တတိယအဆင့် ခြေစစ်ပွဲရောက်ဖို့ အခွင့်အရေးများနေတဲ့ မြန်မာအမျိုးသမီးအသင်း

ဓာတ်ပုံ မူပိုင် AFP
Image caption ပြိုင်ပွဲ၀င် ၁၂သင်းနဲ့ ကျင်းပမယ့် တိုကျို အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ

၂၀၂၀ တိုကျို အိုလံပစ် ပြိုင်ပွဲရဲ့ အာရှဇုန် အမျိုးသမီး ခြေစစ်ပွဲတွေကို ဒီတစ်ပတ်မှာ ကစားဖို့ရှိပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ ပထမအဆင့် ခြေစစ်ပွဲအောင်ပြီး ဒုတိယအဆင့်ကို တက်ရောက်နေတာပါ။ ဒုတိယအဆင့်မှာတော့ မြန်မာဟာ အန္ဒိယ၊ နီပေါ၊ အင်ဒိုနီးရှားတို့လို အသင်းတွေနဲ့ တစ်အုပ်စုထဲကျပြီး နောက်တစ်ဆင့် တက်ဖို့ အခွင့်အရေးကောင်းနေပါတယ်။ တစ်ဖက်အုပ်စုမှာတော့ ဗီယက်နမ်၊ ဂျော်ဒန်၊ ဟောင်ကောင်နဲ့ ဥဇဘတ်ကစ္စတန်တို့ ပါဝင်ကြပါတယ်။

အိုလံပစ်ပြိုင်ပွဲ အကြောင်း

အိုလံပစ် ဘောလုံးပြိုင်ပွဲတွေကို ပုံမှန်အားဖြင့် အသက်ကန့်သတ်ချက်နဲ့ ယှဉ်ပြိုင်စေတာဖြစ်ပြီး ၂၃နှစ် အထက် ကစားသမား ၃ဦးသာ ပါဝင်ခွင့်ပေးတာပါ။ ဒါပေမယ့် အမျိုးသမီး ပြိုင်ပွဲမှာတော့ ပြိုင်ပွဲ ပိုပြီး စိတ်ဝင်စားမှုရှိအောင် လက်ရွေးစင်အသင်းတွေကိုသာ ယှဉ်ပြိုင်စေပါတယ်။ အိုလံပစ်ပြိုင်ပွဲမှာ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ၁၉၉၆ အတ္တလန်တာ အိုလံပစ်မှာ စတင်ထည့်သွင်းခဲ့တာပါ။ ပထမဆုံး ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းက အမေရိကန်အသင်းဖြစ်ပြီးဖိုင်နယ်မှာ နော်ဝေးကို အနိုင်ရခဲ့တာပါ။ အမေရိကန်ဟာ အိုလံပစ်သမိုင်းတစ်လျောက် အအောင်မြင်ဆုံးအသင်းဖြစ်ပြီး ၄ကြိမ် ဗိုလ်စွဲထားပါတယ်။ နော်ဝေးက ၂၀ဝ၀ ခုနှစ်မှာ တစ်ကြိမ်ချန်ပီယံဖြစ်ပြီး နာမည်ကြီး ဂျာမနီက ၂၀၁၆ ရီယို အိုလံပစ်မှာ ချန်ပီယံ ဖြစ်ထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အိုလံပစ် ပြိုင်ပွဲတစ်လျောက် ၄ကြမ် ချန်ပီယံ ဖြစ်ထားတဲ့ အမေရိကန်အမျိုးသမီး အသင်း

