင်မှု၊ မပြနိုင်မှုက ရလဒ်ပိုင်းမှာ သိသိ သာသာ အရေးပါလာခဲ့တာပါ။ ပတ်ဂွါဒီယိုလာ လက်ထက် ဥရောပ အကောင်းဆုံး အသင်းဖြစ်ခဲ့တဲ့ ဘာစီလိုနာမှာ မျိုးဆက် ရှားပါလာပြီး ပီကေး၊ ဘူစကွက်တို့လို အဓိက ကစားသမားတွေ အသက် အရွယ်ရလာချိန် မက်ဆီတစ် ယောက် အသင်းကို ဆွဲတင်နေရတာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption အဓိက ပြိုင်ဖက် ရော်နယ်လ်ဒိုဟာ ကလပ်နဲ့ နိုင်ငံအတွက် ၅၁ကြိမ် ဟက်ထရစ်သွင်းထားပြီး မက်ဆီထက် ၁ကြိမ် အသာရထား။

တွဲဖက်တိုက်စစ်မှူး ဆွာရက်ဇ်ကလည်း တိုက်စစ်ပိုင်းမှာ အရင်လို ဂိုးတွေမရတော့တဲ့အချိန် မက်ဆီဟာ ၃၁နှစ်အရွယ်နဲ့ မလိုက်အောင် balance ပျက်နေပြီဖြစ်တဲ့ အသင်းကို ဦးဆောင်နေရတာပါ။ ပြီးခဲ့တဲ့ ရာသီ ဘာစီလိုနာက စံချိန်တင် ကြေးတွေနဲ့ အားကိုးတကြီး ခေါ်ထားတဲ့ ကော်တင်ညို၊ ဒမ်ဘီလီတို့ရဲ့ ခြေစွမ်း မမှန်မှု၊ အင်နီယေစတာ၊ ဇာဗီ မရှိတော့တဲ့ ကွင်းလယ်ပိုင်းမှာ အားဖြည့် ကစားနေရတဲ့ မက်ဆီအတွက် ဝန်ထုတ်ဝန်ပိုးတစ်ခုဖြစ်နေပါတယ်။

ထိပ်ဆုံးအဆင့်မှာ ဆယ်စုနှစ် တစ်ခုကျော်ကြာ ရော်နယ်လ်ဒိုနဲ့အပြိုင် ခြေစွမ်းပြနေတဲ့ မက်ဆီအတွက် ၃၁နှစ်အရွယ်ဟာ သက်တောင့်သက်သာ ကစားရမယ့် အရွယ်ဖြစ်ပေမယ့် အရင်တုန်းကလိုမျိုးပဲ ကစားသမား ၃ယောက်လောက်ကို လိမ်ပြေး ပြီး အသင်းကို ဦးဆောင်နေရဆဲ ဖြစ်ပါတယ်။

၂၀ဝ၄ခုနှစ်က ဘာစီလိုနာနဲ့ ကစားသမား ဘဝစတင်ခဲ့တဲ့ မက်ဆီအတွက် ဒီနှစ် လာလီဂါမှာ ၂၅ဂိုးသွင်းထားပြီး ဥရောပ ထိပ်တန်းလိဂ်တွေထဲ ဂိုးအများဆုံး သွင်းထားသူတစ်ယောက် ကတ်တလန်သားတွေရဲ့ မျှော်လင့်ချက်ကို ဆက်ပြီး အသက်သွင်းနေမှာ သေချာပါတယ်။ ချန်ပီယံလိဂ်ဖလားကို ၂၀၁၅ခုနှစ်က ရပြီးနောက်ပိုင်း ၃နှစ်ဆက် ကွာတားကနေပဲ ထွက်ခဲ့ရတဲ့ မှတ်တမ်းဆိုးကို ချေဖျက်ဖို့ ကတ်တလန်သားတွေ စိတ်ထဲမှာ ရှိနေကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဒီနှစ်ရာသီ ပြိုင်ပွဲစုံ ၃၂ပွဲမှာ ၃၃ဂိုး သွင်းထားတဲ့ မက်ဆီ

