နိုင်ငံပေါင်း ၁၂နိုင်ငံမှာ ကျင်းပမယ့် ယူရို ၂၀၂၀

ဓာတ်ပုံ မူပိုင် AFP
Image caption မထင်မှတ်ဘဲ ယူရို ၂၀၁၆မှာ ချန်ပီယံ ဖြစ်တဲ့ ပေါ်တူဂီ

ကမ္ဘာ့ဘောလုံးလောကအတွင်း အစဉ်လာရှိပြီး ပရိသတ်တွေ စိတ်ဝင်စားမှု ရှိတဲ့ ဥရောပဖလား ဘောလုံးပြိုင်ပွဲရဲ့ ခြေစစ်ပွဲတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်ကျင်းပနေပြီဖြစ်ပါတယ်။ ပြိုင်ပွဲဝင် အသင်းပေါင်း ၂၄သင်းပါဝင်မယ့် ယူရို ၂၀၂၀ ပြိုင်ပွဲဟာ ၁၉၇၆ နောက်ပိုင်း ပထမဆုံးအကြိမ် အလိုလျောက် ခြေစစ်ပွဲ အောင်ခွင့်ရတဲ့ အသင်းမပါတဲ့ ပြိုင်ပွဲ ဖြစ်လာပါတယ်။ ယူရို ၂၀၂၀ ခြေစစ်ပွဲကို ဥရောပ ဘောလုံးအဖွဲ့ချုပ် စာရင်းဝင် နိုင်ငံပေါင်း ၅၅နိုင်ငံက အသင်းတွေ အားလုံး ဝင်ရောက် ယှဉ်ပြိုင်တာဖြစ်သလို ကိုဆိုဗိုအတွက်တော့ ပထမဆုံး ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

ယူရို ၂၀၂၀ ခြေစစ်ပွဲတွေကို ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလက အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်မြို့မှာ ရွေးဆွဲခဲ့ပါတယ်။ ကမ္ဘာ့အဆင့်သတ်မှတ်ချက်၊ UEFA Nation League ရဲ့ ရလဒ်တွေကိုကြည့်ပြီး ဦးစားပေးအဆင့်သတ်မှတ်ချက်တွေကို ရွေးချယ်ခဲ့ပါတယ်။ ထိပ်ဆုံး ဦးစားပေး စာရင်းထဲမှာ UEFA Nation League ဆီမီး ဖိုင်နယ်ရောက်ခဲ့တဲ့ ဆွစ်ဇာလန်၊ ပေါ်တူဂီ၊ နယ်သာလန်နဲ့ အင်္ဂလန်တို့ ပါဝင်ခဲ့ပြီး သူတို့နဲ့အတူ ဘယ်ဂျီယံ၊ ပြင်သစ်၊ စပိန်၊ အီတလီ၊ ခရိုအေးရှားနဲ့ ပိုလန်တို့ ပါဝင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ၃ကြိမ်နဲ့ အအောင်မြင်ဆုံး ဂျာမနီ

ဥရောပဖလား အများဆုံး ရထားတဲ့ ဂျာမနီအသင်းကတော့ ဦးစားပေး ထိပ်ဆုံး ၁၀သင်းထဲ မပါဝင်ဘဲ ဒုတိယ ဦးစားပေး အဆင့်မှာသာပါခဲ့ ပါတယ်။ ခြေစစ်ပွဲ တွေကို ရေးဆွဲအပြီးမှာတော့ အင်္ဂလန်၊ ခရိုအေးရှား၊ စပိန်၊ ဘယ်ဂျီယံ၊ အီတလီတို့ အုပ်စု ချောင်ခဲ့ပြီး ဂျာမနီက နယ်သာလန်နဲ့ တစ်အုပ်စုတည်း ကျခဲ့ပါတယ်။ ခြေစစ်ပွဲဝင် အသင်းတွေကို အုပ်စု ၁၀စု ခွဲထားပြီး အမှတ်အများဆုံးရတဲ့ ထိပ်ဆုံး ၂သင်း တိုက်ရိုက် ခြေစစ်ပွဲ အောင်ခွင့်ရမှာ ဖြစ်ပါတယ်။ အစဉ်လာရှိတဲ့ အသင်းကြီးတွေအတွက် တိုက်ရိုက် ဝင်ခွင့် ၂နေရာကြောင့် နောက်ဆုံး အဆင့်ကို တက်ဖို့ အခက်အခဲ မရှိနိုင်လို့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အသင်းကြီးတွေ စုံစုံလင်လင် တွေ့ရဖို့ ရှိပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဆီမီးနဲ့ ဖိုင်နယ်ပွဲတွေ ကျင်းပမယ့် လန်ဒန်မြို့က ၀င်ဘလေကွင်း

