ပေါ်တူဂီနဲ့ နယ်သာလန် လုမယ့် UEFA Nations League

ဓာတ်ပုံ မူပိုင် AFP
Image caption ပထမဆုံးအကြိမ် ကျင်းပတဲ့ ပွဲမှာ ဘယ်အသင်း မှတ်တမ်းရေးထိုးမလဲ

ဥရောပ ဘောလုံးအဖွဲ့ချုပ်ရဲ့ နိုင်ငံတာက ပြိုင်ပွဲ ပုံစံသစ်ဖြစ်တဲ့ UEFA Nations League ကတော့ နောက်ဆုံး ဖိုင်နယ် အဆင့်ကို ရောက်နေပါပြီ။ Nations League ပြိုင်ပွဲရဲ့ ဆီမီးနဲ့ ဖိုင်နယ်ပွဲတွေကို ပေါ်တူဂီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပတာပါ။

ဆီမီးဖိုင်နယ်အဆင့်ကိုတော့ Nations League အဆင့်သတ်မှတ်ချက် အမြင့်ဆုံးရတဲ့ အသင်းတွေချည်း ပြိုင်ရတဲ့ ပွဲတွေမှာ အုပ်စု ပထမ ကိုယ်စီရခဲ့ကြတဲ့ နယ်သာလန်၊ ပေါ်တူဂီ၊ ဆွစ်ဇာလန်နဲ့ အင်္ဂလန်တို့ တက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဆမီးဖိုင်နယ်မှာ ဆွစ်ဇာလန်ဖက်ကို ဟက်ထရစ် သွင်းခဲ့တဲ့ ရော်နယ်လ်ဒို

ဆီမီးဖိုင်နယ် ရလဒ်များ

ဆီမီးဖိုင်နယ်မှာတော့ အိမ်ရှင် ပေါ်တူဂီနဲ့ ဆွစ်ဇာလန်၊ နယ်သာလန်နဲ့ အင်္ဂလန်တို့ ဆုံတွေ့ခဲ့ကြပါတယ်။ ဇွန်လ ၅ရက်နေ့က ကစားခဲ့တဲ့ ပထမ ဆီမီးဖိုင်နယ်ပွဲမှာတော့ အိမ်ရှင် ပေါ်တူဂီအသင်းက ဆွစ်ဇာလန်ကို ခရစ္စယာနို ရော်နယ်လ်ဒိုရဲ့ ဟက်ထရစ်နဲ့ ၃-၁ဂိုးသွင်းပြီး နိုင်ပါတယ်။ အကြိတ်အနယ် ကစားခဲ့ပြီးမှ ပွဲပြီးခါနီး ရော်နယ်လ်ဒို ၂ဂိုးဆက်သွင်းလို့ နိုင်ခဲ့တာပါ။

ဇွန်လ ၆ရက်နေ့ နာမည်ကြီး အင်္ဂလန်နဲ့ နယ်သာလန်တို့ ပွဲမှာတော့ မိနစ် ၉၀ပြည့်အထိ ၁ဂိုးစီ သရေကျခဲ့ပါတယ်။ အင်္ဂလန်က ရပ်ရှ်ဖို့ဒ်ရဲ့ ပင်နယ်တီဂိုးနဲ့ ဦးဆောင်ခဲ့ပြီးမှ နယ်သလာန်ဖက်က ဒီလစ် ခေါင်းတိုက်ပြီး ချေပလို့ ၁ဂိုးစီ သရေ ဖြစ်ခဲ့ပါတယ်။ အချိန်ပို မိနစ် ၃၀မှာ အင်္ဂလန် ခံစစ်ပိုင်း အမှားတွေကနေ နယ်သာလန်က ၃-၁ ဂိုးနဲ့ နိုင်ပြီး ဖိုင်နယ်တက်ခဲ့ပါတယ်။

ဒီနေ့ညမှာတော့ ရော်နယ်ကိုးလ်မန်းရဲ့ နယ်သာလန်ဟာ ယူရို ချန်ပီယံ ဖာနန်ဒို ဆန်းတို့စ်ရဲ့ ပေါ်တူဂီနဲ့ ဗိုလ်လုရမှာပါ။ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက်ပိုင်း နိုင်ငံတကာ ပွဲကြီးတွေကို ခြေစစ်ပွဲ မအောင်ခဲ့တဲ့ နယ်သာလန်ဟာ နည်းပြ ကိုးလ်မန်းလက်ထက်မှာ အကောင်းဆုံး ပုံစံပြန်ရပြီး ဖိုင်နယ်ကို ပြန်တက်နိုင်ခဲ့တာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption စူပါစတား ရော်နယ်လ်ဒိုကို ထိန်းရမယ့် ဒီလစ်နဲ့ ဗန်ဒိုက်