ဘာစီလိုနာဟာအတွက် ချန်ပီယံလိဂ် ဖလားဟာ သူတို့ရဲ့ အဓိက ပစ်မှတ်လို့ ရာသီအစမှာ မက်ဆီ ဆိုခဲ့သလို ခါးသီးတဲ့ ရီးယဲယ်မက်ဒရစ်နဲ့ El Clasico အဝေးကွင်း ၂ပွဲကလည်း အသင့် ဖြစ်နေပါတယ်။ ဖလား ၃လုံး လမ်းကြောင်းပေါ် မှာ ဆက်ရှိနေဖို့ မက်ဆီလိုနာလို့တောင် ကတ်တလန် ပရိသတ်တွေက ချစ်စနိုး ခေါ်နေရတဲ့ မက်ဆီ တစ်ယောက် ဟက်ထရစ် ၅၀ ကနေ နောက်ထပ် ဘယ်လို ခြေစွမ်းမျိုးတွေ၊ စံချိန်တွေနဲ့ ဆက်ပြဦးမလဲ ဘောလုံးချစ် ပရိသတ်တွေ ကတော့ စောင့်မျှော်နေကြ ပါတယ်။

မက်ဆီနဲ့ ဒီနှစ်ရာသီ စွမ်းဆောင်ရည်

ပြိုင်ပွဲအရပ်ရပ် - ၃၂ပွဲ၊ ၃၃ဂိုး၊ ၁၅ဂိုး ဖန်တီး

လာလီဂါ - ၂၃ပွဲ၊ ၂၅ဂိုး၊ ၁၁ဂိုး ဖန်တီး

ချန်ပီယံလိဂ် - ၅ပွဲ၊ ၆ဂိုး၊ ၁ဂိုး ဖန်တီး

ကစားသမားဘ၀ ဟက်ထရစ်မှတ်တမ်း

ဘာစီလိုနာ - ၄၄ကြိမ်

အာဂျင်တီးနား - ၆ကြိမ်

၂၀၁၈-၁၉ရာသီ - ၃ကြိမ်

ပထမဆုံးဟက်ထရစ် - ရီးယဲယ်မက်ဒရစ် ( ၂၀ဝ၇)

၅၀ကြိမ်မြောက် ဟက်ထရစ် - ဆဗီယာ ( ၂၀၁၉)

နိုင်ငံ၊ ကလပ် ဟက်ထရစ်မှတ်တမ်း

၁) ရော်နယ်လ်ဒို - ၅၁ကြိမ် ( ၉၄၈ပွဲ)

၂) မက်ဆီ - ၅၀ကြိမ် ( ၇၉၇ပွဲ)

၃) ဆွာရက်ဇ် - ၂၉ကြိမ် ( ၇၈၆ပွဲ)

ဓာတ်ပုံ မူပိုင် AFP
Image caption မက်ဆီဟာ ဆဗီယာ အသင်းဖက်ကို ဟက်ထရစ် ၃ကြိမ်အထိ သွင်းယူခဲ့

မက်ဆီရဲ့ ရာသီအလိုက် ဟက်ထရစ်မှတ်တမ်း

၂၀ဝ၆-ဝ၇ ) ၁ကြိမ်

၂၀ဝ၈-ဝ၉ ) ၁ကြိမ်

၂၀ဝ၉-၁၀ ) ၄ကြိမ်

၂၀၁၀-၁၁ ) ၄ကြိမ်

၂၀၁၁-၁၂ ) ၁၁ကြိမ်

၂၀၁၂-၁၃ ) ၂ကြိမ်

၂၀၁၃-၁၄ ) ၄ကြိမ်

၂၀၁၄-၁၅ ) ၆ကြိမ်

၂၀၁၅-၁၆ ) ၃ကြိမ်

၂၀၁၆-၁၇ ) ၂ကြိမ်

၂၀၁၇-၁၈ ) ၄ကြိမ်

၂၀၁၈-၁၉ ) ၃ကြိမ် ( ကစားဆဲ)

ဟက်ထရစ် အများဆုံးသွင်းတဲ့ အသင်းများ

ဗလန်စီယာ - ၄ကြိမ်

ဆဗီယာ - ၃ကြိမ်

အက်သလက်တီကို - ၃ကြိမ်

အက်စ်ပန်ညို - ၃ကြိမ်

ရီးယဲယ် - ၂ကြိမ်

ဆက်စပ် အကြောင်းအရာများ