၁၁ ရက်အတွင်း ဘီနင်နဲ့ အိုင်ဗရီကို့စ် ပြိုင်ပွဲတွေမှာ ချန်ပီယံ ဖြစ်တဲ့ သက်ထားသူဇာ

ဓာတ်ပုံ မူပိုင် THET HTAR Thuzar
Image caption အိုင်ဗရီကို့စ်မှာ ချန်ပီယံဆု ရခဲ့ပြန်တဲ့ မြန်မာ့ဂုဏ်ဆောင် သက်ထားသူဇာ

မြန်မာ့ဂုဏ်ဆောင် ကြက်တောင် အားကစားမယ် သက်ထားသူဇာကတော့ အာဖရိကမှာ ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ ထပ်ပြီး ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ မောရစ်သျှ Internationa Series မှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ သက်ထားသူဇာဟာ ဇွန်လ ၂၇ရက်နေ့ကနေ ၃၀ရက်နေ့အထိ ဘီနင်မှာ ကျင်းပတဲ့ Benin International Series နဲ့ ဇူလိုင် ၄ရက်နေ့ကနေ ၇ရက်နေ့အထိ အိုင်ဗရီကို့စ်မှာ ကျင်းပတဲ့ COTE D'IVORIE International Series ပြိုင်တွေမှာ ချန်ပီယံ ဆက်တိုက် ဖြစ်ခဲ့တာပါ။

အသက် ၂၀နှစ် အရွယ်သာ ရှိသေးတဲ့ မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ် သက်ထားသူဇာဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမယ့် ၂၀၂၀ နွေရာသီ အိုလံပစ်ပြိုင်ပွဲ ကို ဝင်ရောက်နိုင်ဖို့ ကြိုးပမ်းနေသူဖြစ်ပြီး တနင်္ဂနွေနေ့က ဖိုင်နယ်မှာ ဆီဒင် ၁ သတ်မှတ် ခံထားရတဲ့ အိန္ဒိယသူ ကူဒါရာဗယ်လီကို ၂ပွဲပြတ်နဲ့ နိုင်ပြီး ချန်ပီယံ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အိုင်ဗရီကို့စ်ပြိုင်ပွဲမှာ သက်ထားသူဇာဟာ ကမ္ဘာ့အဆင့် ၈၉ရှိတဲ့ မော်ရစ်သျှသူကို ၂-၁ပွဲနိုင်ပြီး ကွာတားဖိုင်နယ် ကို တက်ရောက်ခဲ့ပါတယ်။ အကြိတ်အနယ် ရိုက်ခဲ့ရပြီး နောက်ဆုံးပွဲမှာ ၂၁-၁၉မှတ်နဲ့ နိုင်ခဲ့တာပါ။ သက်ထားသူဇာဟာ အဲ့ဒီပွဲကို မိနစ် ၄၀ကျော် အကြိတ်အနယ် ရိုက်ခဲ့ရပြီး နိုင်ခဲ့တာပါ။ ကွာတားဖိုင်နယ်မှာတော့ ပါကစ္စတန်က အသက် ၂၂နှစ်အရွယ် ကမ္ဘာ့အဆင့် ၁၉၁ ရှိတဲ့ mahoor shahzad ၂ပွဲပြတ်နဲ့နိုင်ခဲ့သလို ဆီမီးဖိုင်နယ်မှာ ကမ္ဘာ့အဆင့် ၁၃၆ရှိတဲ့ အီရန်သူ ဆိုရေယာ အဟာအီကို ၂ပွဲပြတ်နဲ့ နိုင်ပြီး ဖိုင်နယ်ကို တက်ရောက် နိုင်ခဲ့ပါတယ်။ ဖိုင်နယ်မှာတော့ ဒီပြိုင်ပွဲရဲ့ ဆီဒင် ၁ သတ်မှတ်ခံထားရပြီး ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ နာမည်ကြီး အိန္ဒိယ ကြက်တောင်မယ် ကူဒါရာဗယ်လီကို ၂ပွဲပြတ် ( ၂၁-၁၇၊ ၂၁-၁၃) မှတ်နဲ့ နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် THET HTAR Thuzar
Image caption ဘီနင်မှာ ချန်ပီယံဖြစ်ခဲ့တဲ့ သက်ထားသူဇာ

