တစ်ပတ်အတွင်း နှစ်ပွဲဆက် ကန်ရမယ့် El Clasico

ဓာတ်ပုံ မူပိုင် AFP
Image caption ၁ပတ်အတွင်း ၂ပွဲကန်ရမယ့် El Clasico

လာလီဂါ ထိပ်သီးကလပ် ရီးယဲယ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ ကတော့ တစ်ပတ်အတွင်းမှာ ထိပ်တိုက် ဆုံတွေ့တဲ့ El Clasico ပွဲ ၂ပွဲ ကစားဖို့ ရှိပါတယ်။ ပထမ အကျော့တုန်းက ဘာစီလိုနာရဲ့ နူးကမ့်မှာ သရေကျခဲ့တဲ့ စပိန်ဘုရင့်ဖလား ဒုတိယ အကျော့ပွဲ အပြင် လာလီဂါ ဒုတိယ အကျော့လည်း ကစားမှာပါ။

ပွဲကျပ်ကာလ အဝေးကွင်း ၄ ပွဲဆက် ကစားရတဲ့ ဘာစီလိုနာ အတွက် လီယွန်၊ ဆဗီယာတို့ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ စနေနေ့က ဆဗီယာကွင်းမှာ ခြေစွမ်းပြပြီး ၄-၂ ဂိုးနဲ့ နိုင်ခဲ့ပေမယ့် ဘာစီလိုနာဟာ မဟာပြိုင်ဘက် ရီးယဲယ်နဲ့ အဝေးကွင်း ပွဲကျပ် ၂ ပွဲဆက် ကန်ရဖို့ ရှိပါတယ်။ အထူးသဖြင့် နူးကမ့်မှာ ၁ ဂိုးစီ သရေကျခဲ့တဲ့ ဘာစီလိုနာအတွက် စပိန်ဘုရင့်ဖလားပွဲမှာ ရလဒ်ကောင်းဖို့ လိုအပ်နေပြီး ဖလား ၃လုံး မျှော်လင့်ချက်ကို အသက်သွင်းဖို့ ကြိုးစားမှာ သေချာ ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဆိုလာရီလက်ထက် တိုးတက်လာပေမယ့် လိုအပ်ချက်တွေ ရှိနေသေးတဲ့ ရီးယဲယ်

ရီးယဲယ်မက်ဒရစ်ဟာ နည်းပြသစ် ဆိုလာရီ လက်ထက်မှာ ရလဒ်ကောင်းတွေ ရနေပေမယ့် ဇီဒန်း လက်ထက်က ပုံစံမျိုး ပြန်ရဖို့ ရုန်းကန်နေရဆဲပါ။ တိုက်စစ်ပိုင်းမှာ ဘန်ဇီမာ ဂိုးတွေသွင်းလာသလို လူငယ် တောင်ပံကစားသမား ဗစ်နီချ် ကလည်း အသင်းနဲ့ အထိုင်ကျနေပါတယ်။ ရီးယဲယ်ရဲ့ ကွင်းလယ်ပိုင်းမှာ တိုနီခရုစ်၊ မိုဒရစ်၊ ကတ်စမီးရိုးတို့ ပုံမှန် ခြေစွမ်းကြောင့် ပွဲတိုင်းမှာ အသာစီးနဲ့ ကစားနိုင်ပေမယ့် ပွဲအဖြေ ပြောင်းလဲတဲ့ ကစားသမားမျိုး လိုအပ်နေတာပါ။

ရော်နယ်လ်ဒို မရှိတော့တဲ့ တိုက်စစ်ပိုင်းကို ဘန်ဇီမာ တာဝန်ယူနေရပေမယ့် ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့ ဂါရတ်ဘေးလ်၊ ဆိုလာရီ မကြိုက်တဲ့ အစ္စကိုတို့ကြောင့် ရီးယဲယ်ဟာ အရင်လို တိုက်စစ်ထက်မြှက်မှု မရှိတော့တာပါ။ မာဆယ်လ်လိုကလည်း ပုံမှန်နေရာရဖို့ ကြိုးစားနေရတဲ့ အနေအထားကြောင့် ဘာစီလိုနာကို ခက်ခက်ခဲခဲ ကစားရမှာပါ။

