ချန်ပီယံလိဂ် ဝင်ခွင့် ဘယ်အသင်း တွေရမလဲ

ဓာတ်ပုံ မူပိုင် AFP
Image caption လက်ကျန် ၀င်ခွင့် ၂နေရာအတွက် အပြိုင် ပရီးမီးယားလိဂ်

ဥရောပ ချန်ပီယံလိဂ်ပွဲ တွေဟာ ကမ္ဘာ့ဘောလုံး ပရိသတ်တွေ စိတ်ဝင်စားဆုံး ဖြစ်ပြီး ဒီပြိုင်ပွဲမှာ ဝင်ခွင့်ရဖို့ ကလည်း ကလပ် အသင်းတွေ အလိုရှိနေကြတာပါ။ အင်္ဂလန် ပရီးမီးယားလိဂ်က ရာသီကုန်ဖို့ လက်ကျန် ၉ ပွဲသာ လိုတော့တဲ့ အချိန် ချန်ပီယံလိဂ် ဝင်ခွင့် ၂ နေရာကို အသင်း ၄သင်းက အခွင့် အရေး ရှိနေကြတာပါ။

ချန်ပီယံဆု အတွက် အပြိုင်ဖြစ်နေတဲ့ မန်စီးတီးနဲ့ လီဗာပူးလ် တို့ရဲ့ နောက်မှာ အစဉ်လိုက် ရပ်တည်နေကြတဲ့ တော့တင်ဟမ် ဟော့စပါး၊ မန်ယူ၊ အာဆင်နယ်၊ ချယ်လ်ဆီးတို့ ၄ သင်း ထဲကနေ ၂ သင်းသာ ဝင်ခွင့်ရမယ့် အနေ အထား အရ ဘယ်အသင်းတွေ အခြေအနေကောင်း မလဲ စိတ်ဝင်စားစရာပါ။

ခါတိုင်းနှစ်တွေထက် ပိုပြီး အကြိတ်အနယ် ရှိလာတဲ့ ပရီးမီးယားလိဂ်မှာ ချန်ပီယံဆု၊ ချန်ပီယံလိဂ် ၀င်ခွင့်နေရာ အတွက် နောက်ဆုံး အချိန်အထိ အားပြိုင်မယ့်ရမယ့် ရာသီဖြစ်လို့ ပရိသတ်တွေ ရင်ခုန်နေကြတာပါ။

ဆိုတော့ လက်ကျန်ပွဲတွေအရ ချန်ပီယံလိဂ် ဝင်ခွင့်နေရာတွေကို ဘယ်အသင်းတွေ ၀င်ခွင့်ရမလဲ သုံးသပ်ကြည့်တော့….။

ဓာတ်ပုံ မူပိုင် AFP
Image caption ပွဲကျပ်တွေ ကစားရမယ့် စပါး

စပါးရဲ့ လက်ကျန် ၉ပွဲမှာ အိမ်ကွင်းမှာ ၅ ပွဲကန်ရမှာ ဖြစ်ပြီး အဝေးကွင်း ၄ ပွဲ ကစားရမှာပါ။ အသင်းကြီးတွေနဲ့ ပွဲကျပ် အဖြစ် လီဗာပူးလ်၊ မန်စီးတီးတို့ကို အဝေးကွင်း သွား ကစားရမယ့် အနေအထား၊ ဒီအသင်းတွေရဲ့ ချန်ပီယံဆုအတွက် အမှားခံလို့ မရတဲ့ အခြေအနေတွေကြောင့် ခက်ခဲမယ့်ပွဲပါ။

တစ်ခါ အသင်းငယ်တွေထဲမှာ ဆောက်သမ်တန်၊ ဘရိုက်တန်တို့လို အဝေးကွင်းမှာ ကစားရခက်မယ့် အသင်းတွေကြောင့် စပါးအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အမှားခံလို့ မရတဲ့ အနေအထားပါ။

စပါးလက်ကျန်ပွဲ

ဆောက်သမ်တန် ( အဝေး)

ပဲလေ့စ် ( အိမ်)

လီဗာပူးလ် ( အဝေး)

ဘရိုက်တန် ( အဝေး)

ဟတ်ဒါဖီးလ် ( အိမ်)

မန်စီးတီး ( အဝေး)

ဝက်စ်ဟမ်း ( အိမ်)

