ဒီတစ်ကြိမ် အာဂျင်တီးနားကို မက်ဆီ ကယ်တင်နိုင်မလား

ဓာတ်ပုံ မူပိုင် AFP
Image caption လက်ရွေးစင်အသင်းမှာ ရုန်းကန်နေရတဲ့ မက်ဆီတစ်ယောက် အာဂျင်တီးနားကို ကယ်တင်နိုင်မလား

၂၀၁၉ ကိုပါအမေရိက ဖလားပြိုင်ပွဲကြီးမှာတော့ အိမ်ရှင် ဘရာဇီးက အုပ်စုမှာ ခြေစွမ်းပြပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါပြီ။ ကမ္ဘာ့ဖလားမှာ ၅ကြိမ် ချန်ပီယံ ဘရာဇီးတို့ ပီရူးကို ၅ဂိုးပြတ်နဲ့ နိုင်ခဲ့သလို ပြိုင်ပွဲဝင်အသင်းတွေထဲ အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်ထားတဲ့အသင်းပါ။ ဘရာဇီးမှာ နေမာ မပါနိုင်ပေမယ့် အသင်းလိုက် ကစားပုံ အထူးကောင်းပြီး ခြေစွမ်းပြနေတာပါ။ ၈ကြိမ် ချန်ပီယံ ဘရာဇီးက ပြိုင်ပွဲရဲ့ ရေပန်းအစားဆုံးလို့ အားလုံးက ခန့်မှန်းနေကြပေမယ့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားကတော့ မထင်မှတ်လောက်အောင်ကိုပဲ ရုန်းကန်နေရပါတယ်။ အာဂျင်တီးနားဟာ ၂၀၁၈ ကမ္ဘာ့ဖလားထက် ပိုဆိုးတဲ့ ခြေစွမ်းမျိုးဖြစ်နေသလို အသင်းရဲ့ ကစားပုံကလည်း စွဲမက်စရာမရှိဘဲ အသင်းငယ်တွေနဲ့ပွဲတွေမှာပါ အသာစီး မကစားနိုင်ဘဲ ဖြစ်နေတာ ဖြစ်ပါတယ်။

လူငယ်နည်းပြ လီယွန်နယ် စကာလိုနီလက်ထက်မှာ အာဂျင်တီးနားရဲ့ ခြေစွမ်းပိုင်း က ထူးထူးခြားခြား တိုးတက်လာမှု မရှိသလို အသင်းကလည်း ဟန်ချက်မညီဘဲ အခက်တွေ့နေပါတယ်။ ကိုလံဘီယာ၊ ပါရာဂွေးတို့နဲ့ပွဲတွေမှာ ပါရီဒက်စ်၊ လိုဆဲလ်ဆို၊ ရိုဒရီဂွက်ဇ်တို့ရဲ့ ကွင်းလယ်ပိုင်းက သုံးစားလို့ မရသလို မက်ဆီ ဦးဆောင်တဲ့ တိုက်စစ်ပိုင်းလည်း ပင်နယ်တီကနေ ၁ဂိုးသာ သွင်းထားနိုင်ခဲ့တာပါ။

လက်ရှိ အာဂျင်တီးနားအသင်းရဲ့ ခြေစွမ်းက Rugby အားကစားနည်းသာ ထွန်းကားတဲ့ တွန်ဂါလို နိုင်ငံရဲ့ လက်ရွေးစင် အသင်းကတောင် အနိုင်ယူနိုင်စွမ်းရှိတယ်လို့ ဂန္ထဝင် ကစားသမားကြီး မာရာဒိုနာက ဝေဖန်ပြောဆိုခဲ့ပါတယ်။ မက်ဆီ ဦးဆောင်မှုနဲ့ ကမ္ဘာ့ဖလား အပါအဝင် ကိုပါအမေရိကပြိုင်ပွဲတွေရဲ့ ဖိုင်နယ် ၃ကြိမ်ဆက် ရှုံးခဲ့တဲ့ အာဂျင်တီးနား အတွက် ပထမဆုံး ဆုဖလားကို ရရှိဖို့ အစွမ်းကုန် ကြိုးစားနေပေမယ့် လက်ရှိ ခြေစွမ်းအရ ဗိုလ်စွဲနိုင်မယ့် အသင်းထဲမှာ ထည့်သွင်းမရလောက်အောင်ဖြစ်နေတာပါ။ မက်ဆီကိုယ်တိုင်ကလည်း ကျွန်တော်တို့အသင်းဟာ တစ်ခြားအသင်းတွေလို ဗိုလ်စွဲနိုင်မယ့် ခြေစွမ်းမျိုး မရှိတဲ့အသင်းပါ။ ဒါပေမယ့် အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်လို့ ၀န်ခံခဲ့ပါတယ်။

