ခက်ခဲတဲ့ ခရီးကြမ်းထဲက လန်ဒန် နှစ်သင်းလုမယ့် ယူရိုပါလိဂ်

ဓာတ်ပုံ မူပိုင် UEFA
Image caption လန်ဒန်ကလပ်တွေ ပထမဆုံး ဆုံတွေ့မယ့် ယူရိုပါလိဂ် ဖိုင်နယ်

ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFA ရဲ့ အငြင်းပွားဖွယ်ရာ ဖိုင်နယ်ပွဲအဖြစ် မှတ်တမ်း ဝင်လာတဲ့ ယူရိုပါလိဂ်ပွဲကို လန်ဒန် ကလပ် နှစ်သင်း ဗိုလ်လုရမှာပါ။ ပြိုင်ပွဲစမတင်မီ ကတည်းက အဇာဘိုင်ဂျန် ဘာကူမြို့မှာ ကျင်းပမယ်လို့ အသိပေးထားပြီး ဖြစ်ပေမယ့် တကယ်တမ်း သွားခရီးသွားရမယ့် ပရိသတ်တွေအတွက် ခက်ခဲတဲ့ ခရီးကြမ်းကို ကျော်ပြီး ဖိုင်နယ်ပွဲကို အားပေးရမယ့်ပွဲပါ။

အာရှတိုက်နဲ့ ကပ်လျက် ရှိတဲ့ အဇာဘိုင်ဂျန်အတွက်တော့ ပထမဆုံး ကျင်းပခွင့်ရတဲ့ ဥရောပအဆင့် ကလပ်ဖိုင်နယ်ပွဲဖြစ်ပြီး ပရိသတ်တွေအားလုံးအတွက် မေးခွန်းထုတ်စရာ ဖြစ်ခဲ့တာပါ။ အထူးသဖြင့် အာမေးနီးယား ကစားသမား မစ်ခီတားရီးယန်း ပါဝင်တဲ့ အာဆင်နယ် ဖိုင်နယ် တက်လာပြီးနောက်ပိုင်း သူ ကစားခွင့်ရရေး၊ မရရေး အငြင်းပွားမှုတွေ ရှိခဲ့သလို သူ့ရဲ့ လုံခြုံရေးအတွက် အာဆင်နယ်နဲ့ UEFA တို့ အဆင်မပြေဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဖိုင်နယ်ရောက် ပရိသတ်တွေထက် ကြားပရိသတ်တွေ များဖွယ်ရှိတဲ့ ယူရိုပါလိဂ် ဖိုင်နယ်

ဖိုင်နယ် ကျင်းပမယ့် ဘာကူက အိုလံပစ်ကွင်းကြီးဟာ ပရိသတ် ၇သောင်းနီးပါး ရှိပေမယ့် ဖိုင်နယ်ရောက်လာတဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ကို လက်မှတ်ခွဲတမ်း ၆ထောင်စီသာ ပေးခဲ့တာပါ။

ပရိသတ်တွေ သွားရောက်ဖို့ ခက်ခဲမှုကို အကြောင်းပြုပြီး လက်မှတ်ခွဲတမ်း လျော့ပြီးပေးဖို့ ဆုံးဖြတ်ခဲ့တာလို့ UEFA တုန့်ပြန်ခဲ့ပါတယ်။ အာဆင်နယ်နဲ့ ချယ်လ်ဆီးပရိသတ်တွေဟာ ဘာကူကို သွားမယ့် တိုက်ရိုက် လေယာဉ်ရဲ့ ဈေးမြင့်မားမှု၊ ဖိုင်နယ်ပွဲတစ်ပွဲအတွက် အချိန် ၅ရက်လောက်အထိပေးရမယ့် အနေအထားတွေကြောင့် အဲ့ဒီပွဲကို အများစုက မသွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

နောက်ဆုံးသိရတဲ့ သတင်းတွေအရ လန်ဒန်ကလပ်တွေဟာ သူတို့ရခဲ့တဲ့ လက်မှတ်ခွဲတမ်း ၆ထောင်စီမှာ တစ်ဝက်ဖြစ်တဲ့ ၃ထောင်စီကို ပြန်အပ်ခဲ့တယ်လို့ ဆိုပါတယ်။ UEFA ကတော့ ပြန်အပ်လာတဲ့ လက်မှတ် ၆၀ဝ၀ ကို အိမ်ရှင် အဇာဘိုင်ဂျန် ပရိသတ်တွေကို ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပရိသတ်တွေ အချိန်အကြာကြီးပေးပြီး သွားရမယ့် ဘာကူ အိုလံပစ်ကွင်း

ဘယ်သူတွေ ပါနိုင်မလဲ

ဖိုင်နယ်ပွဲကို ဒေသစံတော်ချိန် ည ၁၁နာရီ၊ မြန်မာစံတော်ချိန် ကြာသာပတေးနေ့၊ နံနက် ၁နာရီခွဲမှာ ကန်မှာ ဖြစ်ပါတယ်။ ၂၀၁၃ခုနှစ်မှာ ချန်ပီယံ ဖြစ်ဖူးတဲ့ ဆာရီရဲ့ ချယ်လ်ဆီးမှာ အဓိက ကစားသမားတွေ လူစုံပါဖို့ ခက်ခဲနေပါတယ်။ ကွင်းလယ်မှာ ခြေစွမ်းပြနေတဲ့ လော့တပ်ချိဖ် မပါနိုင်သလို ဟတ်ဆန် အဒွိုင်း၊ ရူဒီဂါတို့လို ကစားသမားတွေ လွဲချော်မှာ ဖြစ်ပြီး ကွင်းလယ်လူ ကန်တေ ကလည်း ကြံ့ခိုင်မှု ပြည့်ဝဖို့ စောင့်နေရဆဲ ဖြစ်ပါတယ်။