ဘွန်းမောက် ( အဝေး)

အဲဗာတန် ( အိမ်)

ဓာတ်ပုံ မူပိုင် AFP
Image caption အာဆင်နယ်၊ မန်စီးတီး၊ ချယ်လ်ဆီးတို့နဲ့ ကန်ရမယ့် မန်ယူ

ဆိုးလ်ရှား လက်ထက် နိုင်ပွဲဆက်နေတဲ့ ယူနိုက်တက် အတွက် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အခွင့်အရေး များနေတယ်လို့ မီဒီယာတွေက သုံးသပ်နေကြပါတယ်။ လက်ရှိ ခြေစွမ်းအရ ယူနိုက်တက်ဟာ ပြိုင်ဖက် ၃ သင်းထက် ခြေစွမ်း ပိုကောင်း နေပေမယ့် ပွဲစဉ် အနေအ ထားအရတော့ ခက်ခက်ခဲခဲ ကျော်ဖြတ်ရမယ့် အနေအထားပါ။

မြို့ခံပြိုင်ဖက် မန်စီးတီး အပြင် ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ယှဉ်ပြိုင်နေတဲ့ အာဆင်နယ်၊ ချယ်လ်ဆီး တို့နဲ့ ကစား ရမှာ ဖြစ်လို့ ယူနိုက်တက်တို့ ရုန်းကန် ရနိုင်တာပါ။

လာမယ့်ပွဲစဉ် အမ်းမရိတ်ကွင်းမှာ သွားကစားရမယ့် အာဆင်နယ်နဲ့ပွဲ အပြင် မန်စီးတီးကိုလည်း ဆက်ကစားမယ့် အနေ အထား၊ ချန်ပီယံလိဂ်ပွဲ ကစားထားတဲ့ အရှိန်တွေကြောင့် ဆိုးလ်ရှား တစ်ယောက် သူ့အသင်းကို ဘယ်လို လူစာရင်းနဲ့ ပွဲထုတ်မလဲ စိတ်ဝင်စားစရာပါ။

လက်ကျန် ၉ ပွဲမှာ ဝုလ်ဖ်၊ အဲဗာတန်တို့လို အသင်းတွေနဲ့ အဝေးကွင်းပွဲတွေကလည်းရှိလို့ ဧပြီလအတွင်းမှာ ယူနိုက်တက် အတွက် ချန်ပီယံလိဂ် ဝင်ခွင့် ရမလား အဖြေပေါ်လာနိုင်ဖွယ် ရှိနေပါတယ်။

မန်ယူ လက်ကျန်ပွဲ

အာဆင်နယ် ( အဝေး)

မန်စီးတီး ( အိမ်)

ဝက်ဖို့ဒ် (အိမ်)

ဝုလ်ဖ် ( အဝေး)

ဝက်စ်ဟမ်း ( အိမ်)

အဲဗာတန် ( အဝေး)

ချယ်လ်ဆီး ( အိမ်)

ဟတ်ဒါဖီးလ် ( အဝေး)

ကာဒစ် ( အိမ်)

ဓာတ်ပုံ မူပိုင် AFP
Image caption အမ်းမရိတ်မှာ မန်ယူနဲ့ အဆုံးအဖြတ်ပွဲ ကန်ရမယ့် အာဆင်နယ်

အာဆင်နယ်ကတော့ ၄ သင်း ထဲမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အခွင့်အရေး အနည်းဆုံး သတ်မှတ် ခံထားရတဲ့အသင်းပါ။ အသင်းရဲ့ ခြေစွမ်းပိုင်းက ဒီ ၄ သင်းထဲမှာ အားနည်းဆုံး ဖြစ်သလို ခံစစ်ပိုင်းကလည်း ဂိုးတွေပေးနေရဆဲက အာဆင်နယ် ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ကိုဖျက်မယ့် အဓိက အတားအဆီးပါ။

