ပြင်သစ် အိုးပင်း တင်းနစ်ပြိုင်ပွဲစပြီ

ဓာတ်ပုံ မူပိုင် AFP
Image caption နဒါးလ်ဟာ ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ ၂၀ဝ၄ကနေ ၂၀၁၈ခုနှစ်အထိ စံချိန်တင် ၁၁ကြိမ် ချန်ပီယံ ဖြစ်ထားသူ

ပြင်သစ် အိုးပင်းတင်းနစ်ပြိုင်ပွဲကို ပဲရစ်မြို့မှာ စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ရဲ့ ဒုတိယ ဂရန်စလန် ပြိုင်ပွဲကြီးဖြစ်ပြီး မြေစေးကွင်းမှာ ကစားရတဲ့ ဒီပြိုင်ပွဲဟာ နာမည်ကျော် တင်းနစ်သမားတွေ အားလုံးလိုလို အမြဲ ရုန်းကန်ရတဲ့ ပြိုင်ပွဲပါ။

ပြင်သစ်အိုးပင်းပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံကတော့ မြေစေးဘုရင်လို့ ပြောရမယ့် စပိန်က ရာဖာ နဒါးလ်ပါ။ ပြိုင်ပွဲသမိုင်းတစ်လျောက် အအောင်မြင်ဆုံး၊ အကြိမ်ဆက် အများဆုံးနဲ့ စံချိန်ပေါင်း များစွာကို ပိုင်ဆိုင်ထားသူပါ။ နဒါးလ်ဟာ ပြင်သစ်အိုးပင်းပြိုင်ပွဲကို ၁၄ကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးပြီး ၁၁ကြိမ်အထိ ချန်ပီယံ ဖြစ်ခဲ့သူပါ။ ၂၀ဝ၄ခုနှစ်ကစပြီး ၂၀၁၈ ခုနှစ်အထိ ၁၄နှစ်အတွင်းမှာ ၂၀ဝ၉၊ ၂၀၁၅၊ ၂၀၁၆ ပြိုင်ပွဲ ၃ကြိမ်ပဲ ချန်ပီယံ မဖြစ်ခဲ့တာပါ။ အဲ့ဒီနှစ်တွေမှာ ရော်ဂျာဖက်ဒါရာ၊ စတန်ဝါဝရင်ကာနဲ့ နိုဗတ်ဂျိုကိုဗစ်တို့ ချန်ပီယံဖြစ်ခဲ့ကြပါတယ်။

၂၀၁၈ ချန်ပီယံများ

မနှစ်က ပြင်သစ် အိုးပင်းမှာတော့ အမျိုးသားဖက်မှာ ရာဖာ နဒါးလ်နဲ့ အမျိုးသမီးဖက်မှာ ဆီမိုနာ ဟာ့လပ်တို့ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ နဒါးလ်က ဖိုင်နယ်မှာ သြစတြီးယား တင်းနစ်သမား ဒိုမီနစ်သိမ်းကို ၃ပွဲပြတ်နဲ့ လွယ်လွယ်ကူကူ နိုင်ပြီး ချန်ပီယံ ဖြစ်ခဲ့တာပါ။ သူ့အတွက် ဂရန်စလန်ပြိုင်ပွဲကြီးတွေရဲ့ စံချိန်ဖြစ်နဲ့ ချန်ပီယံ ဖြစ်ခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးဖက်မှာတော့ ရိုမေးနီးယားသူ ဆီမိုနာ ဟာ့လပ်က အမေရိကန်သူ စတီဗန်ကို အနိုင်ယူလို့ သူမအတွက်တော့ ပထမဆုံး ဂရန်စလန် ချန်ပီယံဆုကို ရခဲ့တာ ဖြစ်ပါတယ်။ နာမည်ကြီး ဂျိုကိုဗစ်က ကွာတားဖိုင်နယ်အဆင့်ကပဲ ထွက်ခဲ့ရပြီး ဖက်ဒါရာ၊ မာရေးလ်တို့ကတာ့ ဒဏ်ရာတွေကြောင့် လွဲချော်ခဲ့တဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption နာမည်ကျော် ၃ယောက် ထိပ်တိုက် ဆုံတွေ့မယ့် ပြင်သစ် အိုးပင်း

၂၀၁၉ ပြိုင်ပွဲ

ဒီနှစ်ပြိုင်ပွဲကို တနင်္ဂနွေနေ့မှာ စတင်ခဲ့ပြီး နာမည်ကြီး တင်းနစ် သမားအများစု ပါဝင်ကြမှာပါ။ အမျိုးသားဖက်မှာ ဆီဒင် ထိပ်ဆုံးရ ဂျိုကိုဗစ်၊ လက်ရှိချန်ပီယံ နဒါးလ်၊ ချန်ပီယံဟောင်း ဖက်ဒါရာတို့အပြင် စတန်ဝါဝရင်ကာ၊ ဒယ်ပိုထရို၊ ဒိုးမနစ် သိမ်း၊ ဗယ်လ်ရာ၊ နီရှိကိုရီတို့ အားလုံး ပါဝင်ကြမှာ ဖြစ်ပါတယ်။ တင်ပါးဒဏ်ရာ ခွဲစိတ်ထားတဲ့ အန်ဒီမာရေးလ်ကတော့ ဒီနှစ်ကိုလည်း ထပ်မံ လွဲချော်ဦးမှာ ဖြစ်ပါတယ်။

