၁၂နှစ်ကြာ အောင်ပွဲကို ဘရာဇီးတို့ ယူနိုင်မလား

ဓာတ်ပုံ မူပိုင် AFP
Image caption ဘရာဇီးနဲ့ ပီရူး တို့ ဗိုလ်လုမယ့် ကိုပါအမေရိကဖလား

၂၀၁၉ တောင်အမေရိက ဖလားပြိုင်ပွဲကြီးကတော့ ပြီးဆုံးဖို့ နီးကပ်နေပြီး နောက်ဆုံး ဗိုလ်လုပွဲအဆင့်ကို ရောက်နေပါပြီ။ ဆီမီးဖိုင်နယ်အဆင့်ကို တောင်အမေရိကတိုက်ရဲ့အင်အာကြီး အသင်းတွေဖြစ်တဲ့ ဘရာဇီး၊ အာဂျင်တီးနား၊ ချီလီနဲ့ မထင်မှတ်ဘဲ ပီရူးလည်း တက်ရောက်နိုင်ခဲ့တာပါ။

ပထမ ဆီမီးဖိုင်နယ်ပွဲမှာ ဘရာဇီးနဲ့ အာဂျင်တီးနားတို့ ကစားခဲ့ပြီး အိမ်ရှင်အသင်းက ၂ဂိုးပြတ်နဲ့ နိုင်ပါတယ်။ အဲ့ဒီပွဲမှာ အာဂျင်တီးနားရဲ့ ကစားပုံကောင်းခဲ့သလို အခွင့်အရေး တွေလည်း ဖန်တီးနိုင်ခဲ့တာပါ။ ဘရာဇီးက ရတဲ့ အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့ပြီး အာဂျင်တီးနားက မဝင်ခဲ့လို့ မက်ဆီရဲ့ အာဂျင်တီးနား ရှုံးခဲ့တာဖြစ်ပါတယ်။ ဒီမှာ ပြောစရာဖြစ်တာက ဘရာဇီးရဲ့ အနိုင်ဟာ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့တာပါ။ ပွဲအတွင်းမှာ အာဂျင်တီးနားဖက်က သေချာပေါက် ပင်နယ်တီ ရမယ့် အခွင့် ၂ကြိမ်ကို ကွင်းလယ်ဒိုင်က ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ ပွဲကစားချိန်မှာ မမြင်ခဲ့ပေမယ့် ပင်နယ်တီဖြစ် နိုင်လို့ VAR ပြန်ကြည့်ဖို့ ပြောခဲ့ပေမယ့် ဒိုင်လူကြီးက ငြင်းပယ်ခဲ့လို့ အာဂျင်တီးနား နစ်နာခဲ့ရတာပါ။ ဘောလုံးပွဲ သုံးသပ်သူတွေအားလုံးကတော့ အဲ့ဒီဖြစ်ရပ်တွေမှာ အာဂျင်တီးနား ပင်နယ်တီ သေချာပေါက် ရသင့်တယ်လို့ ဆိုခဲ့ကြပါတယ်။

ဘရာဇီးဟာ အဲ့ဒီပွဲမှာ သူတို့ရဲ့ အကောင်းဆုံးပုံစံနဲ့ မကစားနိုင်ခဲ့ပေမယ့် ဂါဘရီရယ် ဂျေဆု၊ ဖာမီနိုတို့ရဲ့ သွင်းဂိုးတွေနဲ့ နိုင်ပြီး ဗိုလ်လုပွဲတက်ခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက် ဆီမီးပွဲကတော့ အားလုံး မထင်မှတ်လောက်အောင်ပဲ လက်ရှိ ချန်ပီယံ ချီလီက ပီရူးကို ၃ဂိုးပြတ်နဲ့ ရှုံးခဲ့ပါတယ်။ ချီလီက ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးသွင်းမှု အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ပီရူးက ဂိုးပေါက်တည့်တဲ့ ၃ကြိမ်ကနေ ၃ဂိုးရသွားခဲ့တာပါ။ ပီရူးအတွက်တော့ ကွာတားမှာ ဥရုဂွေး၊ ဆီမီးမှာ ချီလီတို့ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အာဂျင်တီးနားအတွက် ချန်ပီယံဆုကို ထပ်မံစောင့်ရမယ့် မက်ဆီနဲ့ အသင်းဖော်များ