ပွဲစဉ်တွေအရကြည့်ရင် အာဆင်နယ်ဟာ လက်ကျန်ပွဲတွေ ထဲမှာ ယူနိုက်တက်နဲ့ ကစားရမယ့်ပွဲကလွဲပြီး အသင်းချောင် တွေနဲ့ ကစားရမှာ ဖြစ်လို့ အခွင့်အရေး ရှိတယ်လို့ ဆိုနိုင် ပါတယ်။ အူနိုင်းအမ်မရီ အနေနဲ့ ယူရိုပါလိဂ်နဲ့ ပရီးမီးယားလိဂ် ကို ကစားသမားတွေ မှန်မှန် ကန်ကန် ရွေးချယ်နိုင်ဖို့၊ အလှည့်ကျစနစ်ကို ကောင်းမွန်စွာ သုံးနိုင်မယ်ဆိုရင် အာဆင်နယ် အတွက် ချန်ပီယံလိဂ် ဝင်ခွင့်ရနိုင်ပါတယ်။

အာဆင်နယ် လက်ကျန်ပွဲ

မန်ယူ ( အိမ်)

ဝုလ်ဖ် ( အဝေး)

နယူးကာဆယ် ( အိမ်)

အဲဗာတန် ( အဝေး)

ဝက်ဖို့ဒ် ( အဝေး)

ပဲလေ့စ် ( အိမ်)

လက်စတာ ( အဝေး)

ဘရိုက်တန် (အိမ်)

ဘန်လေ (အဝေး)

ဓာတ်ပုံ မူပိုင် AFP
Image caption ပွဲကျန် ၁ပွဲကန်ဖို့ရှိနေပြီး မန်ယူ၊ လီဗာပူးလ်တို့နဲ့ ကန်ရမယ့် ချယ်လ်ဆီး

ချယ်လ်ဆီးဟာ ၄ သင်းထဲမှာ တစ်ပွဲ ပိုကစားရဖို့ ရှိပေမယ့် မန်ယူ၊ လီဗာပူးလ် တို့နဲ့ အဝေးကွင်း ၂ ပွဲ ကစားရမှာက ဆာရီနဲ့ ချယ်လ်ဆီး အတွက် အဆုံးအဖြတ်ပေးမယ့် အနေထားပါ။ ပွဲစဉ်တွေကိုကြည့်ရင် လက်ကျန် ၁၀ ပွဲမှာ ချယ်လ်ဆီး က အိမ်ကွင်း ၆ပွဲမှာ ကန်ရမှာဖြစ်ပြီး အားလုံး အမှတ်ပြည့်ရနိုင်ပါတယ်။

ဒါပေမယ့် အဝေးကွင်းမှာတော့ ဒီထက်ပိုပြီး တည်ငြိမ်ဖို့ လိုအပ်နေပါတယ်။ တိုက်စစ်ပိုင်းမှာ ဟီဂွယ်ရင် ဂိုးတွေသွင်းလာ နိုင်တာ၊ ဟာဇက် ပုံမှန် ခြေစွမ်းကို ဆက်ထိန်း ထားနိုင်မယ်ဆိုရင် ချယ်လ်ဆီးနဲ့ ဆာရီ အတွက် ကောင်းသော ရာသီ ဇာတ်သိမ်း ဖြစ်နိုင်ပါတယ်။

ချယ်လ်ဆီး လက်ကျန်ပွဲ

ဘရိုက်တန် ( အိမ်၊ ပွဲကျန်)

ဝုလ်ဖ် ( အိမ်)

အဲဗာတန် ( အဝေး)

ကာဒစ် ( အိမ်)

ဝက်စ်ဟမ်း ( အိမ်)

လီဗာပူးလ် ( အဝေး)

ဘန်လေ ( အိမ်)

မန်ယူ ( အဝေး)

ဝက်ဖို့ဒ် ( အိမ်)

လက်စတာ ( အဝေး)

ပွဲစဉ် ၂၉အပြီး ထိပ်သီး ၄သင်းရဲ့ ရမှတ် ရပ်တည်မှု

၃) စပါး - ၆၁မှတ်

၄) မန်ယူ - ၅၈မှတ်

၅) အာဆင်နယ် - ၅၇မှတ်

၆) ချယ်လ်ဆီး - ၅၆မှတ် ( တစ်ပွဲလျော့)

ထိပ်သီး ၄သင်းရဲ့ ဂိုးအများဆုံး သွင်းထားသူများ

စပါး - ကိန်း ( ၁၆ဂိုး)

မန်ယူ - လူကာကူ ( ၁၂ဂိုး)

အာဆင်နယ် - အဘာမီယန် ( ၁၆ဂိုး)

ချယ်လ်ဆီး - ဟာဇက် ( ၁၂ဂိုး)

ဆက်စပ် အကြောင်းအရာများ