ဘယ်သူ အနိုင်ရမလဲ

ဖာနန်ဒို ဆန်းတို့စ်ရဲ့ ပေါ်တူဂီဟာ ယူရို ၂၀၁၆မှာ မထင်မှတ်တာတွေ လုပ်ပြပြီး ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်းပါ။ အဓိက တိုက်စစ်မှူး ရော်နယ်လ်ဒို ဦးဆောင်မှုနဲ့ နေးရှင်းလိဂ်မှာ ခြေစွမ်းပြတဲ့ အသင်းဖြစ်သလို ရော်နယ်လ်ဒိုကလည်း ပထမဆုံး ကစားတဲ့ပွဲမှာ ဟက်ထရစ် သွင်းနိုင်ခဲ့တာပါ။ နယ်သာလန်ကတော့ ကိုးလ်မန်းလက်ထက်မှာ အရင်လို ထိပ်တန်း အဆင့်ကို ပြန်ရောက်လာတဲ့ အသင်းဖြစ်သလို အားယက်စ်၊ လီဗာပူးလ် ကစားသမားတွေနဲ့ ခြေစွမ်းကောင်းနေတဲ့ အသင်းပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption ပေါ်တူဂီရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ရော်နယ်လ်ဒိုနဲ့ ဘင်နာဒို ဆေးလ်ဗား

ရော်နယ်လ်ဒိုနဲ့ ဗန်ဒိုက်

မှတ်တမ်းတွေအရ ဗန်ဒိုက်ကို တစ်ဦးချင်း ကျော်ဖြတ်ဖို့ ခက်ခဲဆိုတဲ့ အထိ ခြေစွမ်းပြခဲ့တဲ့ ပရီးမီးယားလိဂ် အကောင်းဆုံး နောက်ခံလူကို စူပါစတား ရော်နယ်လ်ဒို ဘယ်လို ကျောဖြတ်မလဲ စိတ်ဝင်စားစရာပါ။ မက်ဆီကို တစ်ဦးချင်းပိုင်းမှာ မယှဉ်နိုင်ခဲ့ပေမယ့် ခံစစ်နဲ့ ကွင်းလယ်ပိုင်းက ကစားသမားတွေ စုပေါင်းပြီး အနိုင်ယူခဲ့တဲ့ ဗန်ဒိုက်တစ်ယောက် ရော်နယ်လ်ဒိုနဲ့ ဒီနေ့ ရင်ဆိုင်ရမှာပါ။ နယ်သာလန် ခံစစ်မှာ ဗန်ဒိုက်အပြင် ဒီလစ်ကလည်း အကောင်းဆုံး ခြေစွမ်းပြနေသလို ပြစ်ဒဏ်ဘော၊ ထောင့်ကန်ဘောတွေကနေ အရေးပါတဲ့ ဂိုးတွေ သွင်းပေးနေသူဖြစ်လို့ သူတို့ နှစ်ယောက်ရဲ့ ခံစစ်နဲ့ ရော်နယ်လ်ဒိုရဲ့ တိုက်စစ် အားပြိုင်ရမယ့် ပွဲလို့ ဆိုနိုင်ပါတယ်။

ဆန်းတို့စ်နဲ့ ကိုးလ်မန်း

နည်းဗျူဟာ ကြွယ်ဝတဲ့ ဆန်းတို့စ် ဘာလုပ်ပြနိုင်သလဲဆိုတာ ယူရို ၂၀၁၆မှာ တွေ့ခဲ့ပြီး ဖြစ်ပါတယ်။ အဓိက ကစားသမား ရော်နယ်လ်ဒို၊ ဘင်နာဒို ဆေးလ်ဗားတို့ကို အားကိုးနေရပါတယ်။ နယ်သာလန်မှာတော့ လူငယ်တွေ၊ ဝါရင့် ကစားသမားတွေနဲ့ အပြည့်ပါ။ ဗန်ဒိုက်၊ ဒီလစ်၊ ဒီယောင်တို့အပြင် တိုက်စစ်ပိုင်းကလည်း မန်းဖစ် ဒီပိုင်းလ် လည်း ခြေစွာနေပါတယ်။ အတွေ့အကြုံရှိတဲ့ ထိပ်တန်း နည်းပြ နှစ်ဦးဆုံတွေ့မှာ ဖြစ်ပေမယ့် အိမ်ရှင်အဖြစ် ကစားခွင့်ရမယ့် ဆန်းတို့စ်ရဲ့ ပေါ်တူဂီ အခွင့်အရေး သာနိုင်ပါတယ်။

တတိယနေရာလုပွဲ

နာမည်ကြီး အင်္ဂလန်ကတော့ ဆွစ်ဇာလန်နဲ့ ရင်ဆိုင်ရဖို့ ရှိပါတယ်။ နှစ်သင်းစလုံး ဆီမီးဖိုင်နယ်တွေမှာ အရေးနိမ့်ခဲ့ကြတဲ့ အသင်းတွေဖြစ်ပြီး ဘယ်အသင်း တတိယဆုရမလဲ မြန်မာစံတော်ချိန် ည ၇နာရီခွဲမှာ တွေ့ရမှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