အမျိုးသမီးဖက်မှာတော့ လက်ရှိ ယူအက်စ်အိုးပင်းနဲ့ သြစတြေးလျ အိုးပင်း ချန်ပီယံ နာအိုမီ အိုဆာကက ဆီဒင် ၁နဲ့ ဦးစားပေးစာရင်းမှာ ထိပ်ဆုံး ရှိနေပါတယ်။ ချက်တင်းနစ်မယ် ပလစ်ကိုဗာက ဆီဒင် ၂၊ လက်ရှိ ချန်ပီယံ ဆီမိုနာ ဟာ့လပ်ကတော့ ဆီဒင် ၃ နဲ့ ဆရီနာ ဝီလျံ၊ ဝါ့ဇ်နီယားစကီး၊ မူဂူရူဇာတို့လို နာမည်ကြီးတွေ ပါဝင်မှာ ဖြစ်ပါတယ်။ ချန်ပီယံဟောင်း ရှာရာပိုဗာကတော့ ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပြီး နာမည်ကြီး ဂျာမန် တင်းနစ်မယ် ခါဘာကတော့ ပထမအဆင့်မှာတင် ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တစ်ဦးချင်း ချန်ပီယံ ဖြစ်မယ့်သူက အနည်းဆုံး ယူရို ၂.၂သန်းစီ ရရှိမှာဖြစ်ပြီး ဒုတိယရသူက ယူရို ၁.၂သန်း ရမှာဖြစ်ပါတယ်

ဆုကြေးငွေ

ဒီနှစ် ပြင်သစ်အိုးပင်းပြိုင်ပွဲကို စုစုပေါင်း ဆုကြေးငွေ ယူရို ၄၂သန်းကျော်အထိ ချီးမြှင့်မှာ ဖြစ်ပြီး တစ်ဦးချင်း ချန်ပီယံ ဖြစ်မယ့်သူက အနည်းဆုံး ယူရို ၂.၂သန်းစီ ရရှိမှာ ဖြစ်ပါတယ်။ ပြင်သစ်အိုးပင်းရဲ့ ပထမဆင့်ကစလို့ ဆုကြေးငွေ ယူရို ၂သောင်း ၅ထောင်ကျော် ရရှိမှာဖြစ်ပြီး ဆီမီးဖိုင်နယ် အဆင့် တက်ရောက်ပါက ယူရို ၅သိန်းခွဲကျော်အထိ ရမှာ ဖြစ်ပါတယ်။

ချန်ပီယံ ဖြစ်သူက ယူရို ၂.၂သန်း ရမှာဖြစ်ပေမယ့် ဖိုင်နယ်မှာ ရှုံးခဲ့သူက ယူရို ၁.၂သန်း ရမှာ ဖြစ်ပါတယ်။ နှစ်ယောက်တွဲ ချန်ပီယံတွေကို ယူရို ၅သိန်းခွဲစီ ပေးအပ်မှာဖြစ်ပြီး အမျိုးသမား၊ အမျိုးသမီး နှစ်ယောက်တွဲ ချန်ပီယံတွေဟာ ယူရို ၁သိန်း ၂သောင်းစီ ရကြမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption လက်ရှိ တင်းနစ်မယ်တွေထဲ ၃ကြိမ် ချန်ပီယံဖြစ်ထားပြီး ဗိုလ်စွဲဖို့ ရေးပန်းအစားဆုံး ဆရီနာ ဝီလျံ

စံချိန်များနဲ့ ပြင်သစ်အိုးပင်း

စပိန် နာမည်ကြီး တင်းနစ်သမား ရာဖာ နဒါးလ်ဟာ ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ ၂၀ဝ၄ကနေ ၂၀၁၈ခုနှစ်အထိ စံချိန်တင် ၁၁ကြိမ် ချန်ပီယံ ဖြစ်ထားသူပါ။ ကစားသမား သက်တမ်း တစ်လျောက် ဂရန်စလန် ၁၇ကြိမ် ရထားတဲ့ နဒါးလ်ဟာ ဒီနှစ်ပြိုင်ပွဲမှာလည်း ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ အမျိုးသမီးဖက်မှာတော့ နာမည်ကျော် အမေရိကန် တင်းနစ်မယ်ဟောင်း ခရစ္စ အဲဗတ်က ၇ကြိမ်နဲ့ အများဆုံး ရထားပြီး လက်ရှိ တင်းနစ်မယ်တွေထဲ ဆရီနာ ဝီလျံ ၃ကြိမ် ချန်ပီယံ ဖြစ်ထားသူပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption နောက်ဆုံး ဂရန်စလန် ၃လုံးစလုံး ရထားတဲ့ ဂျိုကိုဗစ်ဟာ နဒါးလ်ရဲ့ အဓိက ပြိုင်ဖက် ဖြစ်လာဖွယ်ရှိနေ