အာဆင်နယ်မှာတော့ ကာလရှည် ဒဏ်ရာရနေတဲ့ ကစားသမားတွေကလွဲပြီး လူစုံပါဖို့ ရှိပါတယ်။ ဒန်နီဝဲလ်ဘတ် အပါအဝင် အဓိက ကစားသမားတွေ လူစုံနီးပါ ဘာကူမြို့ကို ထွက်ခွာလာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Alamy
Image caption ဆီမီးဖိုင်နယ်မှာ ဟက်ထရစ်ရပြီး ဂိုးမြူးနေတဲ့ အာဆင်နယ် တိုက်စစ်မှူး အဘာမီးယန်း

ဘယ်အသင်း အသာရမလဲ

အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီအတွက်တော့ ဒီပြိုင်ပွဲက ရင်နှီးပြီးသားဖြစ်ပြီး ဆဗီယာ အသင်းနဲ့ ၃နှစ်ဆက် ချန်ပီယံ ဖြစ်ဖူးပါတယ်။ အာဆင်နယ်ဟာ မနှစ်က ဆီမီးဖိုင်နယ်အထိ တက်ခဲ့သလို အားထားရတဲ့ တိုက်စစ်အတွဲဖြစ်တဲ့ အဘာမီးယန်း၊ လာကာဇက် အတွဲကလည်း ဂိုးမြူးနေတာက အမ်မရီ အတွက် အားတက်စရာပါ။

ချယ်လ်ဆီးမှာတော့ ရီးယဲယ်ကို ပြောင်းတော့မယ်လို့ သတင်းတွေ ထွက်နေတဲ့ ဟာဇက် အပါအဝင် လူစုံနီးပါ ပါမှာ ဖြစ်ပေမယ့် နောက်ပိုင်း ချယ်လ်ဆီးရဲ့ ခြေစွမ်းပိုင်းကို နည်းနည်း သတိထားရမှာပါ။ ချန်ပီယံလိဂ် ဝင်ခွင့်ရပြီးသား ဖြစ်တဲ့ ချယ်လ်ဆီးထက် အနိုင်ရမှ ချန်ပီယံလိဂ် ဝင်ခွင့်ရမယ့် အာဆင်နယ်က ဖိအားတွေနဲ့ ကန်ရမှာပါ။ လန်ဒန် ကလပ် အချင်းချင်း ထိပ်တိုက် ဆုံတွေ့မယ့် ပွဲဖြစ်သလို၊ ကြားကွင်းမှာ ကန်ရမယ့် အနေအထားက နှစ်သင်းစလုံးအတွက် အခွင့်အရေး ဆတူ ရှိနေပါတယ်။ သေချာတာတော့ အကြိတ်အနယ်နဲ့ ပွဲကောင်းတစ်ပွဲအဖြစ် ပရိသတ်တွေက အလိုရှိနေပါတယ်။

ယူရိုပါလိဂ် အောင်မြင်မှုများ

၁) ဆဗီယာ ( စပိန်) - ၅ကြိမ်

၂) လီဗာပူးလ် ( အင်္ဂလန်) - ၃ကြိမ်

၃) ဂျူဗင်တပ်စ် ( အီတလီ) - ၃ကြိမ်

၄) အင်တာမီလန် ( အီတလီ) - ၃ကြိမ်

၅) အက်သလက်တီကို ( စပိန်) - ၃ကြိမ်

၆) မိုချန်ဂလာဘတ် ( ဂျာမနီ) - ၂ကြိမ်

၇) စပါး ( အင်္ဂလန်) - ၂ကြိမ်

၈) ဖိုင်ယန်နော့ဗ် ( နယ်သာလန်) - ၂ကြိမ်

၉) ဂို့သ်ဘတ် ( ဆွီဒင်) - ၂ကြိမ်

၁၀) ရီးယဲယ် ( စပိန်) - ၂ကြိမ်

၁၁) ပါးမား ( အီတလီ) - ၂ကြိမ်

၁၂) ပေါ်တို ( ပေါ်တူဂီ) - ၂ကြိမ်

ဓာတ်ပုံ မူပိုင် AFP
Image caption ၁၀ဂိုးနဲ့ ယူရိုပါလိဂ်မှာ ဂိုးအများဆုံးသွင်းထားတဲ့ ချယ်လ်ဆီး တိုက်စစ်မှူး ဂျီရူး

နိုင်ငံအလိုက် ယူရိုပါလိဂ် အောင်မြင်မှု

၁) စပိန် - ၁၁ကြိမ်

၂) အီတလီ - ၉ကြိမ်

၃) အင်္ဂလန် - ၈ကြိမ်

၄) ဂျာမနီ - ၆ကြိမ်

၅) နယ်သာလန် - ၄ကြိမ်

၆) ပေါ်တူဂီ - ၂ကြိမ်

၇) ရုရှား - ၂ကြိမ်

၈) ဆွီဒင် - ၂ကြိမ်

၉) ဘယ်ဂျီယံ - ၁ကြိမ်

၁၀) ယူကရိန်း - ၁ကြိမ်

၁၁) တူရကီ - ၁ကြိမ်

ဖိုင်နယ်ရောက် နှစ်သင်းရဲ့ အောင်မြင်မှု

၁) ချယ်လ်ဆီး ( ၂၀၁၃) - ချန်ပီယံ

၂) အာဆင်နယ် ( ၂၀ဝ၀) - ဒုတိယ

ဆက်စပ် အကြောင်းအရာများ