အိမ်ရှင်များနဲ့ ပြိုင်ပွဲ

ယူရို ၂၀၂၀ ပြိုင်ပွဲဟာ အရင်တုန်းကလို ပြိုင်ပွဲမျိုးမဟုတ်ဘဲ ဥရောပနိုင်ငံတွေအများစုမှာ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရမှာ ဖြစ်လို့ ပြိုင်ပွဲက ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာခဲ့တာပါ။ နိုင်ငံပေါင်း ၁၂နိုင်ငံက မြို့ကြီး ၁၂မြို့မှာ ကျင်းပမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ အဖွင့်ပွဲကို အီတလီ နိုင်ငံ ရောမမြို့က အိုလံပစ် ကွင်းကြီးမှာ ကျင်းပမှာ ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က နာမည်ကျော် ဝင်ဘလေကွင်းကြီးကတော့ ဆီမီးဖိုင်နယ် ၂ပွဲနဲ့ ဖိုင်နယ်ပွဲတွေကို ကျင်းပခွင့်ရထားပါတယ်။ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရတဲ့ ကွင်းတွေထဲမှာ ဘိုင်ယန်မြူးနစ်ရဲ့ အလီယန် အရီနာ၊ အားယက်စ်ရဲ့ ယိုယန်ခရိုက်ဖ် အရီနာ၊ ဇင်းနစ်အသင်းရဲ့ Krestovsky Stadium ကွင်းအပါအဝင်၊ စကော့တလန်၊ အိုင်ယာလန်၊ စပိန်၊ ဘူဂေးရီးယား၊ ဒိန်းမတ်၊ ရိုမေးနီးယား၊ အဇာဘိုင်ဂျန်တို့က နာမည်ကျော် ဘောလုံးကွင်းတွေလည်း ပါဝင်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption လူငယ်တွေနဲ့ ခြေစွမ်းကောင်းနေတဲ့ အင်္ဂလန်အသင်း

အသင်းကြီးတွေ အခွင့်အရေးရှိမယ့် အုပ်စု

ယူရို ၂၀၂၀ ခြေစစ်ပွဲတွေကို ၅သင်းပါဝင်တဲ့ အုပ်စု ၅ခုနဲ့ ၆သင်းပါဝင်တဲ့ အုပ်စု ၅ခု ဆိုပြီး မဲနှိ်ုက်ရွေးဆွဲခဲ့ပါတယ်။ လက်ရှိ ချန်ပီယံ ပေါ်တူဂီ အသင်းက အုပ်စု Bမှာ ယူကရိန်၊ ဆားဘီးယား၊ လတ်ဇင်ဘတ်၊ လစ်သူယေးနီးယားတို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး နာမည်ကြီး အင်္ဂလန်က အုပ်စု A မှာ မွန်တီနီဂရိုး၊ ဘူဂေးလ်ရီးယား၊ ချက်၊ ကိုဆိုဗိုတို့နဲ့ ဆုံတွေ့မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ချန်ပီယံ ပြင်သစ်က အုပ်စု H မှာ အိုက်စလန်၊ တူရကီ၊ အယ်လ်ဘေးနီးယား၊ အန်ဒိုရာ၊ မော်လ်ဒိုဗာတို့နဲ့ ဆုံတွေ့ပြီး ယူရိုရဲ့ အအောင်မြင်ဆုံး ဂျာမနီက အုပ်စု C မှာ နယ်သာလန်၊ မြောက်အိုင်ယာလန်၊ ဘီလာရုဇ်နဲ့ အက်စ်တိုးနီးယားလို အသင်းတွေနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဆွစ်ဇာလန်က ဒိန်းမတ်နဲ့အတူ အုပ်စု D၊ ခရိုအေးရှားက အုပ်စု E၊ ပူးတွဲ အအောင်မြင်ဆုံးဖြစ်တဲ့ စပိန်က အုပ်စု F၊ ပိုလန်က အုပ်စု G၊ ဘယ်ဂျီယံက အုပ်စု Iနဲ့ အီတလီက အုပ်စု J တွေမှာ ကျခဲ့ပါတယ်။

