ဖီဖာရဲ့ စည်းမျဉ်းသစ်နဲ့ အငြင်းပွားဖွယ်ရာ VAR ဆုံးဖြတ်ချက်

ဓာတ်ပုံ မူပိုင် FIFA
Image caption အာဂျင်တီးနား ပင်နယ်တီ ကန်သွင်းချိန် စကော့တလန် ဂိုးသမား ဂိုးစည်းကျော်ဖမ်းခဲ့လို့ VAR နဲ့ ပြန်လည်သုံးသပ်ခဲ့

VAR ဆိုတာကို ဘောလုံးပရိသတ်တွေ စတင်သိခဲ့တာကတော့ ၂၀၁၈ ကမ္ဘာ့ ဖလားပြိုင်ပွဲကြီးမှာပါ။ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်တွေ ရှိခဲ့ပေမယ့် အောင်မြင်ခဲ့တဲ့ ပြိုင်ပွဲဖြစ်တယ်လို့ ဖီဖာကတော့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် ဖီဖာဟာ နောက်ပိုင်း ပြိုင်ပွဲတွေမှာ အသုံးပြုလာခဲ့သလို ဥရောပရဲ့ ထိပ်တန်းကလပ် ပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ် မှာလည်း ရှုံးထွက်အဆင့်ကစပြီး စတင်မိတ်ဆက်ခဲ့ပါတယ်။ VAR ကြောင့် ကောင်းကျိုးတွေ များစွာ ရခဲ့သလို ဝေဖန်မှုတွေလည်း များစွာရှိခဲ့တာ အားလုံးလည်း အသိပါ။

ဥရောပလိဂ်တွေထဲ စိတ်ဝင်စားမှု အရှိဆုံးဖြစ်တဲ့ ပရီးမီးယားလိဂ်ကတော့ VARကို ရာသီသစ်မှာ စတင်အသုံးပြုမှာဖြစ်လို့ အင်္ဂလန် ဘောလုံးလောကအတွက် စိန်ခေါ်မှုတွေက အသင့်ဖြစ်နေပါတယ်။ ဖီဖာဟာ VAR ကို လက်ရှိ ကျင်းပနေတဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပွဲမှာလည်း အသုံးပြုနေပေမယ့် မေးခွန်းထုတ်စရာတွေ များစွာနဲ့ ရင်ဆိုင်နေရတာပါ။ အထူးသဖြင့် ဘောလုံးပရိသတ်တွေအကြား ပြောစရာ ကြီးကြီးမားမား ရှိလာတာကတော့ ပင်နယ်တီ ဖမ်းမယ့် ဂိုးသမားတွေရဲ့ စည်းမျဉ်းအသစ်ပါ။ ဖီဖာက အသစ် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းသစ်အရ ပင်နယ်တီတွေမှာ တစ်ဖက် ကစားသမား ကန်တဲ့အထိ ဖမ်းရမယ့် ဂိုးသမားက ခြေတစ်ဖက် အနည်းဆုံး စည်းပေါ်မှာ ရှိရမယ်ဆိုတဲ့ အချက်ပါ။ အဲ့ဒီစဉ်းမျဉ်းကို ဖီဖာက ပြီးခဲ့တဲ့ ဇွန်လ ၁ရက်နေ့မှ စတင်ခဲ့တာဖြစ်ပြီး ဂိုးသမားတွေအတွက် အရမ်းကို ခက်ခဲစေတဲ့ စည်းမျဉ်းလို့ အားလုံးက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဂိုးစည်းကျော်ဖမ်းခဲ့လို့ ပြင်သစ်က ပင်နယ်တီ ပြန်ကန်ခွင့်ရခဲ့သလို နိုင်ဂျီးရီးယား ဂိုးသမားလည်း အဝါကတ် ပြခံရ