ဘယ်သူ ဗိုလ်စွဲနိုင်မလဲ

ပွဲစဉ်တွေ ရေးဆွဲအပြီးမှာတော့ အမျိုးသား ဖက်မှာ နဒါးလ်ဟာ သူ့ရဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ အားလုံးက တစ်ပေးထားသူပါ။ ပြီးခဲ့တဲ့ အီတလီ အိုးပင်း မြေစေးကွင်းမှာ ဂျိုကိုဗစ်ကို လွယ်လွယ်ကူကူ နိုင်ခဲ့တဲ့ နဒါးလ်အတွက် ၁၂ကြိမ် ချန်ပီယံဖြစ်ဖို့ ပစ်မှတ် ထားနေတာ ဖြစ်ပါတယ်။ နောက်ဆုံး ဂရန်စလန် ၃လုံးစလုံး ရထားတဲ့ ဂျိုကိုဗစ်ကတော့ ကစားသမား သက်တမ်းလျောက် ဂရန်စလန် ၄လုံးဆက်တိုက် ရတဲ့ ကစားသမားအဖြစ် ဒုတိယအကြိမ် မှတ်တမ်းဝင်ဖို့ ရှိနေသူပါ။ အီတလီ အိုးပင်းမှာ နဒါးလ်ကို ရှုံးထားပေမယ့် မက်ဒရစ် မာစတာ မြေစေးကွင်းမှာ ချန်ပီယံ ဖြစ်ထားတဲ့ ဂျိုကိုဗစ်ဟာ နဒါးလ်ရဲ့ ချန်ပီယံဆုကို အဓိက ခြိမ်းခြောက်နိုင်သူဖြစ်ပါတယ်။ ဂရန်စလန် စံချိန်တင် ၂၀ကြိမ်အထိ ရထားတဲ့ ဖက်ဒါရာကတော့ ၂၀ဝ၉နှစ်နောက်ပိုင်း ၁၀နှစ်အကြာမှာ ပထမဆုံး ဗိုလ်စွဲ ရည်မှန်းနေသူပါ။ အမျိုးသမီးဖက်မှာတော့ အကောင်းဆုံး လက်စွမ်းပြနေတဲ့ နာအိုမီ အိုဆာကဟာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်ပြီး ဆရီနာဝီလျံ၊ ဟာ့လပ်၊ မူဂူရူဇာတို့လည်း အခွင့်အရေး ရှိနေကြပါတယ်။

ပြင်သစ် အိုးပင်း အမျိုးသား ချန်ပီယံများ

၁) နဒါးလ် ( စပိန်) - ၁၁ကြိမ်

၂) မက်ဒီကူဂစ် ( ပြင်သစ်) - ၈ကြိမ်

၃) ဘရွန်ဘော့ခ် ( ဆွီဒင် ) - ၆ကြိမ်

၄) ဟန်နရီ ကိုခက် ( ပြင်သစ်) - ၅ကြိမ်

လက်ရှိ ကစားသမားတွေထဲ ချန်ပီယံများ

၁) နဒါးလ် ( စပိန်) - ၁၁ကြိမ်

၂) ဂျိုကိုဗစ် ( ဆားဘီးယား) - ၁ကြိမ်

၃) ဖက်ဒါရာ ( ဆွစ်ဇာလန်) - ၁ကြိမ်

၄) ဝါဝရင်ကာ ( ဆွစ်ဇာလန် ) - ၁ကြိမ်

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၀၉မှာ ရပြီးနောက်ပိုင်း ပြင်သစ်အိုးပင်းမှာ ချန်ပီယံ ထပ်မဖြစ်သေးတဲ့ ဖက်ဒါရာ

ပြင်သစ် အိုးပင်း အမျိုးသမီး ချန်ပီယံများ

၁) ခရစ္စ အဲဗတ် ( အမေရိကန်) - ၇ကြိမ်

၂) ဆူဇာနီ ( ပြင်သစ်) - ၆ကြိမ်

၃) စတက်ဖီဂရက်ဖ် ( ဂျာမနီ ) - ၆ကြိမ်

၄) မတ်ဆွန် ( ပြင်သစ်) - ၅ကြိမ်

၅) မာဂရတ် ကော့ ( သြစတြေးလျ) - ၅ကြိမ်

ဓာတ်ပုံ မူပိုင် AFP
Image caption လက်ရှိ အမျိုးသမီး ချန်ပီယံ ရိုမေးနီးယားသူ ဆီမိုနာ ဟာ့လပ်

လက်ရှိ အမျိုးသမီးထဲ ချန်ပီယံများ

၁) ဆရီနာ ဝီလျံ ( အမေရိကန် ) - ၃ကြိမ်

၂) မူဂူရူဇာ ( စပိန်) - ၁ကြိမ်

၃) အော့စတာပန်ကို ( သြစတြီးယား) - ၁ကြိမ်

၄) ဟာ့လပ် ( ရိုမေးနီးယား) - ၁ကြိမ်

ဆက်စပ် အကြောင်းအရာများ