UEFA Nation League ဝင်ခွင့်

ခြေစစ်ပွဲ အုပ်စု ၁၀ခုကနေ ထိပ်ဆုံး ၂သင်းစီ တိုက်ရိုက် ခြေစစ်ပွဲ အောင်ခွင့်ရမှာဖြစ်လို့ နောက်ဆုံး အဆင့်ကို အသင်း ၂၀ တက်ရောက်ခွင့်ရမှာပါ။ လက်ကျန် ၄နေရာကိုတော့ UEFA ရဲ့ ပြိုင်ပွဲသစ်ဖြစ်တဲ့UEFA Nation League ကနေ ၄သင်း ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ UEFA Nation League အဆင့်သတ်မှတ်ချက် လိဂ်အလိုက် ၁သင်းစီ ခြေစစ်ပွဲ အောင်မှာဖြစ်လို့ အသင်းငယ်တွေ အတွက်လည်း ယူရို ၂၀၂၀ ပြိုင်ပွဲကြီးကို ဝင်ခွင့်ရဖို့ အခွင့်အရေး ရှိနေတာ ဖြစ်ပါတယ်။

ကစားပြီးခဲ့တဲ့ပွဲတွေ

လတ်တလော ကစားပြီးခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲတွေမှာတော့ လက်ရှိ ယူရို ချန်ပီယံ ပေါ်တူဂီက ခရစ္စတီယာနို ရော်နယ်လ်ဒို ပြန်ပါလာပေမယ့် ယူကရိန်းကို ဂိုးမရှိ သရေကျခဲ့ပါတယ်။ ပေါ်တူဂီက တိုက်စစ်ဆင် ကစားခဲ့ပေမယ့် ခံစစ်ကောင်းပြီး ကျစ်ကျစ်လစ်လစ် ကစားနိုင်ခဲ့တဲ့ ယူကရိန်းတို့ အဝေးကွင်းမှာ ၁မှတ်ရခဲ့တာပါ။ နာမည်ကြီး အင်္ဂလန်က အိမ်ကွင်းမှာ ချက်ကို စတာလင်ရဲ့ ဟက်ထရစ်သွင်းပြီး ၅ဂိုးပြတ် နိုင်ခဲ့သလို ကမ္ဘာ့ချန်ပီယံ ပြင်သစ်ကလည်း အဝေးကွင်းမှာ မော်လ်ဒိုဗာကို ၄-၁ဂိုးနဲ့ နိုင်ပါတယ်။ ဆွစ်ဇာလန်၊ ခရိုအေးရှား၊ စပိန်၊ ဆွီဒင်၊ ပိုလန်၊ အိုက်စလန်၊ ဘယ်ဂျီယံ၊ အီတလီတို့လည်း အဖွင့်ပွဲတွေမှာ နိုင်ပွဲ ကိုယ်စီရခဲ့ကြပါတယ်။

ဘယ်အသင်း ရေပန်းအစားဆုံးလဲ

ဘောလုံးကျွမ်းကျင်သူတွေနဲ့ နာမည်ကျော် ဘွတ်ကီဒိုင်တွကတော့ ကစားသမား အင်အားတောင့်တင်းပြီး ခြေစွမ်းကောင်းတဲ့ ကမ္ဘာ့ချန်ပီယံ ပြင်သစ်ကို ဗိုလ်စွဲဖို့ ရေးပန်းစားတဲ့ စာရင်းမှာ ထိပ်ဆုံးက ပေးထားပါတယ်။ စပိန်၊ အင်္ဂလန်၊ ဘယ်ဂျီယံနဲ့ ဂျာမနီတို့က အစဉ်လိုက် ရေပန်းစားနေကြပြီး ယူရို ချန်ပီယံ ပေါ်တူဂီက သူတို့ရဲ့ ချန်ပီယံဆုကို ပြန်ကာကွယ်နိုင်ဖို့ အဆင့် ၇နေရာမှာ ၁၄/၁ ဆ ပေးထားပါတယ်။

