မန်ယူ အသင်းခေါင်းဆောင် ရာထူးကို ပေါ့ပ်ဘာ ပြန်ရမလား

ပေါ့ပ်ဘာဟာ အသင်းခေါင်းဆောင် အရည်အချင်း ရှိသူ အဖြစ် ယာယီနည်းပြဆိုးလ်ရှားကလည်း ဆိုဖူးခဲ့ ဓာတ်ပုံ မူပိုင် Getty Images
Image caption ပေါ့ပ်ဘာဟာ အသင်းခေါင်းဆောင် အရည်အချင်း ရှိသူ အဖြစ် ယာယီနည်းပြဆိုးလ်ရှားကလည်း ဆိုဖူးခဲ့

အင်္ဂလိပ် ပရီးမီးယားလိဂ် ဘောလုံး ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ပ်ဘာဟာ အသင်းကနေ ထွက်ခွာသွားမှာ မဟုတ်ဘဲ အသင်းခေါင်းဆောင် ပြန်ဖြစ်ရေးကို ပစ်မှတ်ထားနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဗြိတိန် သတင်းစာတွေရဲ့ အဆိုအရ ပေါ့ပ်ဘာဟာ မော်ရင်ညိုလက်ထက် ဆုံးရှုံးခဲ့တဲ့ သူ့ရဲ့ အသင်းခေါင်းဆောင် ရာထူးကို ပြန်လည် ရယူလိုပြီး လက်ရှိ အသင်းနည်းပြဖြစ်သူ ဆိုးလ်ရှားကို တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ပေါ့ပ်ဘာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက နည်းပြ ဆိုးလ်ရှားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ စကားပြောခဲ့ပြီးနောက် အသင်းမှာ ရေရှည် ဆက်ရှိနိုင်ဖို့နဲ့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်တာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ပေါ့ပ်ဘာဟာ ဒီနှစ်ရာသီအစာပိုင်းက မော်ရင်ညိုရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့ပြီးမှ နောက်ပိုင်းမှာ နည်းပြနဲ့ အဆင်မပြေမှုတွေ မကြာခဏ ဖြစ်ခဲ့ပြီးနောက် သူ့ရဲ့ အသင်းခေါင်းဆောင် ရာထူးကို အက်ရှ်လေယန်းကို လွှဲပေးခဲ့ရတာပါ။

မော်ရင်ညို ထွက်သွားပြီးနောက်ပိုင်း ဆိုးလ်ရှားလက်ထက်မှာ အကောင်းဆုံး ပုံစံ ပြန်ရလာတဲ့ ပေါ့ပ်ဘာဟာ သူ့ရဲ့ ကစားသမား သက်တမ်းတစ်လျောက် ဂိုးအများဆုံး သွင်းနိုင်တဲ့ ရာသီတစ်ခုကို ဖြတ်သန်းနိုင်ခဲ့သလို ယူနိုက်တက် ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားလည်း ဖြစ်လာသူပါ။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကွင်းလယ်မှာ နေရာမျိုးစုံ ကစားနိုင်ပြီး ဂိုးသွင်းစွမ်းရည်ရှိလည်း ရှိသူဖြစ်

မိခင် ပြင်သစ်လက်ရွေးစင် အသင်းနဲ့ ကမ္ဘာ့ဖလားချန်ပီယံ ဆု ရယူထားသူ ပေါ့ပ်ဘာဟာ လက်ရှိ ယူနိုက်တက်မှာ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးပြီး ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် တစ်ယောက်အဖြစ် နှစ်ပေါင်းများစွာ ဆက်ရှိလိုနေကြောင်းကို ဆိုးလ်ရှားကို ပြောခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၁၅ ရက် နေ့က အသက် ၂၆ နှစ်ပြည့်ခဲ့သူ ပေါ့ပ်ဘာဟာ ယူနိုက်တက်ရဲ့ လူငယ် အသင်းကို ၂၀၀၉ ခုနှစ် စတင် ရောက်ရှိခဲ့သူပါ။ ၂၀၁၂-၁၃ ခုနှစ် ရာသီမှာ အီတလီက ယူဗန်တပ်စ်ကို ပြောင်းရွှေ့ပြီး အောင်မြင်မှုတွေ ရလာခဲ့လို့ ယူနိုက်တက်က ၂၀၁၆ ခုနှစ်မှာ အဲဒီတုန်းက စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းနဲ့ ပြန်လည် ခေါ်ယူခဲ့ရပါတယ်။

လက်ရှိမှာတော့ ပေ့ါပ်ဘာကို သူ့ရဲ့ ကလပ်ဟောင်း ယူဗန်တပ်စ်က နွေရာသီမှာ ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းမှုတွေ ပြုလုပ်နေပေမယ့် ကစားသမား ကိုယ်တိုင်က အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

ပေါ့ပ်ဘာဟာ ဒီနှစ်ရာသီအတွင်း ယူနိုက်တက်အတွက် ပြိုင်ပွဲအရပ်ရပ် ပွဲပေါင်း ၃၆ပွဲမှာ ၁၄ဂိုးအထိ သွင်းယူပေးထားသူဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ၁၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။

လက်ရှိ မန်ချက်စတာယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်က တောင်ပံကစားသမား ဗလန်စီယာဖြစ်ပြီး ဒဏ်ရာတွေကြောင့် အနားယူနေရသလို ရာသီကုန်မှာလည်း အသင်းကနေ ထွက်ခွာဖို့ ရှိနေလို့ ပေါ့ပ်ဘာက အမြဲတမ်း အသင်းခေါင်းဆောင် ရာထူးကို အလိုရှိနေတာ ဖြစ်ပါတယ်။

ပေါ့ပ်ဘာရဲ့ စွမ်းဆောင်ရည်

ဂျူဗင်တပ်စ်

၂၀၁၂-၁၃) ၃၇ပွဲ၊ ၅ဂိုး

၂၀၁၃-၁၄) ၅၁ပွဲ၊ ၉ဂိုး

၂၀၁၄-၁၅) ၄၁ပွဲ၊ ၁၀ဂိုး

၂၀၁၅-၁၆) ၄၉ပွဲ၊ ၁၀ဂိုး

မန်ချက်စတာယူနိုက်တက်

၂၀၁၆-၁၇) ၅၁ပွဲ၊ ၉ဂိုး

၂၀၁၇-၁၈) ၃၇ပွဲ၊ ၆ဂိုး

၂၀၁၈-၁၉) ၃၆ပွဲ၊ ၁၄ဂိုး ( ကစားဆဲ)

ပေါ့ပ်ဘာရဲ့ အောင်မြင်မှု

ဂျူဗင်တပ်စ်

စီးရီးအေ - ၄ကြိမ်

ကိုပါအီတာလီယာ - ၂ကြိမ်

အီတလီစူပါဖလား - ၂ကြိမ်

မန်ချက်စတာယူနိုက်တက်

လိဂ်ဖလား - ၁ကြိမ်

ယူရိုပါလိဂ်ဖလား - ၁ကြိမ်

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