လက်ရှိ အာဂျင်တီးနားရဲ့ ခြေစွမ်းကို လေ့လာကြည့်ရင် မက်ဆီကို တည်ကစားလွန်းပြီး ဘောလုံးရတာနဲ့ သူ့ဆီကိုပဲ ပေးပို့နေကြတာပါ။ မက်ဆီဟာ သူပုံမှန် ကစားနေတဲ့ ညာတောင်ပံမှာ နေရာယူထားပြီး တကယ်တမ်း ကစားနေချိန်မှာ နေရာစုံမှာ တွေ့ရပေမယ့် သူ့ကိုချည်း ပိတ်ထား၊ လူကပ်ကစားတဲ့ ပြိုင်ဖက် ကစားသမားတွေကြောင့် ပုံမှန် ခြေစွမ်းပင်မရဘဲ ရုန်းကန်နေရပါတယ်။ မက်ဆီ ဆီကနေ ဘောလုံး အပျက်များလာပြီးနောက်ပိုင်း အာဂျင်တီးနား တိုက်စစ်က လုံးဝအလုပ်မဖြစ်တော့သလို ကလပ်မှာ ခြေစွမ်းပြနေကြတဲ့ အဂွဲရိုး၊ ဒီမာရီယာတို့ကလည်း လက်ရွေးစင်အသင်းရောက်တိုင်း ခြေပျက်နေတာက အာဂျင်တီးနား ရုန်းကန်နေရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ၂ပွဲမှာ ၁ဂိုးသား သွင်းထားပြီး ခြေစွမ်းပျောက်နေတဲ့ အာဂျင်တီးနား

စကာလိုနီရဲ့ အာဂျင်တီးနားကို ကြည့်ရင် နောက်တန်းမှာ အော့တာမန်ဒီနဲ့ အားယက်စ်က တက်လီယာဖီကို နှစ်ဦးသာ ဥရောပအဆင့်ပြီး ကွင်းလယ်ပိုင်းက သာမန် ခြေစွမ်းရှိတဲ့သူတွေနဲ့ ဖွဲ့စည်းထားတာပါ။ ဘောလုံးအသင်း တစ်သင်းမှာ ကွင်းလယ် အသာစီရမှ ပြိုင်ဖက်ကို အနိုင်ရဖို့ အခွင့်အရေးရှိမှာ ဖြစ်ပေမယ့် အာဂျင်တီးနား ကွင်းလယ်ပိုင်းက ပြိုင်ဖက် ဘရာဇီးနဲ့ ယှဉ်ရင် အရမ်းကို အားနည်းလွန်းတဲ့ ကွင်းလယ်လို့ ပြောရမှာပါ။ ဒီလိုအနေအထားမှာ မက်ဆီတစ်ဦးတည်းရဲ့ ရုန်းအားက အာဂျင်တီးနားရဲ့ အဖြေမဟုတ်သလို ဒီဘာလာကို အခုချိန်အထိ မသုံးရဲသေးတဲ့ နည်းပြကလည်း အာဂျင်တီးနား ကျရှုံးမှုတွေရဲ့ အဓိက အချက်လို့ ပြောရမှာပါ။