ယူရို ၂၀၂၀ ပြိုင်ပွဲကို လာမယ့်နှစ် ဇွန်လ ၁၂ရက်နေ့ကနေ ဇူလိုင် ၁၂ရက်အထိ တစ်လကြာ ကျင်းပမှာဖြစ်ပြီး ကမ္ဘာ့ချန်ပီယံ ပြင်သစ်ကပဲ အရင်တုန်းက သူတို့ ရခဲ့သလိုမျိုး ပြိုင်ပွဲကြီး ၂ခုကို ဆက်တိုက် ဗိုလ်စွဲမလား၊ လူငယ်တွေနဲ့ အင်္ဂလန်က မရဖူးသေးတဲ့ ယူရို ဆုလားကို ဆွတ်ခူးမလား၊ အစဉ်လာရှိတဲ့ စပိန်၊ ဂျာမနီ၊ အီတလီတို့ကယူသွားမလား၊ လက်ရှိချန်ပီယံ ပေါ်တူဂီပဲ မထင်မှတ်တာတွေ ထပ်လုပ်ပြီး ချန်ပီယံဆုကို ပြန်ကာကွယ်သွားမလား အားလုံးကတော့ စိတ်ဝင်စားနေကြတာတော့ သေချာပါတယ်။

ဓာတ်ပုံ မူပိုင် UEFA
Image caption ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စုများ

ယူရို ၂၀၂၀ ခြေစစ်ပွဲအဆင့် အုပ်စုများ

အုပ်စု A - အင်္ဂလန်၊ မွန်တီနီးဂရိုး၊ ဘူဂေးလ်ရီးယား၊ ကိုဆိုဗို၊ ချက်

အုပ်စု B - ပေါ်တူဂီ၊ ယူကရိန်း၊ လတ်ဇင်ဘတ်၊ ဆားဘီးယား၊

အုပ်စု C - နယ်သာလန်၊ ဂျာမနီ၊ မြောက်အိုင်ယာလန်၊ အက်စ်တိုးနီးယား၊ ဘီလာရုစ်

အုပ်စု D - ဆွစ်ဇာလန်၊ အိုင်ယာလန်၊ ဒိန်းမတ်၊ ဂျော်ဂျီယာ၊ ဂျီဘရော့တာ

အုပ်စု E - ခရိုအေးရှား၊ ဆလိုဗက်ကီးယား၊ ဝေးလ်စ်၊ ဟန်ဂေရီ၊ အဇာဘိုင်ဂျန်

အုပ်စု F - စပိန်၊ ဆွီဒင်၊ ရိုမေးနီးယား၊ နော်ဝေး၊ မော်လ်တာ၊ ဖာရိုးစ်ကျွန်းစုများ

အုပ်စု G - ပိုလန်၊ ဆလိုဗေးနီးယား၊ အစ္စရေးလ်၊ မက်ဆီဒိုးနီးယား၊ သြစတြီးယား၊ လတ်ဗီးယား

အုပ်စု H - ပြင်သစ်၊ အိုက်စလန်၊ တူရကီ၊ အယ်လ်ဘေးနီးယား၊ အန်ဒိုရာ၊ မော်လ်ဒိုဗာ

အုပ်စု I - ဘယ်ဂျီယံ၊ ရုရှား၊ ဆိုက်ပရပ်စ်၊ စကော့တလန်၊ ကာဇတ်စတန်၊ ဆန်မာရီနို

အုပ်စု J - အီတလီ၊ ဂရိ၊ ဘော့စနီးယား၊ ဖင်လန်၊ အားမေးနီးယား၊ လက်ချက်စတိန်း

ဓာတ်ပုံ မူပိုင် AFP
Image caption ကမ္ဘာ့ချန်ပီယံ ပြင်သစ်ဟာ ယူရိုပြိုင်ပွဲမှာ ၂ကြိမ် ချန်ပီယံ ဖြစ်ထား

ယူရို အအောင်မြင်ဆုံး အသင်းများ

၁) ဂျာမနီ - ၃ကြိမ်

၂) စပိန် - ၃ကြိမ်

၃) ပြင်သစ် - ၂ကြိမ်

၄) ဆိုဗီယက်ယူနီယံ - ၁ကြိမ်

၅) အီတလီ - ၁ကြိမ်

၆) ချက် - ၁ကြိမ်

၇) ပေါ်တူဂီ - ၁ကြိမ်

၈) နယ်သာလန် - ၁ကြိမ်

၉) ဒိန်းမတ် - ၁ကြိမ်

၁၀) ဂရိ - ၁ကြိမ်

၁၁) ယူရိုဆလားဗီးယား - ဒုတိယ ၂ကြိမ်

၁၂) ဘယ်ဂျီယံ - ဒုတိယ ၁ကြိမ်

ဆက်စပ် အကြောင်းအရာများ