အာရှအသင်းတွေရဲ့ အောင်မြင်မှု

အာရှအသင်းတွေထဲမှာ ဂျပန်ဟာ ၂၀၁၂ လန်ဒန် အိုလံပစ်ပြိုင်ပွဲဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့သလို ပြိုင်ပွဲရဲ့ အစောပိုင်း ကာလ ၁၉၉၆မှာ တရုတ်လည်း ဒုတိယရခဲ့ဖူးပါတယ်။ အိုလံပစ်ပြိုင်ပွဲ သမိုင်းတစ်လျောက် အမေရိကန်၊ နော်ဝေး၊ ဂျာမနီတို့ ၃သင်းသာ ဗိုလ်စွဲထားနိုင်ပေမယ့် အိမ်ရှင် လုပ်မယ့် ဂျပန်ဟာ အာရှ အသင်းတွေထဲ အကောင်းဆုံး အခွင့်အရေး ရှိနေပါတယ်။ ဂျပန်ဟာ ၂၀ဝ၈မှာ စတုတ္ထရခဲ့ပြီး ၂၀၁၂မှာ ငွေတံဆိပ်ရခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၆ ရီယို အိုလံပစ်မှာတော့ ခြေစစ်ပွဲမအောင်ခဲ့ပါဘူး။ ဂျပန်လက်ရွေးစင် အမျိုးသမီးဟာ လက်ရှိ ကမ္ဘာ့ဘောလုံးလောကအတွင်း အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ ဘရာဇီးတို့လို့ အသင်းမျိုးနဲ့ တန်းတူ ခြေစွမ်းမျိုးကို ပိုင်ဆိုင်ထားတာကြောင့် တိုကျိုမှာ လုပ်မယ့် အိုလံပစ်ဟာ ဂျပန် အမျိုးသမီး အသင်းအတွက် ဗိုလ်စွဲနိုင်ဖို့ အခွင့်အရေးကောင်းတွေ ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် MFF
Image caption ပထမဆုံးအကြိမ် တတိယအဆင့် ခြေစစ်ပွဲရောက်ဖို့ အခွင့်အရေးများနေတဲ့ မြန်မာ အမျိုးသမီးအသင်း

မြန်မာနဲ့ အိုလံပစ်

မြန်မာအမျိုးသမီးအသင်းဟာ အာရှမှာ အဆင့်ရှိတဲ့ အသင်းဖြစ်ပေမယ့် အိုလံပစ်ပြိုင်ပွဲကိုတော့ တစ်ကြိမ်မှ ခြေစစ်ပွဲမအောင်ခဲ့တဲ့ အသင်းပါ။ ၂၀ဝ၄ခုနှစ် အေသင် အိုလံပစ်မှာ စတင်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ် ရီယို အထိ ခြေစစ်ပွဲအောင်ဖို့ ရုန်းကန်နေရဆဲပါ။ ၂၀၁၂ လန်ဒန် အိုလံပစ်ရဲ့ ပထမအဆင့် ခြေစစ်ပွဲမှာ မြန်မာအသင်းဟာ အုပ်စုတွင်းမှာ ဗီယက်နမ်၊ ထိုင်းတို့ကို ရှုံးပြီး တရုတ် တိုင်ပေနဲ့ သရေ၊ ဟောင်ကောင် တစ်သင်းထဲကို နိုင်ပြီး ထွက်ခဲ့ရပါတယ်။ ၂၀၁၆ ရီယို အိုလံပစ်မှာတော့ ဒုတိယအဆင့် ခြေစစ်ပွဲအထိ တက်ရောက်ခဲ့ မြန်မာဟာ ၂ပွဲနိုင်ပြီး ထိုင်း၊ ဗီယက်နမ်တို့ကိုထပ်ရှုံးခဲ့လို့ တတိယအဆင့် ခြေစစ်ပွဲကို လွဲချော်ခဲ့ပါတယ်။

