စံချိန်တင် ၁၉၈မှတ်နဲ့ ပရီးမီးယားလိဂ် ၂နှစ်ဆက် ချန်ပီယံ မန်စီးတီး

ဓာတ်ပုံ မူပိုင် AFP
Image caption မန်စီးတီးဟာ ရမှတ် ၉၈မှတ်ရပြီး ထိုက်ထိုက်တန်တန် ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့လို့ ၂နှစ်ဆက် ရမှတ် ၁၉၈မှတ်အထိ ရခဲ့တာပါ။

ပရီးမီးယားလိဂ် သမိုင်းတစ်လျောက် အကြိတ်အနယ် အရှိဆုံးဖြစ်တဲ့ ရာသီမှာ ပတ်ဂွါဒီယိုလာရဲ့ မန်စီးတီးက အကောင်းဆုံး ခြေစွမ်းပြပြီး နှစ်နှစ်ဆက် ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ မန်စီးတီးဟာ မနှစ်က ရမှတ် ၁၀ဝရပြီး စံချိန်တင် ချန်ပီယံဖြစ်ခဲ့သလို ဒီနှစ်မှာလည်း ၉၈မှတ်အထိ ရခဲ့တာပါ။ နောက်ဆုံး ကစားတဲ့ ပရီးမီးယားလိဂ် ပွဲပေါင်း ၁၄ပွဲဆက်တိုက် အနိုင်ရတာကလည်း မန်စီးတီး ချန်ပီယံဖြစ်တဲ့ အဓိက အကြောင်းအရင်း ဖြစ်ပါတယ်။

ဒီဇင်ဘာလတုန်းက လီဗာပူးလ်နဲ့ အမှတ်ကွာသွားတဲ့ အနေအထားကနေ ပြန်လိုက်လာခဲ့တဲ့ မန်စီးတီးအတွက် ဘရိုက်တန်ကို တစ်ဖက်သတ် ဖိကစားပြီး နိုင်ခဲ့တာပါ။ အိမ်ရှင်အသင်းက မထင်မှတ်ဘဲ ထောင့်ကန်ဘောကနေ ဦးဆောင်ဂိုးသွင်းခဲ့ရပေမယ့် မန်စီးတီးက အကောင်းဆုံး ခြေစွမ်းပြပြီး ၄-၁ဂိုးနဲ့ နိုင်ခဲ့တာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption ဂွါဒီယိုလာဟာ နည်းပြသက်တမ်း ၁၀နှစ်မှာ အမှတ်ပေးချန်ပီယံ ၈ကြိမ်အထိ ရယူခဲ့

ပတ်ဂွါဒီယိုလာအတွက်တော့ သူ့နည်းပြ သက်တမ်းတစ်လျောက် အမှတ်ပေးဖလား ၁၀ကြိမ်မှာ ၈ကြိမ်အထိ ရခဲ့တာဖြစ်ပြီး မန်စီးတီး ကလပ်သမိုင်းတစ်လျောက် ချန်ပီယံဆုကို ကာကွယ်နိုင်တဲ့ သူဖြစ်လာပါတယ်။အင်္ဂလန်ကို စတင်ရောက်လာတဲ့နှစ်မှာ တတိယနေရာရခဲ့ပေမယ့် သူ့ရဲ့ နည်းဗျူဟာအောက်မှာ မန်စီးတီးဟာ အကောင်းဆုံး ပုံစံကို ရခဲ့တာပါ။ မနှစ် ပရီးမီးယားလိဂ်မှာ သမိုင်းတစ်လျောက် မဖြစ်နိုင်တဲ့ စံချိန်တွေကိုယူပြီး ရယူခဲ့သလို ရမှတ် ၁၀ဝလည်း ရခဲ့ပါတယ်။ ဒီနှစ်မှာလည်း နောက်ထပ် ၉၈မှတ်အထိ ရခဲ့ပြန်တော့ နှစ်ရာသီ အတွင်း ၁၉၈မှတ်နဲ့ အမှတ်ပေး လိဂ်ဖလား ၂လုံးကို ထိုက်ထိုက်တန်တန် ယူခဲ့နိုင်တာ ဖြစ်ပါတယ်။

ပတ်ဂွါဒီယိုလာဟာ ၂၀ဝ၈-ဝ၉ ရာသီစပြီး ၁၀နှစ်တာ ကာလအတွင်းမှာ သူကိုင်တွယ်ခဲ့တဲ့ အသင်း ၃သင်းမှာ အမှတ်ပေးချန်ပီယံ ၈ကြိမ်အထိ ရယူနိုင်ခဲ့တာပါ။ ဘာစီလိုနာမှာ ဒုတိယ တစ်ကြိမ်ရခဲ့ပြီး မန်စီးတီးကို စတင်ကိုင်တုန်းက တတိယ ရခဲ့တာကလွဲရင် အမှတ်ပေး လိဂ်ဖလားကို ၈ကြိမ်အထိ ရအောင် စွမ်းဆောင်နိုင်ခဲ့သူပါ။

မန်စီးတီးဟာ လီဗာပူးလ်နဲ့အတူ ရာသီစကတည်းက အကြိတ်အနယ်နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး ဒီဇင်ဘာလအတွင်း ချယ်လ်ဆီး၊ ပဲလေ့စ်၊ လက်စတာတို့ကို ရှုံးခဲ့တဲ့ ၃ပွဲနဲ့အတူ အဆင့် ၃နေရာအထိ ကျခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ကစားတဲ့ နောက်ဆုံး ၁၉ပွဲမှာ နယူးကာဆယ်ကို ရှုံးတာကလွဲရင် ၁၈ပွဲအထိ အနိုင်ရခဲ့ပြီး ခြေစွမ်းပြခဲ့လို့ ရမှတ် ၉၈မှတ်ရပြီး ချန်ပီယံ ဖြစ်ခဲ့တာပါ။

