Ballon d'Or ဆုကို ဗန်ဒိုက် တကယ်ပဲ ထိုက်တန် နေပြီလား

ဓာတ်ပုံ မူပိုင် AFP
Image caption ခံစစ်မှူးတွေထဲက ဖရန့် ဘတ်ကင်ဘောင်ဝါ၊ မာသီးယပ်စ် ဆမ်းမား၊ ကင်နာဗာရိုတို့ ရခဲ့ဖူး

လီဗာပူးလ်ရဲ့ နောက်ခံလူ ဗန်ဒိုက်ဟာ ၂၀၁၉ခုနှစ်ရဲ့ ဘလွန်ဒေါလို့ ခေါ်တဲ့ ရွှေဘောလုံးဆုကို ရဖို့ ရေပန်းအစားဆုံး ဖြစ်ပါတယ်။ Nations League မှာအင်္ဂလန်ကို ကျော်ပြီး အနိုင်ရခဲ့တဲ့ နယ်သာလန် ခံစစ်ပိုင်းမှာ ခြေစွမ်းပြခဲ့တဲ့ ဗန်ဒိုက်ဟာ မက်ဆီကို ကျော်ပြီး ဆုရဖို့ ဘွတ်ကီ ဒိုင်တွေက ရေးပန်းအစားဆုံးအဖြစ် သတ်မှတ်လိုက်တာပါ။

ဗန်ဒိုက်ဟာ လီဗာပူးလ်ကို ပြီးခဲ့တဲ့ရာသီ ဆောင်းရာသီက ပေါင် ၇၅သန်းနဲ့ ပြောင်းလာခဲ့ သူဖြစ်ပြီး ဖရိုဖရဲ ဖြစ်နေတဲ့ ခံစစ်ပိုင်းမှာ အကောင်းဆုံး ပုံစံရအောင် ဦးဆောင် ကစားခဲ့သူ ပါ။ မှတ်တမ်းတွေအရ သူနဲ့ ရင်ဆိုင်ခဲ့ဖူးတဲ့ နာမည်ကျော် တိုက်စစ်မှူးတွေ တစ်ဦးမှ ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိခဲ့တဲ့အထိ ခြေစွမ်းပြခဲ့တဲ့ ဗန်ဒိုက်ဟာ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ် တာ အကောင်းဆုံး ဆုတွေကို ရထားသလို လီဗာပူးလ်နဲ့လည်း ဥရောပ ချန်ပီယံလိဂ် ဖလားကို ပူပူနွေးနွေး ရထားသူပါ။

အသက် ၂၇နှစ် အရွယ်ရှိတဲ့ ဗန်ဒိုက်ဟာ ဒီနှစ်ရာသီအတွင်း ကလပ်နဲ့ နိုင်ငံအသင်း အတွက် ၉ဂိုးသွင်းပေးခဲ့ပြီး လီဗာပူးလ်ကို ချန်ပီယံလိဂ် ဖလားရအောင် စွမ်းဆောင်ပေးခဲ့သူပါ။

ဘွန်ကီ ဒိုင်တွေရဲ့ အဆိုအရ ဗန်ဒိုက်ရဲ့ စွမ်းဆောင်ရည်နဲ့ ကလပ် အောင်မြင်မှုကြောင့် ရွှေဘောလုံးဆုကို ရဖို့ မက်ဆီကိုကျော်ပြီး ရေပန်းစားလာတာ ဖြစ်ကြောင်း ဆိုပါတယ်။ ဗန်ဒိုက်ဟာ လက်ရှိ ရေပန်းစားမှုမှာ ၈ : ၁၁ လေးနဲ့ ဦးဆောင်နေတာဖြစ်ပြီး ထိပ်ဆုံး ၅ဦးစာရင်းမှာ လီဗာပူးလ်က ကစားသမား ၃ဦးအထိ ပါဝင်နေတာ တွေ့ရပါတယ်။ ၅ကြိမ် ရဖူးတဲ့ မက်ဆီဟာ ချန်ပီယံလိဂ်မှာ အောင်မြင်မှု မရခဲ့ပေမယ့် ဘာစီလိုနာနဲ့ လာလီဂါ ချန်ပီယံ ဖြစ်ခဲ့သူပါ။ ပြိုင်ပွဲအရပ်ရပ်မှာ ၅၁ဂိုးအထိ သွင်းယူပေးခဲ့ပြီး ဖန်တီးမှု ၁၆ကြိမ် ပြုလုပ်ပေးခဲ့သူပါ။