တတိယအဆင့် ခြေစစ်ပွဲ

၂၀၂၀ တိုကျို အိုလံပစ်အတွက် ခြေစစ်ပွဲကစားခဲ့တဲ့ မြန်မာဟာ ပထမအဆင့် ခြေစစ်ပွဲမှာ အုပ်စု ပထမရပြီး ဒုတိယအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဒုတိယအဆင့်မှာတော့ မြန်မာဟာ အန္ဒိယ၊ နီပေါ၊ အင်ဒိုနီးရှားတို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မြန်မာဟာ အိန္ဒိယ၊ နီပေါ အသင်းတွေကို ပထမဆင့် ခြေစစ်ပွဲ ဆုံတွေ့ခဲ့ဖူးသလို ပြီးခဲ့တဲ့ ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာလည်း အနိုင်ရထားလို့ ဒုတိယအဆင့် ခြေစစ်ပွဲ အောင်ဖို့ များနေတယ်။ ဒီအဆင့်မှာ အုပ်စု ၃ခုက ထိပ်ဆုံး ၃သင်းသာ တတိယအဆင့်ကို တက်ခွင့်ရမှာဖြစ်ပါတယ်။ တတိယအဆင့်မှာတော့ သြစတြေးလျ၊ တရုတ်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ထိုင်းတို့ဟာ ခြေစစ်ပွဲ အောင်လာမယ့် ၃သင်းနဲ့အတူ အုပ်စု ၂ခုခွဲပြီး ပတ်လည်ပွဲကစားစေမှာပါ။ အုပ်စု ၁ခုစီကနေ ထိပ်ဆုံးရတဲ့အသင်းက အိမ်ရှင် ဂျပန်နဲ့အတူ ၂၀၂၀ အိုလံပစ်ပြိုင်ပွဲကြီးကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် MFF
Image caption ခြေစမ်းပွဲမှာ ဗီယက်နမ်ကို တစ်ပွဲနိုင်၊ တစ်ပွဲရှုံး ကစားထားတဲ့ မြန်မာ အမျိုးသမီးအသင်း

မြန်မာအမျိုးသမီး အသင်းရဲ့ နိုင်ငံတာ ပြိုင်ပွဲမှတ်တမ်း

ကမ္ဘာ့ဖလား

၁၉၉၁ မှ ၁၉၉၉ - မယှဉ်ပြိုင်

၂၀ဝ၃မှ ၁၉ - ခြေစစ်ပွဲမအောင်

အာရှဖလား

၁၉၇၅ မှ ၂၀ဝ၁ - မယှဉ်ပြိုင်

၂၀ဝ၃ မှ ဝ၆ - အုပ်စုအဆင့်

၂၀ဝ၈ - ခြေစစ်ပွဲမအောင်

၂၀၁၀ - ၁၄ - အုပ်စုအဆင့်

၂၀၁၈ - ခြေစစ်ပွဲမအောင်

အိုလံပစ်

၁၉၉၆ မှ ၂၀ဝ၀ - မယှဉ်ပြိုင်

၂၀ဝ၄ မှ ၁၆ - ခြေစစ်ပွဲမအောင်

၂၀၁၂ - ပထမအဆင့်

၂၀၁၆ - ဒုတိယအဆင့်

မြန်မာအသင်းရဲ့ ပွဲစဉ်များ

အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ခွဲတမ်း

အိမ်ရှင် - ဂျပန်

ဥရောပတိုက် - ၃နေရာ

အာရှတိုက် - ၂နေရာ

မြောက်အမေရိက - ၂နေရာ

တောင်အမေရိက - ၂နေရာ

အာဖရိက - ၁နေရာ

သမုဒ္ဒရာပိုင်း - ၁နေရာ

စုစုပေါင်း - ၁၂နေရာ

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၂ လန်ဒန် အိုလံပစ်မှာ ငွေတံဆိပ်ရခဲ့တဲ့ ဂျပန် အမျိုးသမီး အသင်း

အအောင်မြင်ဆုံးအသင်းများ

၁) အမေရိကန် - ၄ကြိမ် ( ၁၉၉၆၊ ဝ၄၊ ဝ၈၊ ၁၂)

၂) ဂျာမနီ - ၁ကြိမ် ( ၂၀၁၆)

၃) နော်ဝေး - ၁ကြိမ် ( ၂၀ဝ၀)

၄) ဘရာဇီးလ် - ဒုတိယ ၂ကြိမ်

၅) ဆွီဒင်၊ ဂျပန်၊ တရုတ် - ဒုတိယ ၁ကြိမ်စီ

တတိယအဆင့် ခြေစစ်ပွဲကို တက်ရောက်နေတဲ့ အသင်းများ

သြစတြေးလျ၊ တရုတ်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ထိုင်း

ဆက်စပ် အကြောင်းအရာများ