ဆမ်ပွာလီ ထုတ်ခံရပြီး အာဂျင်တီးနား နည်းပြဖြစ်လာတဲ့ စကာလိုနီကလည်း သူ့လက်ထက်မှာ အပြောင်းအလဲတွေများစွာလုပ်ခဲ့ပါတယ်။ အသင်းကို လူအပြောင်းအလဲ ၁၁ကြိမ်အထိ လုပ်ခဲ့သလို တိုက်စစ်ပိုင်းမှာလည်း မက်ဆီနဲ့ တွဲကစားဖို့ တိုက်စစ်မှူးကို မရွေးနိုင်ဘဲ ဖြစ်နေဆဲပါ။ ကိုလံဘီယာနဲ့ပွဲမှာ အဂွဲရိုး အလုပ်မဖြစ်ခဲ့လို့ ပါရာဂွေးနဲ့ပွဲမှာ မာတီးနက်ဇ်နဲ့ ပြောင်းလဲခဲ့ပြန်ပါတယ်။ ကစားသမားတွေ အပြောင်းအလဲများစွာကလည်း အာဂျင်တီးနား တည်ငြိမ်ဖို့ အခက်တွေ့စေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဖိအားတွေများနေတဲ့ အာဂျင်တီးနားနည်းပြ စကာလိုနီ

ပါရာဂွေးဂိုး ၁ဂိုးစီ သရေကျတဲ့ပွဲရဲ့ ဒုတိယပိုင်းမှာ မက်ဆီကိုပဲ တည်မကစားဖို့ နည်းပြ မှာထားပြီး နောက်ပိုင်း အသင်းကစားပုံ ကောင်းလာခဲ့ပေမယ့် အသင်းရဲ့ ခြေစွမ်းကတော့ လိုအပ်ချက်တွေ များစွာ ရှိနေသေးပါတယ်။ ဒီကနေ့ည အာရှ ချန်ပီယံ ကာတာနဲ့ ပွဲဟာ မက်ဆီနဲ့ အာဂျင်တီးနားအတွက် အရေးပါသလို အောင်မြင်မှုကို အချိန်ကြာကြီး စောင့်နေရတဲ့ အာဂျင်တီးနား ဘောလုံး ပရိသတ်တွေအတွက်လည်း စိုရိမ်စိတ်နဲ့ စောင့်ကြည့်ရမှာပါ။

ကိုပါအမေရိက ဖလားပြိုင်ပွဲမှာ တောင်အမေရိကတိုက်က ၁၀သင်းနဲ့ အာရှက ဖိတ်ထားတဲ့ ၂သင်း၊ စုစုပေါင်း ၁၂သင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ကွာတားအဆင့်ကို ၈သင်း တက်ရောက်ခွင့် ရမှာ ဖြစ်ပါတယ်။ ၄သင်းပါတဲ့ ၃အုပ်စုမှာ ၈သင်းတက်ခွင့်ရမှာ ဖြစ်လို့ အုပ်စု ထိပ်ဆုံး ၂သင်းအပြင် တတိယရတဲ့ ၃သင်းထဲကနေ ၂သင်းပါ အခွင့်အရေး ရှိနေတာပါ။ အာဂျင်တီးနားအနေနဲ့ နောက်ဆုံးပွဲမှာ ကာတာကို အနိုင်ရခဲ့ရင် အနည်းဆုံး ဂိုးကွာခြားချက်ကြောင့်ပဲ နောက်တစ်ဆင့် တက်ခွင့်နိုင်မှာပါ။ အုပ်စု တတိယရခဲ့ရင်တော့ အာဂျင်တီးနားဟာ အိမ်ရှင် ဘရာဇီးနဲ့ စောစောစီးစီး တွေ့ရဖွယ်ရှိနေသလို မက်ဆီတို့ အသင်း အိမ်ပြန်စောသွားနိုင်ပါတယ်။

ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်တန်းအသင်းကြီးဖြစ်သလို မာရီယို ကင်းပတ်စ်၊ မာရာဒိုနာတို့လို ကမ္ဘာ့ချန်ပီယံတွေနဲ့ အောင်မြင်ခဲ့တဲ့ အာဂျင်တီးနားကို အကောင်းဆုံး ဘောလုံးသမားအဖြစ် သတ်မှတ်ခံထားရတဲ့ မက်ဆီတစ်ယောက် ဒီတစ်ကြိမ် ကယ်တင်နိုင်မလားဆိုတာ စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