ကိုပါအမေရိက ဖလားက မက်ဆီအတွက် နောက်ဆုံး အခွင့်အရေးလား

ဓာတ်ပုံ မူပိုင် AFP
Image caption ၄၆ကြိမ်မြောက် ကိုပါအမေရိကဖလားကို ဘရာဇီးက ၅ကြိမ်မြောက် ကျင်းပခွင့်ရတာပါ

တောင်အမေရိကတိုက်ရဲ့ အဓိက ဖလားပြိုင်ပွဲကြီးဖြစ်တဲ့ ကိုပါအမေရိက ဖလားပြိုင်ပွဲကို ဘရာဇီးက အိမ်ရှင်အဖြစ် လုပ်မှာ ဖြစ်ပါတယ်။ လာမယ့် ဇွန်လ ၁၄ရက်နေ့၊ သောကြာနေ့မှာ စတင် ကျင်းပမှာ ဖြစ်ပြီး ပြိုင်ပွဲဝင် အသင်းပေါင်း ၁၂သင်း ဝင်ရောက်မှာ ဖြစ်ပါတယ်။ လက်ရှိ ချန်ပီယံ အသင်းကတော့ ချီလီအသင်းဖြစ်ပြီး နောက်ဆုံး ပြိုင်ပွဲ ၂ကြိမ်ဆက် အာဂျင်တီးနားကို အနိုင်ယူခဲ့တာပါ။

၂၀၂၂ခုနှစ် ကမ္ဘာ့ဖလား အိမ်ရှင်နဲ့ လက်ရှိ အာရှ ချန်ပီယံ ကာတာအပါအဝင် ဂျပန်လည်း ဖိတ်ကြားခံခဲ့ရတာပါ။ အုပ်စု ပွဲစဉ်တွေ ရေးဆွဲအပြီးမှာတော့ အိမ်ရှင် ဘရာဇီးက အုပ်စု A မှာပါဝင်ပြီး ဘိုလစ်ဗီးယား၊ ဗင်နီဇွဲလား၊ ပီရူးတို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မက်ဆီရဲ့ နောက်ဆုံး ပွဲဖြစ်လာနိုင်ပြီး အာဂျင်တီးနားကို အောင်ပွဲရအောင် စွမ်းဆောင်နိုင်မလား

ဖိုင်နယ်ကို ၂ကြိမ်ဆက် ရှုံးခဲ့တဲ့ မက်ဆီရဲ့ အာဂျင်တီးနားကတော့ အုပ်စု B မှာ ကိုလံဘီယာ၊ ပါရာဂွေး၊ အာရှ ချန်ပီယံ ကာတာတို့နဲ့ ဆုံတွေ့မှာ ဖြစ်ပြီး လက်ရှိ ချန်ပီယံ ချီလီက အုပ်စု C မှာ အီကွေဒေါ၊ ဂျပန်၊ ဥရုဂွေးတို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အဖွင့်ပွဲကိုတော့ လာမယ့် ဇွန်လ ၁၄ရက်နေ့ ဆော်ပေါ်လိုမှာ ကန်မှာ ဖြစ်ပြီး အိမ်ရှင် ဘရာဇီးနဲ့ ဘိုလစ်ဗီးယားတို့ ဆုံတွေ့မှာပါ။ မက်ဆီရဲ့ အာဂျင်တီးနားကတော့ ကိုလံဘီယာနဲ့ အဖွင့်ပွဲ ကစားရမှာ ဖြစ်ပြီး လက်ရှိ ချန်ပီယံ ချီလီက ဂျပန်နဲ့ ပွဲထွက် ဆုံတွေ့မှာပါ။

