မဟာပြိုင်ဖက် နှစ်သင်း အားပြိုင်မယ့် ကိုပါအမေရိက ဆီမီးဖိုင်နယ်

ဓာတ်ပုံ မူပိုင် AFP
Image caption မဟာပြိုင်ဖက် ၂သင်း အားပြိုင်မယ့်ပွဲမှာ ဘရာဇီးနဲ့ အာဂျင်တီးနား ဘယ်အသင်း အသာရမလဲ

ဘရာဇီးက အိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ကိုပါအမေရိက ဖလားပြိုင်ပွဲကတော့ ဆီမီးဖိုင်နယ် အဆင့်ကို ရောက်နေပါပြီ။ အိမ်ရှင် ဘရာဇီးနဲ့အတူ မဟာပြိုင်ဖက် အာဂျင်တီးနား၊ လက်ရှိ ချန်ပီယံ ချီလီနဲ့ မထင်မှတ်ဘဲ ပီရူးတို့ တက်ရောက် နိုင်ခဲ့ကြတာပါ။

ဘရာဇီးဟာ ဒီပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရပြီးနောက် ၂၀ဝ၇ နောက်ပိုင်း ပထမဆုံး အကြိမ် ဗိုလ်စွဲဖို့ ပစ်မှတ်ထားနေတာပါ။ ဘရာဇီးမှာ နေမာ မပါပေမယ့် အုပ်စုတွင်း ကစားခဲ့တဲ့ ခြေစွမ်းတွေအရ ဆီမီးဖိုင်နယ်တက်ထားတဲ့ ၄သင်းထဲမှာ အကောင်းဆုံး အသင်းဖြစ်ပြီး မီဒီယာတွေ အားလုံးက တစ်ပေးထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။ မက်ဆီနဲ့ အာဂျင်တီးနားကလည်း ၁၉၉၃နောက်ပိုင်း လက်ရွေးစင် အသင်းအတွက် ပထမဆုံး ချန်ပီယံ ဆုဖလားကို အရယူဖို့ အိမ်ရှင်အသင်းကို ကျော်ဖြတ်ရဖို့ ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဆန်းချက်ဇ် ခြေစွမ်းပြနေပြီး ဖိုင်နယ်တက်ဖို့ အခြေအနေကောင်းနေတဲ့ ချီလီ

အုပ်စု ပွဲတွေအနေအထား

အုပ်စုတွင်းပွဲတွေမှာ အိမ်ရှင် ဘရာဇီး၊ ကိုလံဘီယာ၊ ဥရုဂွေးတို့ အသင်းတွေ ခြေစွမ်းပြခဲ့ကြတာတွေ့ရပါတယ်။ ဘရာဇီးဟာ ဗင်နီဇွဲလားကို ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲကလွဲရင် ဘိုလစ်ဗီးယားကို ၃ဂိုးပြတ်၊ ပီရူးကို ၅ဂိုးပြတ်နဲ့ နိုင်ပြီး ၇မှတ်နဲ့ အုပ်စု ပထမ ရခဲ့တာပါ။ ကိုလံဘီယာကတော့ အာဂျင်တီးနားကို ၂ဂိုးပြတ်နဲ့ နိုင်ခဲ့သလို ကာတာ၊ ပါရာဂွေးတို့ကိုလည်း အနိုင်ရခဲ့လို့ အုပ်စုတွင်း ၃ပွဲစလုံးနိုင်တဲ့ တစ်သင်းထဲသော အသင်း ဖြစ်ပါတယ်။ အာဂျင်တီးနားကတော့ အဖွင့်ပွဲ ရှုံးခဲ့သလို ပါရာဂွေးကို သရေကျခဲ့ပြီး နောက်ဆုံးပွဲမှ ကာတာကို နိုင်လို့ အုပ်စု ဒုတိယရခဲ့တာ ဖြစ်ပါတယ်။ အောင်မြင်ဆုံး အသင်းဖြစ်တဲ့ ဥရုဂွေးကတော့ ဂျပန်နဲ့ သရေကျခဲ့တာကလွဲပြီး ချီလီ၊ အီကွေဒေါတို့ကို နိုင်ပြီး အုပ်စု ပထမရခဲ့ပါတယ်။ လက်ရှိ ချန်ပီယံ ချီလီကတော့ ဆန်းချက်ဇ်ရဲ့ ခြေစွမ်းပြမှုနဲ့ အုပ်စု ဒုတိယရပြီး တက်လာခဲ့တာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption အာဂျင်တီးနား တိုက်စစ်မှာ အားကိုးနေရတဲ့ မာတီးနက်ဇ်နဲ့ အဂွဲရိုး