မက်ဆီဟာ အစောပိုင်းတုန်းက ထိပ်ဆုံးက ရေပန်းအစားဆုံး ဖြစ်ပေမယ့် ဗန်ဒိုက်ရဲ့ ချန်ပီယံလိဂ် အောင်မြင်မှုကြောင့် ၆ : ၅ အထိကျဆင်းသွားပြီး ဒုတိယ နေရာကို ရောက်သွားတာပါ။ မက်ဆီရဲ့ အဓိက ပြိုင်ဖက် ရော်နယ်လ်ဒိုက တတိယရေပန်း အစားဆုံးဖြစ်ပြီး ဆာလ၊ မာနေတို့က ထိပ်ဆုံး ၅ဦးစာရင်းမှာ ပါဝင်နေပါတယ်။

French Football က နှစ်စဉ် ရွေးချယ်တဲ့ ရွှေဘောလုံးဆုဟာ တစ်ဦးချင်းအပြင် အောင်မြင်မှုတွေကိုပါ ကြည့်ပြီး ရွေးချယ်တဲ့ ဆုဖြစ်ပြီး ဘောလုံးသမားတိုင်း အလိုရှိနေကြတဲ့ ဆုပါ။ ခံစစ်မှူးထဲကနေ အရင်က ဖရန့် ဘတ်ကင်ဘောင်ဝါ၊ နောက် ၁၉၉၆ခုနှစ်မှာ မာသီးယပ်စ် ဆမ်းမား ရရှိခဲ့သလို ၂၀ဝ၆မှာ ကင်နာဗာရို ရခဲ့ပါတယ်။ အဲ့ဒီ နောက်ပိုင်းမှာတော့ တိုက်စစ် အသားပေးတဲ့ ကစားသမားတွေသာ ရလေ့ရှိတဲ့ ဆုပါ။

ဗြိတိန် နာမည်ကြီး Sky Sports ကနေ ပရိသတ်တွေကို မဲပေးရွေးချယ်စေတဲ့ စစ်တမ်း တစ်ခုမှာတော့ Ballon d'Or ဆုကို မက်ဆီသာ ရသင့်တယ်လို့ ၄၉ရာခိုင်နှုန်းနဲ့ မဲအများဆုံး ပေးထားကြပြီး ဗန်ဒိုက်က ၄၅ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ ခရစ္စယာနို ရော်နယ်လ်ဒိုက တတိယ မဲအများဆုံးရခဲ့ပြီး လီဗာပူးလ်ရဲ့ ဆာလ၊ မာနေတို့ကိုလည်း ပရိသတ်တွေက မဲပေးခဲ့ကြတာပါ။

ဓာတ်ပုံ မူပိုင် Premier League
Image caption ဗန်ဒိုက်နဲ့ ဗီဒစ် စွမ်းဆောင်ရည်မှတ်တမ်း