ကိုပါအမေရိက ဖလားကို ၁၉၁၆ခုနှစ်တည်းကနေ ၄နှစ် တစ်ကြိမ် ကျင်းပလာခဲ့ပြီး ဥရုဂွေးအသင်း ပထမဆုံး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ အဲ့ဒီတုန်းက ဥရုဂွေး၊ အာဂျင်တီးနား၊ ဘရာဇီး၊ ချီလီတို့ ၄သင်း ပါဝင်ခဲ့ပြီး ပတ်လည် ကစားခဲ့အပြီးမှာ ဥရုဂွေးက ၂ပွဲမှာ ၁ပွဲနဲ့ ချန်ပီယံ ဖြစ်ခဲ့တာပါ။ ပြိုင်ပွဲ သက်တမ်းတစ်လျောက် အအောင်မြင်ဆုံး အသင်းကလည်း ဥရုဂွေးဖြစ်ပြီး ၁၅ကြိမ် ရခဲ့ဖူးပါတယ်။ နောက်ဆုံး ရခဲ့တာကတော့ ၂၀၁၁ခုနှစ်မှာ ဖြစ်ပါတယ်။ အာဂျင်တီးနားကတော့ နောက်ဆုံး ပြိုင်ပွဲ ၅ကြိမ်မှာ ၄ကြိမ် အထိ ဖိုင်နယ်တက်ခဲ့ပေမယ့် အားလုံး ရှုံးခဲ့ပါတယ်။ ၁၉၉၃ခုနှစ်မှာ နောက်ဆုံး ရခဲ့တဲ့ အာဂျင်တီးနားဟာ ဥရုဂွေးနောက် ၁၄ကြိမ်နဲ့ ဒုတိယနေရာမှာ ရှိနေပြီး ဘရာဇီးက ၈ကြိမ် ချန်ပီယံ ဖြစ်ထားပါတယ်။ ပါရာဂွေး၊ ချီလီ၊ ပီရူး တို့က ၂ကြိမ်စီ ရထားကြပြီး ကိုလံဘီယာ၊ ဘိုလစ်ဗီးယားတို့က ၁ကြိမ်စီ ဗိုလ်စွဲ ထားကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပြိုင်ပွဲသမိုင်းတစ်လျောက် ဥရုဂွေးက ၁၅ကြိမ်နဲ့ အများဆုံးရထားတာပါ

ဘယ်သူတွေပါမလဲ

အိမ်ရှင် ဘရာဇီးမှာတော့ အသင်းခေါင်းဆောင် နေမာ ခြေကျင်းဝတ် ဒဏ်ရာ ကြောင့် လွဲချော်မှာ ဖြစ်ပြီး ဒန်နီ အဲဗတ်စ်က အသင်းကို ဦးဆောင်မှာ ဖြစ်ပါတယ်။ ဘရာဇီး တိုက်စစ်ပိုင်းမှာ ဂျေဆု၊ ဖာမီနို၊ ရစ်ချားလစ်ဆင်တို့ ပါဝင်ပြီး ဝါရင့် ကစားသမားတွေ များပါတယ်။ ဒဏ်ရာ ရသွားတဲ့ နေမာ နေရာမှာ ချယ်လ်ဆီးက ဝီလျံကို အစားထိုး ခေါ်ထားပါတယ်။ အာဂျင်တီးနားမှာတော့ မက်ဆီနဲ့အတူ ဒီဘာလာ၊ အဂွယ်ရိုး၊ ဒီမာရီယာ၊ အော့တာမန်ဒီတို့ ပါဝင်ပေမယ့် ဘရာဇီးနဲ့ ယှဉ်ရင် အင်အားနည်းပါတယ်။

ဗိုလ်စွဲနိုင်ခြေရှိတဲ့ ဥရုဂွေးမှာ ကဗာနီ၊ ဆွာရက်ဇ်တို့အပြင် အတွေ့အကြုံရှိတဲ့ ဒီယေဂို ဂိုဒင် ဦးဆောင်မှာဖြစ်ပါတယ်။ ချီလီမှာလည်း ဗီဒါးလ်၊ ဆန်းချက်ဇ်၊ ဗာဂတ်စ် ပါဝင်သလို ကိုလံဘီယာမှာလည်း ဟားမက်း ရိုဒရီဂွက်ဇ်၊ ဖယ်ကာအိုတို့ ပါဝင်ကြမှာ ဖြစ်ပါတယ်။