မနှစ်က မန်စီးတီးရဲ့ ချန်ပီယံဖလားမှာ ဒီဘရိုင်းနားလ်၊ ဒါးဗစ် ဆေးလ်ဗားတို့က အကောင်းဆုံး ကစားသမားတွေ ဖြစ်ကြပြီး ဒီနှစ်မှာတော့ ဘင်နာဒို ဆေးလ်ဗား၊ လာပေါ့ပ်၊ စတာလင်းနဲ့ အဂွဲရိုးတို့က အကောင်းဆုံး ခြေစွမ်းပြခဲ့ကြပါတယ်။ မန်စီးတီးရဲ့ ဒီနှစ် ချန်ပီယံဆုမှာ နောက်ထပ် အရေးပါတဲ့သူက ကွန်ပါနီပါ။ လက်စတာနဲ့ပွဲမှာ ဖိအားတွေ များပြီး ဂိုးရဖို့ ရုန်းကန်နေရချိန်မှာ မထင်မှတ်ဘဲ လှလှပပ ဂိုးသွင်းခဲ့တဲ့ ကွန်ပနီကြောင့် ၂နှစ်ဆက် ချန်ပီယံ ဖြစ်ခဲ့တာပါ။ အက်ဖ်အေကပ်ပြိုင်ပွဲမှာလည်း ဖိုင်နယ်ရောက်ထားတဲ့ မန်စီးတီးကြောင့် ပြည်တွင်း ဖလား ၃လုံးရယူနိုင်ဖို့ အခွင့်အရေးရှိနေဆဲက စီးတီးတို့ နောက်ထပ် သမိုင်းသစ်ကို ရေးထိုးဖို့ နီးစပ်နေတာပါ။

အင်္ဂလန် ဘောလုံးလောကရဲ့ နောက်ဆုံး ၇နှစ်အတွင်းမှာ အမှတ်ပေးချန်ပီယံ ၄ကြိမ်အထိ ရခဲ့တဲ့ မန်စီးတီးအသင်းကတော့ လက်ရှိလူစာရင်းအပြင် ငွေကြေး အင်အား တောင့်တင်းပြီး ပတ်ဂွါဒီယိုလာလို ထိပ်တန်း နည်းပြကို ပိုင်ဆိုင်ထားတာကြောင့် နောက်ထပ် ရာသီတွေမှာလည်း ဆက်လက် စိုးမိုးနေဦးမှာ သေချာပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မန်စီးတီးဟာ အမှတ်ပေးချန်ပီယံဆုကို ၅ကြိမ်ရခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ်ကိုတော့ နောက်ဆုံး ၇နှစ်အတွင်း ၄ကြိမ်ရခဲ့တာပါ။

နောက်ဆုံး ၁၀နှစ် ပရီးမီးယားလိဂ် ချန်ပီယံများ

၂၀ဝ၉-၁၀ ) ချယ်လ်ဆီး - ၈၆မှတ်

၂၀၁၀-၁၁) မန်ချက်စတာယူနိုက်တက် - ၈၀မှတ်

၂၀၁၁-၁၂) မန်စီးတီး - ၈၉မှတ်

၂၀၁၂-၁၃) မန်ချက်စတယာယူနိုက်တက် - ၈၉မှတ်

၂၀၁၃-၁၄) မန်စီးတီး - ၈၆မှတ်

၂၀၁၄-၁၅) ချယ်လ်ဆီး - ၈၇မှတ်

၂၀၁၅-၁၆) လက်စတာ - ၈၁မှတ်

၂၀၁၆-၁၇) ချယ်လ်ဆီး - ၉၃မှတ်

၂၀၁၇-၁၈) မန်စီးတီး - ၁၀ဝမှတ်

၂၀၁၈-၁၉) မန်စီးတီး - ၉၈မှတ်

မန်စီးတီးရဲ့ အောင်မြင်မှု

အမှတ်ပေး ချန်ပီယံ - ၅ကြိမ် ( ၁၉၃၇၊ ၂၀၁၂၊ ၂၀၁၄၊ ၂၀၁၈၊ ၂၀၁၉)

အက်ဖ်အေကပ် - ၅ကြိမ် ( ၁၉၀၄၊ ၃၄၊ ၅၆၊ ၆၉၊ ၂၀၁၁)

လိဂ်ဖလား - ၆ကြိမ် ( ၁၉၇၀၊ ၇၆၊ ၂၀၁၄၊ ၁၆၊ ၁၈၊ ၁၉)

ကွန်မြူနတီဒိုင်း - ၅ကြိမ် ( ၁၉၃၇၊ ၆၈၊ ၇၂၊ ၂၀၁၂၊ ၂၀၁၈

Cup Winners' Cup - ၁ကြိမ် ( ၁၉၇၀)

ပတ်ဂွါဒီယိုလာရဲ့ လိဂ် အောင်မြင်မှု

ဘာစီလိုနာ - ၃ကြိမ် (၂၀ဝ၉၊ ၁၀၊ ၁၁)

ဘိုင်ယန်မြူးနစ် - ၃ကြိမ် (၂၀၁၄၊ ၁၅၊ ၁၆)

မန်စီးတီး - ၂ကြိမ် ( ၂၀၁၈၊ ၁၉)

ဆက်စပ် အကြောင်းအရာများ