ကွာတားဖိုင်နယ်

ကွာတားဖိုင်နယ် ၄ပွဲမှာ ဗင်နီဇွဲလားနဲ့ အာဂျင်တီးနားတို့ရဲ့ ပွဲကလွဲပြီး ကျန်တဲ့ ၃ပွဲက မိနစ် ၉၀အတွင်း အနိုင်အရှုံးမပေါ်ဘဲ ဖြစ်ခဲ့တာပါ။ အာဂျင်တီးနားက ဗင်နီဇွဲလားကို အသာစီးနဲ့ ကစားနိုင်ခဲ့တာ မဟုတ်ပေမယ့် လိုအပ်တဲ့ သွင်းဂိုးတွေနဲ့ ၂ဂိုးပြတ်သွင်းပြီး ဆီမီးတက်ခဲ့တာပါ။ အာဂျင်တီးနားနဲ့ မက်ဆီအတွက် ကိုပါအမေရိက ဆီမီးဖိုင်နယ်အဆင့်ကို နောက်ဆုံး ၆ကြိမ်အတွင်း ၅ကြိမ် တက်ခဲ့တာ ဖြစ်ပါတယ်။ အာဂျင်တီးနား တိုက်စစ်မှာ မက်ဆီရဲ့ အကောင်းဆုံး ပုံစံမျိုးကို မတွေ့ရသေးပေမယ့် အဂွဲရိုး၊ မာတီးနက်ဇ်အတွဲက အလုပ်ဖြစ်နေပါတယ်။

အိမ်ရှင် ဘရာဇီးကတော့ ပါရာဂွေးနဲ့ သရေကျလို့ ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရခဲ့သလို လက်ရှိ ချန်ပီယံ ချီလီလည်း နာမည်ကြီး ကိုလံဘီယာကို ပင်နယ်တီမှာပဲ အနိုင်ယူခဲ့ပါတယ်။ စနေနေ့က ကစားခဲ့တဲ့ ဥရုဂွေးနဲ့ ပီရူးပွဲမှာတော့ ဆွာရက်ဇ်၊ ကဗာနီတို့ရဲ့ ဥရုဂွေးက တစ်ပွဲလုံး အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ဂိုးတွေလည်း သွင်းခဲ့ပါတယ်။ ကံဆိုးပြီး VAR ကြောင့် ဂိုးမရခဲ့ဘဲ ပယ်ဖျက်ခံခဲ့ရလို့ ပင်နယ်တီ အဆုံးအဖြတ် ခံခဲ့ရတာပါ။ ပင်နယ်တီမှာ ဆွာရက်ဇ်ရဲ့ ကန်သွင်းချက်ကို ကာကွယ်နိုင်ခဲ့တဲ့ ပီရူးက အနိုင်ရပြီး ဆီမီး တက်ခဲ့တာ ဖြစ်ပါတယ်။

VAR နဲ့ ကိုပါအမေရိက

ဖီဖာက နိုင်ငံတကာ ပြိုင်ပွဲကြီးတွေမှာ VARကို အသုံးပြုလာခဲ့လို့ အရင်လို အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်တွေ နည်းလာခဲ့ပေမယ့် ပရိသတ်တွေအတွက်တော့ စိတ်လှုပ်ရှားမှု နည်းလာတာတော့ သေချာပါတယ်။ ဘရာဇီးက အုပ်စုပွဲတုန်းက ဗင်နီဇွဲလားဖက်ကို ၃ဂိုး သွင်းခဲ့ပေမယ့် VARကြောင့် ပယ်ဖျက်ခံခဲ့ရသလို စနေနေ့က ဥရုဂွေးဆိုရင်လည်း VARကြောင့်ပဲ ပီရူးကို ရှုံးခဲ့တာ ဖြစ်ပါတယ်။ ဥရုဂွေးသွင်းခဲ့တဲ့ ဂိုးတွေက တစ်ချို့ပွဲတွေမှာဆိုရင် ပေးလို့ရနိုင်တဲ့ ဂိုးတွေဖြစ်ပေမယ့် ဒိုင်လူကြီးက ပယ်ဖျက်ခဲ့တာပါ။ VARကြောင့်ပဲ ပွဲတစ်ပွဲရဲ့ အရှိန့် ရပ်တန့်ပြီး ပရိသတ် စိတ်ဝင်စားမှု နည်းလာတာကိုတော့ ဖီဖာအနေနဲ့ ပြန်လည် သုံးသပ်သင့်တယ်လို့ မီဒီယာတွေကတော့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ဘရာဇီးတို့ အာဂျင်တီးနားကို ကျော်နိုင်မလား