ဘယ်အသင်း ချန်ပီယံဖြစ်မလဲ

လက်ရှိ လူစာရင်းနဲ့ ကစားသမားတွေရဲ့ ခြေစွမ်းအရ အိမ်ရှင် ဘရာဇီးသာ ရေပန်းအစားဆုံး ဖြစ်ပါတယ်။ ဘရာဇီးဟာ အုပ်စုတွင်းမှာလည်း ခက်ခဲတဲ့ ပြိုင်ပွဲတွေနဲ့ ရင်ဆိုင်ရဖို့ မရှိသလို ပြိုင်ဖက် အာဂျင်တီးနား၊ ဥရုဂွေး၊ ချီလီတို့ရဲ့ ခြေစွမ်းကြောင့် ဘရာဇီးလ်အတွက် အခွင့်အရေး များနေပါတယ်။ မက်ဆီနဲ့ အာဂျင်တီးနားအတွက်တော့ နိုင်ငံ လက်ရွေးစင် အသင်းနဲ့ အောင်မြင်မှုရဖို့ နောက်ဆုံး ပြိုင်ပွဲဖြစ်သလို အဂွဲရိုး၊ ဒီမာရီယာတို့ အတွက်လည်း နောက်ထပ် အခွင့်အရေး မရှိတော့လို့ အာဂျင်တီးနားကလည်း အောင်မြင်မှုရဖို့ အစွမ်းကုန် ကြိုးစားမှာ သေချာပါတယ်။ ထိပ်တန်း အဆင့်ရှိတဲ့ ကစားသမားတွေပါဝင်မှုကြောင့် ကိုပါအမေရိကပြိုင်ပွဲဟာ ပရိသတ်တွေ စိတ်ဝင်စားမှာ သေချာပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption နောက်ဆုံး ၂နှစ်ဆက် ချန်ပီယံ ဖြစ်ထားတဲ့ ချီလီအသင်း

ပြိုင်ပွဲဝင် အုပ်စုများ

အုပ်စု A - ဘရာဇီး၊ ဘိုလစ်ဗီးယား၊ ဗင်နီဇွဲလား၊ ပီရူး

အုပ်စု B - အာဂျင်တီးနား၊ ကိုလံဘီယာ၊ ပါရာဂွေး၊ ကာတာ

အုပ်စု C - ဥရုဂွေး၊ အီကွေဒေါ၊ ဂျပန်၊ ချီလီ

အအောင်မြင်ဆုံး အသင်းများ

၁) ဥရုဂွေး - ၁၅ကြိမ် ( ၂၀၁၁မှာ နောက်ဆုံး ချန်ပီယံဖြစ်)

၂) အာဂျင်တီးနား - ၁၄ကြိမ် ( ၁၉၉၃မှာ နောက်ဆုံး ချန်ပီယံဖြစ်)

၃) ဘရာဇီး - ၈ကြိမ် ( ၂၀ဝ၇မှာ နောက်ဆုံး ချန်ပီယံဖြစ်)

၄) ပါရာဂွေး - ၂ကြိမ် ( ၁၉၇၉မှာ နောက်ဆုံး ချန်ပီယံဖြစ်)

၅) ချီလီ - ၂ကြိမ် ( ၂၀၁၅၊ ၁၆ နှစ်နှစ်ဆက် ချန်ပီယံဖြစ်)

၆) ပီရူး - ၂ကြိမ် ( ၁၉၇၅မှာ နောက်ဆုံး ချန်ပီယံဖြစ်)

၇) ကိုလံဘီယာ - ၁ကြိမ် ( ၂၀ဝ၁မှာ ချန်ပီယံဖြစ်)

၈) ဘိုလစ်ဗီးယား - ၁ကြိမ် ( ၁၉၆၃မှာ ချန်ပီယံဖြစ်)

နောက်ဆုံး ၅ကြိမ် ချန်ပီယံများ

၂၀ဝ၄) ဘရာဇီး ၂-၂ အာဂျင်တီးနား ( ပင်နယ်တီမှာ ဘရာဇီးနိုင်)

၂၀ဝ၇) ဘရာဇီး ၃-ဝ အာဂျင်တီးနား

၂၀၁၁) ဥရုဂွေး ၃-ဝ ပါရာဂွေး

၂၀၁၅) ချီလီ ဝ-ဝ အာဂျင်တီးနား ( ပင်နယ်တီမှာ ချီလီနိုုင်)

၂၀၁၆) ချီလီ ဝ-ဝ အာဂျင်တီးနား ( ပင်နယ်တီမှာ ချီလီနိုင်)

ဆက်စပ် အကြောင်းအရာများ