တတိယနေရာလုပွဲ

အာဂျင်တီးနား ၂-၁ ချီလီ

မက်ဆီနဲ့ အာဂျင်တီးနားကတော့ အစောပိုင်း ပွဲတွေမှာ ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ကစားပုံ တိုးတက်လာပြီး နိုင်ပွဲရခဲ့တာပါ။ ဒီပွဲမှာ အာဂျင်တီးနားက ပထမပိုင်းမှာတင် ၂ဂိုးသွင်းပြီး ဦးဆောင်ခဲ့တာပါ။ အဂွဲရိုးနဲ့ ဒီဘာလာတို့ တစ်ဂိုးစီ သွင်းခဲ့ကြတာ ဖြစ်ပါတယ်။ ပွဲချိန် ၃၇မိနစ်မှာ မက်ဆီနဲ့ ချီလီ အသင်းခေါင်းဆောင် မီဒယ်လ်တို့ အချင်းများပြီး နှစ်ယောက်စလုံး အနီကတ်ပြ အထုတ်ခံခဲ့ရပါတယ်။ VAR အကူအညီရယူပြီး ပြန်လည် သုံးသပ်ခဲ့ပေမယ့် မက်ဆီဟာ အနီကတ်ပြခံရလောက်အောင် တစ်စုံတစ်ရာ ကျူးလွန်ခဲ့တာမျိုး မရှိပေမယ့် ကွင်းလယ်ဒိုင်က သူ့ကိုပါ အနီကတ်ပြခဲ့တာပါ။ ချီလီဖက်က ဒုတိယပိုင်းမှာ ဗီလ်ဒါး ပင်နယ်တီကနေ တစ်ဂိုးပြန်သွင်းပေမယ့် အာဂျင်တီးနားက ၂-၁ဂိုးနဲ့ နိုင်ပြီး တတိယရခဲ့ပါတယ်။

အိမ်ရှင် ဘရာဇီးရဲ့ ဗိုလ်လုပွဲ

ဘရာဇီ - ပီရူး

၂၀ဝ၇ခုနှစ်မှာ အာဂျင်တီးနားကို ကိုပါအမေရိက ဖလားပြိုင်ပွဲမှာ အနိုင်ယူပြီးနောက် လက်ရွေးစင်အဆင့် နိုင်ငံတကာ အောင်ပွဲကြီး နောက်ဆုံးရခဲ့တဲ့ ဘရာဇီးအတွက်တော့ ၁၂နှစ်ကြာ ပထမဆုံး အောင်ပွဲကို ရယူဖို့ နီးစပ်နေတာပါ။ ဗိုလ်လုပွဲမှာ အုပ်စုတွင်းတုန်းက ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပီရူးကို ရင်ဆိုင်ရမှာဖြစ်လို့ ဘရာဇီး ပရိသတ်တွေရော ကစားသမားတွေပါ ယုံကြည်မှု အပြည့်ရှိနေတာပါ။ အဓိက တိုက်စစ်မှူး နေမာ မပါပေမယ့် ဘရာဇီး တိုက်စစ်က အကောင်းဆုံး ပုံစံမှာရှိပြီး ဂိုးတွေ ဆက်တိုက် သွင်းနိုင်သလို ခံစစ်ပိုင်းကလည်း အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။ သီယာဂို ဆေးလ်ဗား၊ မာကွီးညော့စ်တို့ ဦးဆောင်းတဲ့ ခံစစ်ဟာ ဗိုလ်လုပွဲအထိ ပေးဂိုးမရှိဘဲ ကစားခဲ့သလို ဂိုးသမား အလီဆင်ကလည်း လက်စွမ်းပြနေတာ ဖြစ်ပါတယ်။

ပီရူးကတော့ ၁၉၇၅ခုနှစ်မှာ ကိုပါအမေရိက ဖလားကို ဗိုလ်စွဲပြီးနောက် ပထမဆုံးအကြိမ် ဗိုလ်လုပွဲကို တက်ရောက် နိုင်ခဲ့တာပါ။ အုပ်စုတွင်းမှာ ၆ဂိုးအထိ ပေးထားရပေမယ့် ရှုံးထွက် အဆင့်ကို တက်ရောက်ပြီး နောက်ပိုင်း ပေးဂိုးမရှိသေးဘဲ ကစားနိုင်ခဲ့တာပါ။ အသင်းလိုက် ကစားပုံကောင်းလာပြီး ခံစစ်ပိုင်း ပိုတည်ငြိမ်လာခဲ့တာကို ဥရုဂွေး၊ ချီလီတို့နဲ့ ကစားခဲ့တဲ့ ပွဲတွေမှာ မြင်ခဲ့ရပါတယ်။