ဆီမီးဖိုင်နယ်

ဘရာဇီး - အာဂျင်တီနား

မက်ဆီနဲ့ အာဂျင်တီးနားအတွက် အကြီးမားဆုံး စမ်းသတ်မှုကို ရင်ဆိုင်ရမယ့် ပွဲပါ။ အထူးသဖြင့် မဟာပြိုင်ဖက် ဖြစ်သလို ခြေစွမ်းကောင်းပြီး အိမ်ရှင် အားသာချက်နဲ့ ကစားမယ့် ဘရာဇီးကို ဘယ်လို ရင်ဆိုင်မလဲ အာဂျင်တီးနားနည်းပြ အဖြေရှာရမှာပါ။ ဘရာဇီးဟာ အာဂျင်တီးနားကို ကိုပါအမေရိက ဖိုင်နယ်မှာ ၂ကြိမ်တိတိ နိုင်ပြီး ချန်ပီယံ ဖြစ်ဖူးသလို နောက်ဆုံး ကစားခဲ့တဲ့ နိုင်ငံတကာ ပြိုင်ပွဲကြီး ၆ပွဲမှာလည်း ၁ပွဲမှာ မရှုံးထားတဲ့ အစဉ်လာ ရှိနေပါတယ်။ ၃ဂိုးနဲ့အထက် ဂိုးသွင်းပြီး နိုင်ခဲ့တာ ၄ပွဲအထိ ရှိသလို ၂ပွဲသရေ ကျထားပါတယ်။ အစဉ်လာရှိတဲ့ နှစ်သင်းကြောင့် ပြောရခက်ပေမယ့် ခြေစွမ်းသာပြီး ကစားပုံ ပိုကောင်းတဲ့ ဘရာဇီး အသာရမယ့် ပွဲဖြစ်လာနိုင်ပါတယ်။

ချီလီ - ပီရူး

ကိုလံဘီယာကို ကစားခဲ့တဲ့ ခြေစွမ်းနဲ့ ပြိုင်ပွဲတစ်လျောက်လုံး တွေ့ခဲ့ရတဲ့ ချီလီဟာ သူတို့ရဲ့ ချန်ပီယံဆုကို ကာကွယ်နိုင်စွမ်းရှိပါတယ်။ အထူးသဖြင့် ဆန်းချက်ဇ် ဂိုးပြန်သွင်းလာတာက ချီလီ တိုက်စစ်အတွက် ပိုကောင်းလာခဲ့သလို ၃ကြိမ်ဆက် ဖိုင်နယ်တက်မယ့် အခွင့်အရေးကို ရနေပါတယ်။ ပီရူးကတော့ ခြေစွမ်းအကောင်းဆုံး ပုံစံမှာ မရှိပေမယ့် တန်ပြန်တိုက်စစ်နေ ဂိုးရဖို့ ကစားလေ့ရှိတဲ့အသင်းပါ။ ဥရုဂွေးကို ကျော်ဖြတ်လာခဲ့ပေမယ့် ခြေစွမ်း ပိုကောင်းတဲ့ ချီလီကို ဒီပွဲမှာ ကျော်ဖြတ်နိုင်ဖို့ ခက်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အာဂျင်တီးနားရဲ့ လိုအပ်ချက်ကို စွမ်းဆောင်ပေးရမယ့် မက်ဆီနဲ့ စကာလိုနီ

အအောင်မြင်ဆုံး အသင်းများ

၁) ဥရုဂွေး - ၁၅ကြိမ် ( ၂၀၁၁မှာ နောက်ဆုံး ချန်ပီယံဖြစ်)

၂) အာဂျင်တီးနား - ၁၄ကြိမ် ( ၁၉၉၃မှာ နောက်ဆုံး ချန်ပီယံဖြစ်)

၃) ဘရာဇီး - ၈ကြိမ် ( ၂၀ဝ၇မှာ နောက်ဆုံး ချန်ပီယံဖြစ်)

၄) ပါရာဂွေး - ၂ကြိမ် ( ၁၉၇၉မှာ နောက်ဆုံး ချန်ပီယံဖြစ်)

၅) ချီလီ - ၂ကြိမ် ( ၂၀၁၅၊ ၁၆ နှစ်နှစ်ဆက် ချန်ပီယံဖြစ်)

၆) ပီရူး - ၂ကြိမ် ( ၁၉၇၅မှာ နောက်ဆုံး ချန်ပီယံဖြစ်)

၇) ကိုလံဘီယာ - ၁ကြိမ် ( ၂၀ဝ၁မှာ ချန်ပီယံဖြစ်)

၈) ဘိုလစ်ဗီးယား - ၁ကြိမ် ( ၁၉၆၃မှာ ချန်ပီယံဖြစ်)

နောက်ဆုံး ၅ကြိမ် ချန်ပီယံများ

၂၀ဝ၄) ဘရာဇီး ၂-၂ အာဂျင်တီးနား ( ပင်နယ်တီမှာ ဘရာဇီးနိုင်)

၂၀ဝ၇) ဘရာဇီး ၃-ဝ အာဂျင်တီးနား

၂၀၁၁) ဥရုဂွေး ၃-ဝ ပါရာဂွေး

၂၀၁၅) ချီလီ ဝ-ဝ အာဂျင်တီးနား ( ပင်နယ်တီမှာ ချီလီနိုုင်)

၂၀၁၆) ချီလီ ဝ-ဝ အာဂျင်တီးနား ( ပင်နယ်တီမှာ ချီလီနိုင်)

ဆက်စပ် အကြောင်းအရာများ