စည်းမျဉ်းအရ ဂိုးသမားတွေအတွက် အသားကျဖို့ ခက်ခဲနေချိန်မှာ VAR ရဲ့ပါဝင် ပတ်သက်မှုကြောင့် ပိုပြီး အငြင်းပွားစရာဖြစ်လာတာပါ။ ပင်နယ်တီ ကန်သွင်းမှုကို ကာကွယ်နိုင်ခဲ့ရင်ပဲဖြစ်ဖြစ်၊ ပင်နယ်တီ မဝင်ရင်ဘဲဖြစ်ဖြစ် စည်းမျဉ်းသစ်ကြောင့် နောက်ထပ် တစ်ကြိမ်ပြန်ကန်ခွင့်ရှိလာနိုင်တာပါ။ ဂိုးသမားတွေဟာ ကန်သွင်းမှု မလုပ်ခင် ဂိုးစည်းပေါ်မှာ အနည်းဆုံး ခြေတစ်ဖက် ရှိရမှာဖြစ်သလို၊ မကန်ခင် ဂိုးစည်းကျော်ပြီး ရှေ့ကို တက်ဖမ်းလို့မရသလို၊ ဂိုးစည်းနောက်ထဲမှာလည်း နေခွင့်မရှိပါဘူး။ တကယ်လို့ အဲ့ဒီလို လုပ်ခဲ့ရင် အဝါကတ်ပြခံရမယ်ဆိုတာလည်း ပါပါတယ်။ စကော့တလန်နဲ့ အာဂျင်တီးနား၊ ပြင်သစ်နဲ့ နိုင်ဂျီးရီးယားတို့ပွဲတွေမှာ အဲ့ဒီလို ဖြစ်ရပ်တွေကြောင့် VAR ရဲ့ ဆုံးဖြတ်ချက်ကို အားလုံး မေးခွန်းထုတ်နေကြပါတယ်။

အမျိုးသမီး ကမ္ဘာ့ဖလားပွဲရဲ့ အုပ်စုပွဲစဉ်တစ်ခုဖြစ်တဲ့ အာဂျင်တီးနားနဲ့ စကော့တလန်ပွဲမှာ ပွဲပြီးခါနီး စကော့တလန်က ၃-၂ဂိုးနဲ့ နိုင်နေပြီး နောက်တစ်ဆင့် တက်ဖို့ အခွင့်အရေးရှိနေချိန်မှာ အာဂျင်တီးနားက ပင်နယ်တီရခဲ့ပါတယ်။ အဲ့ဒီ ပင်နယ်တီကို အာဂျင်တီးနား ကန်သွင်းခဲ့ပေမယ့် စကော့တလန် ဂိုးသမား ဖမ်းမိခဲ့ပါတယ်။ ဒါပေမယ့် ကန်သွင်းချိန်မှာ စကော့တလန် ဂိုးသမား ဂိုးစည်းပေါ်ကို ကျော်ပြီး ထွက်ခဲ့လို့ ဆိုပြီး VAR နဲ့ ပြန်လည် ဆုံးဖြတ်ပြီး နောက်တစ်ကြိမ် ကန်သွင်းခွင့်ပေးခဲ့ပါတယ်။ နောက်တစ်ကြိမ်မှာ အာဂျင်တီးနား ဂိုးဝင်သွားလို့ ၃ဂိုးစီ သရေကျပြီး စကော့တလန် အုပ်စုက ထွက်ခဲ့ရပါတယ်။

ဒီလိုဖြစ်ရပ်မျိုးပဲ အိမ်ရှင် ပြင်သစ်နဲ့ နိုင်ဂျီးရီးယားပွဲမှာလည်း ဖြစ်ခဲ့ပါတယ်။ ဂိုးရဖို့ ရုန်းကန်နေရတဲ့ ပြင်သစ်က ပွဲချိန် ၇၅မိနစ်မှာ VAR ကြောင့် ပင်နယ်တီရခဲ့ပါတယ်။ အဲ့ဒီပင်နယ်တီကို အသင်းခေါင်းဆောင် ရီနတ် ကန်သွင်းခဲ့ပြီး တိုင်ချေထိထွက်သွား ခဲ့ပါတယ်။ ဒါပေမယ့် ရီနတ် ကန်သွင်းချိန်မှာ နိုင်ဂျီးရီးယား ဂိုးသမားကလည်း ဂိုးစည်းပေါ်ကို ကျော်ခဲ့လို့ ဆိုပြီး VAR နဲ့ ဆုံးဖြတ်ပြီး ပင်နယ်တီ ပြန်ကန်ခိုင်းခဲ့သလို ဂိုးသမားကိုလည်း အဝါကတ်ပြခဲ့ပါတယ်။ ဂိုးသမားတွေအတွက် ဒီလို စည်းမျဉ်းအသစ်က အရမ်းကို ရက်စက်လွန်းတယ်လို့ ဘောလုံးသမားဟောင်းတွေက ဆိုခဲ့သလို ဒီလိုဖြစ်ရပ်နဲ့ပဲ ဒီနှစ်ပြိုင်ပွဲမှာ ဂိုးသမားတွေ အဝါကတ်ထိက ၃ယောက်အထိ ရှိခဲ့တာပါ။

