တိုက်စစ်မှူး ၃ဦး ပူးတွဲရခဲ့တဲ့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု

ဓာတ်ပုံ မူပိုင် AFP
Image caption သမိုင်းတစ်လျောက် ကစားသမား ၃ယောက် ပူးတွဲရတာ တတိယအကြိမ် ဖြစ်တာပါ

အင်္ဂလန် ပရီးမီးယားလိဂ် ရာသီပိတ်ချိန်မှာတော့ မန်စီးတီးက ချန်ပီယံကို ကာကွယ် နိုင်ခဲ့ပေမယ့် လီဗာပူးလ်ကတော့ တစ်ဦးချင်း ဆုတွေ များစု ရခဲ့ပါတယ်။ အမှတ်ပေး ချန်ပီယံဆုလိုပဲ အားလုံးက စိတ်ဝင်စားနေတဲ့ ဂိုးသွင်း ဘုရင် ရွှေဖိနပ်ဆုကိုတော့ တိုက်စစ်မှူး ၃ဦးစလုံးက ပူးတွဲရရှိခဲ့ကြပါတယ်။

ပွဲစဉ် ၃၈မတိုင်မီ လီဗာပူးလ်ရဲ့ ဆာလက ၂၂ဂိုးနဲ့ ထိပ်ဆုံးက ၂ဂိုးအသာနဲ့ ဦးဆောင်ခဲ့ပေမယ့် နောက်က မာနေ၊ အဂွဲရိုး၊ အဘာမီးယန်းတို့ကလည်း သွင်းဂိုး ၂၀စီနဲ့ အခွင့်အရေး ရှိနေကြတာပါ။

နောက်ဆုံးနေ့မှာ အာဆင်နယ် တိုက်စစ်မှူး အဘားမီယန်းနဲ့ လီဗာပူးလ်က မာနေတို့က ၂ဂိုးစီ သွင်းခဲ့ပြီး အဂွဲရိုးက ၁ဂိုးသွင်းခဲ့ပါတယ်။ ဆာလက အိမ်ကွင်းမှာ ဝုလ်ဖ်ကို ဂိုးမသွင်းနိုင်ခဲ့လို့ ၂၂ဂိုးမှာသာ ရှိပေမယ့် အဘာမီးယန်း၊ မာနေတို့က သူ့ကို အမီ လိုက်နိုင်ခဲ့လို့ ၂၂ဂိုးစီ တူညီခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပြိုင်ပွဲစုံ ၃၁ဂိုး သွင်းထားတဲ့ အဘာမီးယန်းအတွက် လိဂ်မှာ ၂၂ဂိုး ရခဲ့တာပါ

၂၀၁၀-၁၁ ရာသီ ဘာဘာတော့ဗ်နဲ့ တီဗက်ဇ်တို့ သွင်းဂိုး ၂၀စီ နောက်ပိုင်း ဒီဖက်နှစ် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုအတွက် ဒုတိယ သွင်းဂိုးအနည်းဆုံး ဖြစ်ခဲ့တာပါ။ အာဖရိကတိုက်ရဲ့ နာမည်ကျော် တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဆာလ၊ မာနေနဲ့ အဘာမီးယန်းတို့ဟာ ပြိုင်ပွဲ သမိုင်းတစ်လျောက် ကစားသမား ၃ဦးကနေ ပူးတွဲရတာ တတိယ အကြိမ် ဖြစ်ပါတယ်။

ဆာလဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျောက် ရွှေဖိနပ်ဆုကို ၂နှစ်ဆက်ရတဲ့ ၆ဦးမြောက် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး မာနေ၊ အဘာမီးယန်းတို့ အတွက်တော့ ဒီဆုကို ပထမဆုံး အကြိမ် ရခဲ့တာပါ။ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို အများဆုံး ရထားသူကတော့ အာဆင်နယ် တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီဖြစ်ပြီး ၄ကြိမ်အထိ ရခဲ့တာ ဖြစ်ပါတယ်။ ကလပ်အသင်းအနေနဲ့ အာဆင်နယ်နဲ့ လီဗာပူးလ်တို့ ၆ကြိမ်စီနဲ့ အများဆုံးရထားကြပြီး မန်ချက်စတာယူနိုက်တက်က ၅ကြိမ်ရခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဆာလအတွက် ဒုတိယအကြိမ် ရခဲ့တာ ဖြစ်ပြီး မာနေးအတွက် ပထမဆုံး အကြိမ် ရတာ ဖြစ်ပါတယ်။

ရွှေဖိနပ်ဆု အများဆုံး ရဖူးသူများ

အွန်နရီ ( ပြင်သစ်) - ၄ကြိမ်

ရှီးယား ( အင်္ဂလန် ) - ၃ကြိမ်

အိုဝင် ( အင်္ဂလန်) - ၂ကြိမ်

ဒရော့ဘာ ( အိုင်ပရီကို့စ် - ၂ကြိမ်

ဟယ်ဆယ်ဘိန့်ခ် ( နယ်သာလန်) - ၂ကြိမ်

ဗန်ပါစီ ( နယ်သာလန်) - ၂ကြိမ်

ဆာလ ( အီဂျစ်) - ၂ကြိမ်