လန်ဒန် ဒါဘီပွဲအပါအ၀င် ပွဲကောင်းတွေနဲ့ ပရီးမီးယားလိဂ်

ဓာတ်ပုံ ရင်းမြစ်, AFP
လန်ဒန် ဒါဘီပွဲအပါ၀င် ပွဲကောင်းတွေနဲ့ ပရီးမီးယားလိဂ်
အရှိန်မြင့်နေတဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ကတော့ ကြားရက်မှာ ပွဲစဉ် ၂၈ကို ကစားမှာ ဖြစ်ပါတယ်။ လီဗာပူးလ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက မန်ချက်စတာယူနိုက်တက်ကို အဝေးကွင်းမှာ သရေကစားပြီး ဇယားထိပ်ကို ပြန်ရောက်လာပါတယ်။ နှစ်သင်းစလုံး ထိရောက်တဲ့ ဂိုးသွင်းခွင့်တွေ သိပ်မရဘဲ သရေကျခဲ့တာပါ။ ဂိုးကွာခြားချက်မှာ ဒုတိယနေရာက မန်စီးတီးထက် နည်းတဲ့ လီဗာပူးလ်အတွက် အဖိုးတန် ၁မှတ်ရခဲ့တာပါ။ ချန်ပီယံလိဂ် ဝင်ခွင့် နေရာအတွက် နိုင်ပွဲရခဲ့တဲ့ အာဆင်နယ်က အဆင့် ၄နေရာကို တက်လာပါတယ်။
အင်္ဂါနေ့ထက် ဗုဒ္ဓဟူးနေ့ညမှာတော့ ထိပ်သီး ၆သင်းစလုံးရဲ့ ပွဲတွေ ကန်ဖို့ ရှိပါတယ်။ လန်ဒန်ကလပ်တွေနဲ့ အသင်းကြီးတွေ အားပြိုင်ကြမှာပါ။ ဗုဒ္ဓဟူးနေ့ရဲ့ အကောင်းဆုံးပွဲကတော့ လန်ဒန်ကလပ် နှစ်သင်းရဲ့ ဒါဘီပွဲပါ။ ချယ်လ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါးတို့ရဲ့ ဒါဘီပွဲဖြစ်ပြီး ဘန်လေကို ရှုံးထားတဲ့ စပါးအတွက် နောက်ထပ် အမှားခံလို့ မရတဲ့ပွဲပါ။ စပါးမှာ တိုက်စစ်မှူး ဟယ်ရီကိန်း ပြန်ပါလာပေမယ့် စတမ်းဖို့ဒ်ဘရစ်ချ်မှာတော့ ခက်ခက်ခဲခဲ ကစားရဖို့ ရှိသလို ချယ်လ်ဆီးကလည်း အဆင့် ၃နေရာက အသင်းနဲ့ အမှတ်အများကြီး ကွာဟမှု မရှိအောင် ကြိုးစားမှာပါ။
ဇယားထိပ်က လီဗာပူးလ်က ခြေမှန်နေတဲ့ ဝက်ဖို့ဒ်ကို အန်းဖီးလ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပြီး မန်စီးတီးက ဝက်စ်ဟမ်းနဲ့ ဆုံတွေ့မှာပါ။ ချန်ပီယံဆုအတွက် နှစ်သင်းစလုံးကတော့ အိမ်ကွင်းမှာ အမှတ်ပြည့်ရအောင် ကစားဖို့ ရှိလို့ အဝေးကွင်း လာကန်ရမယ့် အသင်းတွေ ရုန်းကန်ရနိုင်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, AFP
ဇယားထိပ်မှာ ၁မှတ် အသာရနေတဲ့ ယာဂမ်ကလော့ပ်နဲ့ လီဗာပူးလ်
ဆောက်သမ်တန်ကို နိုင်ခဲ့တဲ့ အာဆင်နယ်က အိမ်ကွင်းမှာ ခြေပျက်နေတဲ့ ဘွန်းမောက်ကို လက်ခံ ကစားရမှာ ဖြစ်လို့ အူနိုင်း အမ်မရီအတွက် နောက်ထပ် ၃မှတ် ယူဖို့ ပြင်ဆင်မှာ သေချာပါတယ်။ ဒီပွဲပြီးရင် ပွဲကျပ် ၂ပွဲအဖြစ် စပါး၊ မန်ယူတို့နဲ့ ကစားရမှာ ဖြစ်လို့ အာဆင်နယ်အတွက် ဒီပွဲဟာ မဖြစ်မနေ ၃မှတ်ယူရမယ့်ပွဲပါ။
လန်ဒန်မြို့မှာ ရလဒ်တွေကောင်းနေတဲ့ မန်ချက်စတာယူနိုက်တက်ကတော့ ကစားရခက်တဲ့ ပဲလေ့စ်ကွင်း သွားကစားရမှာပါ။ လီဗာပူးလ်နဲ့ သရေကျခဲ့တဲ့ ယူနိုက်တက်အတွက် အမှားခံလို့ မရသလို ပဲလေ့စ်ရဲ့ ဇာဟာ၊ မစ်ချီဘတ်ရွိုင်းတို့ရဲ့ တိုက်စစ်အတွဲကို လူမစုံတဲ့ ယူနိုက်တက်တို့ ခက်ခက်ခဲခဲ ရင်ဆိုင်ရနိုင်ပါတယ်။ လီဗာပူးလ်နဲ့ ပွဲမှာ အဓိက ကစားသမားတွေ ဆုံးရှုံးလိုက်ရတဲ့ ယူနိုက်တက်ကို ဆိုးလ်ရှား ဘယ်လို လူစာရင်းနဲ့ ပွဲထွက်မလဲ စိတ်ဝင်စားစရာပါ။
ကြားရက်မှာ ကစားမယ့်ပွဲတွေမှာ ချန်ပီယံနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်နေရာတွေ အပြောင်းအလဲ ဖြစ်သွားမလား စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာပါ။
အင်္ဂါနေ့ည
ကာဒစ်စီးတီး - အဲဗာတန်
ဟတ်ဒါဖီးတောင်း - ဝုဖ်လ်
လက်စတာစီးတီး - ဘရိုက်တန်
နယူးကာဆယ် - ဘန်လေ
ဗုဒ္ဓဟူးနေ့ည
အာဆင်နယ် - ဘွန်းမောက်
ဆောက်သမ်တန် - ဖူလ်ဟမ်
ချယ်လ်ဆီး - စပါး
ပဲလေ့စ် - မန်ချက်စတာယူနိုက်တက်
လီဗာပူးလ် - ဝက်ဖို့ဒ်
မန်စီးတီး - ဝက်စ်ဟမ်း
ဂိုးအများဆုံ သွင်းထားသူများ
၁) ဆာလ ( လီဗာပူးလ်) - ၁၇ဂိုး
၂) အဂွဲရိုး ( မန်စီးတီး ) - ၁၇ဂိုး
၃) အဘာမီယန် ( အာဆင်နယ် ) - ၁၅ဂိုး
၄) ဟယ်ရီကိန်း ( စပါး) - ၁၅ဂိုး
၅) ဟာဇက် ( ချယ်လ်ဆီး ) - ၁၂ဂိုး
၆) စတာလင် ( မန်စီးတီး ) - ၁၂ဂိုး
၇) မာနေ ( လီဗာပူးလ် ) - ၁၂ဂိုး