အငြင်းပွားဖွယ်ရာ ဖြစ်နေဆဲ ဗန်ဒိုက်

ဗန်ဒိုက်ဟာ ဒီနှစ် ပရီးမီးယားလိဂ် အောင်မြင်မှု မရခဲ့ပေမယ့် တစ်ဦးချင်း ဆုတွေကို ရခဲ့သလို လီဗာပူးလ် ခံစစ်ပိုင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့တာ အားလုံး လက်ခံ ထားကြပါတယ်။ ဒါပေမယ့် မှတ်တမ်းတစ်ခုအရ လွန်ခဲ့တဲ့ ၁၀နှစ် မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူးဟောင်း ဗီဒစ်ရဲ့ ၂၀ဝ၈-ဝ၉ စံချိန်နဲ့ ယှဉ်ကြည့်ရင် ဗန်ဒိုက်ရဲ့ စွမ်းဆောင်ရည်အပေါ် မေးခွန်း ထုတ်စရာ ဖြစ်လာပါတယ်။ ဗီဒစ်ဟာ အဲ့ဒီ ရာသီတုန်းက ယူနိုက်တက် ခံစစ်ပိုင်းမှာ သူပါဝင်ကစားခဲ့တဲ့ ပွဲတွေမှာ ၁၆ဂိုးသာ ပေးခဲ့ရသလို ၂၃ပွဲ ပေးဂိုးမရှိ ကစားနိုင်ခဲ့သူပါ။ အခြားတစ်ဦးချင်း စွမ်းဆောင်ရည်ပိုင်းမှာ ဗန်ဒိုက်ထက် ပိုပြီး အသာရခဲ့သလို မန်ယူနဲ့လည်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့သလို၊ ချန်ပီယံလိဂ် ဖိုင်နယ် လည်း တက်ခဲ့သူပါ။ ဒါပေမယ့် အဲ့ဒီနှစ်က PFA အကောင်းဆုံးဆုကို ဗီဒစ်ကိုကျော်ပြီး အသင်းဖော် ရိုင်ယန်ဂစ်ရခဲ့ပြီး ဗီဒစ်က တစ်နှစ်တာ အကောင်းဆုံး အသင်းမှာသာ ပါဝင်ခဲ့တာပါ။

ဒီလို နှိုင်းယှဉ်ချက်တွေကိုကြည့်ပြီး ပရိသတ်တွေက ဗန်ဒိုက်ရဲ့ စွမ်းဆောင်ရည်ကို အသိမှတ်ပြုပေမယ့် တစ်နှစ်တာရဲ့ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d'Or ဆုရှင် အဖြစ် သတ်မှတ်ဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ည ပေါ်တူဂီနဲ့ ကစားမယ့် UEFA Nations League မှာ နယ်သာလန်သာ ချန်ပီယံဖြစ်ပြီး နောက်ထပ် ဆုဖလား တစ်ခုကို ကိုင်မြှောက်နိုင်ခဲ့ရင်တော့ ဗန်ဒိုက်ဟာ မက်ဆီရဲ့ ၆ကြိမ်မြောက် ရွှေဘောလုံးဆုကို တားဆီးမယ့် သူအဖြစ် သတ်မှတ်ရနိုင်သူပါ။ ရွှေဘောလုံးဆုကိုတော့ လာမယ့် ဒီဇင်ဘာလအတွင်းမှာ ပေးအပ်မှာ ဖြစ်ပြီး ဖရန့်ဘတ်ကင်ဘောင်ဝါ၊ မာသီးယပ်စ် ဆမ်းမား၊ ကင်နာဗာရိုတို့ နောက်ပိုင်း ပထမဆုံး ခံစစ်မှူးအဖြစ် ဗန်ဒိုက် မှတ်တမ်းဝင်သွားမလား၊ ဒါမှမဟုတ် အစဉ်လာကြီးမားတဲ့ မက်ဆီပဲ ရသွားမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ချန်ပီယံလိဂ်ရပြီး Ballon d'Or ဆုရဖို့ ရေပန်းစားနေတဲ့ ဗန်ဒိုက်

ဗန်ဒိုက် စွမ်းဆောင်ရည်

ပွဲပေါင်း - ၅၀ပွဲ

သွင်းဂိုး - ၆ဂိုး

အောင်မြင်မှု - ချန်ပီယံလိဂ်

ပရီးမီးယားလိဂ် အကောင်းဆုံးဆု

ဓာတ်ပုံ မူပိုင် AFP
Image caption ပြိုင်ပွဲအရပ်ရပ်မှာ သွင်းဂိုး ၅၁ဂိုး သွင်းခဲ့တဲ့ မက်ဆီ