ပထမအကျော့တုန်းက နူးကမ့်မှာ သရေကစားနိုင်ခဲ့ပေမယ့် မက်ဆီ ဂိုးမြူးနေတာက ရီးယဲယ်အတွက် အခက်တွေ့နိုင် ပါတယ်။ ဒါ့အပြင် မက်ဆီနဲ့ ဘာစီလိုနာဟာ ရီးယဲယ်ရဲ့ ဆန်တီယာဂို ဘာနေဘေးမှာ ရလဒ်ကောင်းလေ့ရှိတာပါ။ မှတ်တမ်းတွေအရ ဘာစီလိုနာဟာ အဝေးကွင်းမှာ ကန်ရတဲ့ နောက်ဆုံး ၆ပွဲမှာ ၄ပွဲအထိ အနိုင်ရထားသလို ခြေစွမ်းပိုပြ လေ့ရှိပါတယ်။ ရီးယဲယ်အတွက် အိမ်ကွင်းဖြစ်ပေမယ့် ဖိအားတွေနဲ့ ကစားရမှာ ဖြစ်သလို ဆိုလာရီအတွက် အကောင်းဆုံး လူစာရင်းကို ထုတ်နိုင်ဖို့ လိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ရီးယဲယ်ကွင်းမှာ အမြဲရလဒ်ကောင်းလေ့ရှိတဲ့ ဘာစီလိုနာ

ဘယ်သူနိုင်မလဲ

နှစ်သင်း လက်ရှိ ကစားပုံအရ ဘာစီလိုနာဟာ ပိုတည်ငြိမ်ပေမယ့် အဝေးကွင်း ပွဲဆက်တွေကြောင့် ပွဲပန်းနေနိုင်ပါတယ်။ ရာမို့စ်ပြန်ပါလာမယ့် ရီးယဲယ် ခံစစ်ပိုင်း ပိုကောင်းလာနိုင်ပေမယ့် ဘာစီလိုနာဖက်မှာလည်း အူတီတီ ကစားဖို့ ရှိလို့ ဘန်ဇီမာတို့ တိုက်စစ်ပိုင်းက ခက်ခက်ခဲခဲ ထိုးဖောက်သွားရနိုင်ပါတယ်။ မက်ဒရစ် ဒါဘီမှာ အက်သလက်တီကို ကစား ခဲ့တဲ့ ခြေစွမ်းအတိုင်းသာ ကစားနိုင်ခဲ့ရင် ရီးယဲယ်မှာ အခွင့်အရေးရှိပေမယ့် တစ်ဖက်က ဘာစီလိုနာကလည်း ဒီပြိုင်ပွဲရဲ့ ဆက်တိုက် ချန်ပီယံ ဖြစ်လို့ နှစ်သင်းစလုံးအတွက် အခွင့်အရေး ဆတူ ရှိနေဆဲပါ။

ဗလန်စီယာ - ဘက်တစ်

ပထမ အကျော့တုန်းက ၂ ဂိုးစီ သရေကျထားတဲ့ နှစ်သင်းရဲ့ ပွဲမှာ အိမ်ရှင် ဗလန်စီယာက အခွင့်အရေး ပိုကောင်းနိုင် ပါတယ်။ ယူရိုပါလိဂ်မှာ ရလဒ်ဆိုးပြီး ထွက်ခဲ့ရတဲ့ ဘက်တစ်အတွက် နောက်ထပ် ဖလားတစ်ခုကို မထွက်ရအောင် ကြိုးစားရမယ့်ပွဲပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption ဆွာရက်ဇ်နဲ့ ရာမို့စ်တို့ အားပြိုင်ရမယ့်ပွဲ

လာမယ့် El Clasico ပွဲများ

ရီးယဲယ် - ဘာစီလိုနာ ( စပိန်ဘုရင့်ဖလား ) ၂၇-ဝ၂-၂၀၁၉

( ပထမအကျော့ ၁ဂိုးစီသရေကျထား) ဝ၂-ဝ၃-၂၀၁၉

ရီးယဲယ် - ဘာစီလိုနာ ( လာလီဂါ )

ဘာစီလိုနာ နဲ့ အဝေးကွင်း မှတ်တမ်း

၂၀၁၇ ) ရီးယဲယ် ဝ-၃ ဘာစီလိုနာ ( လာလီဂါ)

၂၀၁၇ ) ရီးယဲယ် ၂-ဝ ဘာစီလိုနာ ( စူပါဖလား)

၂၀၁၇ ) ရီးယဲယ် ၂-၃ ဘာစီလိုနာ ( လာလီဂါ)

၂၀၁၅ ) ရီးယဲယ် ဝ-၄ ဘာစီလိုနာ ( လာလီဂါ)

၂၀၁၄ ) ရီးယဲယ် ၃-၁ ဘာစီလိုနာ ( လာလီဂါ)

၂၀၁၄ ) ရီးယဲယ် ၃-၄ ဘာစီလိုနာ ( လာလီဂါ)

ဆက်စပ် အကြောင်းအရာများ