ဓာတ်ပုံ မူပိုင် FIFA
Image caption ဘရာဇီးနဲ့ ဗင်နီဇွဲလားပွဲမှာလည်း အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့တဲ့ VAR

အင်္ဂလန် အမျိုးသမီး လက်ရွေစင် နည်းပြ ဖီးလ်နဗီးလ်ကတော့ VAR နဲ့ပတ်သက်တဲ့ ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ဖီဖာက ကမ္ဘာ့ဖလားပွဲအပြီးမှာ ချမှတ်ဖွယ်ရှိတယ်လို ဆိုခဲ့ပါတယ်။ ကိုပါအမေရိက ပြိုင်ပွဲမှာတော့ ကွာတားအဆင့်ကို တက်ရောက်နေတဲ့ ဗင်နီဇွဲလားအသင်းက VAR ရဲ့ ကောင်းကျိုးကို ခံစားရတဲ့ အသင်းလို ဆိုနိုင်ပါတယ်။ အုပ်စုတွင်း ၃ပွဲမှာ ၅ဂိုးအထိ သွင်းခံခဲ့ရပေမယ့် VAR ရဲ့ ဆုံးဖြတ်ချက်ကြောင့် တစ်ဂိုးမှ ဂိုးမပေးခဲ့ရဘဲ ကံကောင်းခဲ့တာပါ။

ပရီးမီးယားလိဂ်ကတော့ လာမယ့်ရာသီသစ်မှာ VAR ကို စတင်အသုံးပြုမယ့် ဂိုးသမားတွေ ခြေတစ်ဖက် ကျန်မကျန် စစ်တာကိုတော့ နည်းပညာ အကူအညီ မယူလို့ ဆိုထားပါတယ်။ အမျိုးသမီး ကမ္ဘာ့ဖလားပွဲရဲ့ ပင်နယ်တီ ကန်သွင်းမှုတွေမှာ VAR က ပြန်ပြီး ကြည့်ပေမယ့် ပရီးမီးယားလိဂ်ကတော့ ဒိုင်လူကြီးတွေရဲ့ အမြင်စွမ်းအားနဲ့သာ ဆုံးဖြတ်မှာ ဖြစ်လို့ ဆိုခဲ့လို့ နောက်ထပ် အငြင်းပွားဖွယ်ရာ တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၈ ကမ္ဘာ့ ဖလားပြိုင်ပွဲ စတင်အသုံးပြုခဲ့တဲ့ VAR

အမေရိကန် အမျိုးသမီး လက်ရွေးစင် ဂိုးသမားဟောင်း ဟုပ်ဆိုလို ကတော့ ကမ္ဘာ့ဖလားပွဲမှာ အသုံးပြုနေတဲ့ စည်းမျဉ်းသစ်ကို ပြန်လည် သုံးသပ်ဖို့ လိုနေကြောင်းနဲ့ ပင်နယ်တီကန်ရာမှာ VAR ပြန်ကြည့်တာက ဂိုးသမားတွေအတွက် အရမ်းကို ရက်စက်လွန်းတဲ့ စည်းမျဉ်းသစ်လို့ ဝေဖန်ခဲ့ပါတယ်။

ဖီဖာကတော့ ဘယ်လိုတွေ ဝေဖန်မှုတွေရှိနေပေမယ့် အသစ်ထုတ်ပြန်ထာတဲ့ စည်းမျဉ်းသစ်တွေနဲ့အတူ VAR အသုံးပြုမှုတွေကို ဆက်လက် လုပ်ဆေင်နေပါတယ်။ ဆိုတော့ လာမယ့် ဘောလုံးရာသီ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တွေမှာ ဘယ်လို ပုံစံတွေဖြစ်လာမလဲ၊ ဘယ်လို ဝေဖန်မှုတွေနဲ့ ပရိတ်တွေအကြား အငြင်းပွားဖွယ်ရာတွေ ရှိမလဲ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