ဘယ်အသင်း နိုင်မလဲ

လက်ရှိ ခြေစွမ်းနဲ့ ကစားပုံအရ အိမ်ရှင် ဘရာဇီးကို ပီရူး မယှဉ်နိုင်ပါဘူး။ တစ်ခု သတိထားရမှာပါက အုပ်စုတွင်းတုန်းက ဂိုးပြတ် နိုင်ခဲ့တဲ့ ပီရူးနဲ့ ဗိုလ်လုပွဲရောက်နေတဲ့ လက်ရှိ ပီရူး ကစားပုံ ကွာခြားလာတာပါ။ ခံစစ်ပိုင်းကလည်း ပိုပြီး ကျစ်လစ်လာသလို အသင်းလိုက် ကစားပုံပိုကောင်းလာတာကြောင့် ဘရာဇီးအနေနဲ့ ပေါ့လျော့လို့ မရပါဘူး။ အဖက်ဖက်က အသာရနေတဲ့ ဘရာဇီးတို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု မပြင်းထန်ဖို့ လိုပါတယ်။ ခြေစွမ်းအရတော့ ဘရာဇီးပဲ ကိုပါအမေရိက ဖလားကို ၉ကြိမ်မြောက် ရယူသွားနိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အိမ်ရှင် ဘရာဇီး

ကိုပါအမေရိက ဆီမီးဖိုင်နယ် ရလဒ်များ

ဘရာဇီး ၂-ဝ အာဂျင်တီးနား

ပီရူး ၃-ဝ ချီလီ

တတိယနေရာလုပွဲ

အာဂျင်တီးနား ၂-၁ ချီလီ

ဂိုးအများဆုံး သွင်းထားသူများ

အဂွဲရိုး၊ မာတီးနက်ဇ် ( အာဂျင်တီးနား ) - ၂ဂိုး

အဲဗာတန်၊ ကော်တင်ညို၊ ဖာမီနို ( ဘရာဇီး) - ၂ဂိုး

ဆန်းချက်ဇ်၊ ဗားဂက်စ် ( ချီလီ ) - ၂ဂိုး

ကဗာနီ၊ ဆွာရက်ဇ် ( ဥရုဂွေး) - ၂ဂိုး

ဂွာရဲရိုး၊ အယ်ဒီဆင် ( ပီရူး ) - ၂ဂိုး

ဇာပါတာ ( ကိုလံဘီယာ ) - ၂ဂိုး

မီယိုရှီ ( ဂျပန်) - ၂ဂိုး

မာချီစ် ( ဗင်နီဇွဲလား) - ၂ဂိုး

အအောင်မြင်ဆုံး အသင်းများ

၁) ဥရုဂွေး - ၁၅ကြိမ် ( ၂၀၁၁မှာ နောက်ဆုံး ချန်ပီယံဖြစ်)

၂) အာဂျင်တီးနား - ၁၄ကြိမ် ( ၁၉၉၃မှာ နောက်ဆုံး ချန်ပီယံဖြစ်)

၃) ဘရာဇီး - ၈ကြိမ် ( ၂၀ဝ၇မှာ နောက်ဆုံး ချန်ပီယံဖြစ်)

၄) ပါရာဂွေး - ၂ကြိမ် ( ၁၉၇၉မှာ နောက်ဆုံး ချန်ပီယံဖြစ်)

၅) ချီလီ - ၂ကြိမ် ( ၂၀၁၅၊ ၁၆ နှစ်နှစ်ဆက် ချန်ပီယံဖြစ်)

၆) ပီရူး - ၂ကြိမ် ( ၁၉၇၅မှာ နောက်ဆုံး ချန်ပီယံဖြစ်)

၇) ကိုလံဘီယာ - ၁ကြိမ် ( ၂၀ဝ၁မှာ ချန်ပီယံဖြစ်)

၈) ဘိုလစ်ဗီးယား - ၁ကြိမ် ( ၁၉၆၃မှာ ချန်ပီယံဖြစ်)

နောက်ဆုံး ၅ကြိမ် ချန်ပီယံများ

၂၀ဝ၄) ဘရာဇီး ၂-၂ အာဂျင်တီးနား ( ပင်နယ်တီမှာ ဘရာဇီးနိုင်)

၂၀ဝ၇) ဘရာဇီး ၃-ဝ အာဂျင်တီးနား

၂၀၁၁) ဥရုဂွေး ၃-ဝ ပါရာဂွေး

၂၀၁၅) ချီလီ ဝ-ဝ အာဂျင်တီးနား ( ပင်နယ်တီမှာ ချီလီနိုုင်)

၂၀၁၆) ချီလီ ဝ-ဝ အာဂျင်တီးနား ( ပင်နယ်တီမှာ ချီလီနိုင်)

ဆက်စပ် အကြောင်းအရာများ