မက်ဆီ စွမ်းဆောင်ရည်

ပွဲပေါင်း - ၅၀ပွဲ

သွင်းဂိုး - ၅၁ဂိုး

အောင်မြင်မှု - လာလီဂါ

လာလီဂါ၊ ချန်ပီယံလိဂ်၊ ဥရောပ ရွှေဖိနပ်ဆု

ဓာတ်ပုံ မူပိုင် AFP
Image caption ဗန်ဒိုက်၊ မက်ဆီတို့ အပြီး တတိယ ရေပန်းအစားဆုံး ဖြစ်နေဆဲ ရော်နယ်လ်ဒို

ရော်နယ်လ်ဒို စွမ်းဆောင်ရည်

ပွဲပေါင်း - ၄၃ပွဲ

သွင်းဂိုး - ၂၈ဂိုး

အောင်မြင်မှု - စီးရီးအေ

မာနေ စွမ်းဆောင်ရည်

ပွဲပေါင်း - ၅၀ပွဲ

သွင်းဂိုး - ၂၈ဂိုး

အောင်မြင်မှု - ချန်ပီယံလိဂ်

ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု

ဆာလ စွမ်းဆောင်ရည်

ပွဲပေါင်း - ၅၂ပွဲ

သွင်းဂိုး - ၂၇ဂိုး

အောင်မြင်မှု - ချန်ပီယံလိဂ်

ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု

ဓာတ်ပုံ မူပိုင် AFP
Image caption မနှစ်က Ballon d'Or ရခဲ့တဲ့ မိုဒရစ်

နောက်ဆုံး ၁၅နှစ် အတွင်း Ballon d'Or ဆုရရှိဖူးသူများ

၂၀ဝ၄ - ရှက်ဗ်ချင်ကို ( အေစီမီလန်၊ ယူကရိန်း)

၂၀ဝ၅ - ရော်နယ်လ်ဒင်ညို ( ဘာစီလိုနာ၊ ဘရာဇီး)

၂၀ဝ၆ - ကင်နာဗာရို ( ဂျူဗင်တပ်စ်၊ ရီးယဲယ်၊ ဘရာဇီး)

၂၀ဝ၇ - ကာကာ ( အေစီမီလန် ၊ ဘရာဇီး)

၂၀ဝ၈ - ရော်နယ်လ်ဒို ( မန်ယူ၊ ပေါ်တူဂီ)

၂၀ဝ၉ - မက်ဆီ ( ဘာစီလိုနာ၊ အာဂျင်တီးနား)

၂၀၁၀ - မက်ဆီ ( ဘာစီလိုနာ၊ အာဂျင်တီးနား)

၂၀၁၁ - မက်ဆီ ( ဘာစီလိုနာ၊ အာဂျင်တီးနား)

၂၀၁၂ - မက်ဆီ ( ဘာစီလိုနာ၊ အာဂျင်တီးနား)

၂၀၁၃ - ရော်နယ်လ်ဒို ( ရီးယဲယ်၊ ပေါ်တူဂီ)

၂၀၁၄ - ရော်နယ်လ်ဒို ( ရီးယဲယ်၊ ပေါ်တူဂီ)

၂၀၁၅ - မက်ဆီ ( ဘာစီလိုနာ၊ အာဂျင်တီးနား)

၂၀၁၆ - ရော်နယ်လ်ဒို ( ရီးယဲယ်၊ ပေါ်တူဂီ)

၂၀၁၇ - ရောနယ်လ်ဒို ( ရီးယဲယ်၊ ပေါ်တူဂီ)

၂၀၁၈ - မိုဒရစ် ( ရီးယဲယ်၊ ခရိုအေးရှား)

ဆက်စပ် အကြောင်းအရာများ