အိုင်ဗရီကို့စ်ပြိုင်ပွဲမတိုင်မီ ဘီနင်မှာ ကျင်းပတဲ့ Benin International Series မှာလည်း သက်ထားသူဇာဟာ ရှုံးထွက် ၃၂နဲ့ ၁၆ အဆင့်တွေမှာ အိမ်ရှင် ဘီနင်၊ ကွာတားဖိုင်နယ်မှာ နိုင်ဂျီးရီးယား၊ ဆီမီးဖိုင်နယ်မှာ အီဂျစ်တို့ကို အသီးသီး အနိုင်ယူခဲ့ပြီး ဖိုင်နယ်တက်ခဲ့ပါတယ်။ ဖိုင်နယ်မှာတော့ ပီရူး ကြက်တောင်မယ်ကို ၁နာရီကျော် ရိုက်ခဲ့ပြီး ၁၇-၂၁၊ ၂၁-၁၈၊ ၂၁-၁၄မှတ်နဲ့ ခက်ခက်ခဲခဲ နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပထမပွဲမှာ ၁၇-၂၁မှတ်နဲ့ ရှုံးခဲ့တဲ့ သက်ထားသူဇာဟာ ဒုတိယပွဲမှာ ၂၁-၁၈၊ နောက်ဆုံးပွဲမှာ ၂၁-၁၄မှတ်နဲ့ နိုင်လို့ ချန်ပီယံ ဖြစ်လာတာပါ။

သက်ထားသူဇာအတွက်တော့ ၁၀လ အတွင်း ပြိုင်ပွဲ ၆ခုမှာ ချန်ပီယံဖြစ်ခဲ့သလို ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာလည်း ၁၀၁ အဆင့်ကို ရောက်လာခဲ့ပါတယ်။ ၂၀၁၇ခုနှစ် နိုဝင်ဘာလတုန်းက ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၈၅၄ အဆင့်သာ ရှိခဲ့တဲ့ သက်ထားသူဇာဟာ ၂၀၁၈ နှစ်ကုန်မှာ ကမ္ဘာ့အဆင့် ၁၆၃အထိ တက်လာခဲ့ပါတယ်။ ပြိုင်ပွဲတွေမှာ ဆက်တိုက် အောင်ပွဲဆင်လာနိုင်ခဲ့တဲ့ သက်ထားသူဇာဟာ Benin International Series မှာ ချန်ပီယံဖြစ်ပြီးနောက် ကမ္ဘာ့အဆင့် ၁၀၁အထိ တက်လာခဲ့တာ ဖြစ်ပါတယ်။

တိုကျို အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားနေတဲ့ သက်ထားသူဇာဟာ သြဂုတ်လထဲ နိုင်ဂျီးရီးယားနိုင်ငံမှာ ကျင်းပမယ့် Lagos International Badminton Classics 2019 ကို သွားရောက် ယှဉ်ပြိုင်ဦးမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် THET HTAR Thuzar
Image caption အာဖရိကမှာ ၂ပွဲဆက် တိုက် ချန်ပီယံ ဖြစ်လာတဲ့ သက်ထားသူဇာ

သက်ထားသူဇာ ရရှိခဲ့တဲ့ နိုင်ငံတာက အောင်မြင်မှုများ

၁) အီဂျစ် အင်တာနေရှင်နယ် စီးရီး - ၂၀၁၈

၂) ယူဂန်ဒါ အင်တာနေရှင်နယ် စီးရီး - ၂၀၁၉

၃) ကင်ညာ အင်တာနေရှင်နယ် စီးရီး - ၂၀၁၉

၄) မော်ရစ်သျှ အင်တာနေရှင်နယ် စီးရီး - ၂၀၁၉

၅) ဘီနင် အင်တာနေရှင်နယ် စီးရီး - ၂၀၁၉

၆) အိုင်ဗရီကို့စ် အင်တာနေရှင်နယ် စီးရီး - ၂၀၁၉

ဓာတ်ပုံ မူပိုင် THET HTAR Thuzar
Image caption အာဖရိက ကြက်တောင်ရိုက်ပြိုင်ပွဲတွေမှာ ၆ကြိမ် ချန်ပီယံ ဖြစ်ထားတဲ့ သက်ထားသူဇာ

သက်ထားသူဇာရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် မှတ်တမ်း

၂၀၁၇ နိုဝင်ဘာ - ၈၅၄ အဆင့်

၂၀၁၈ ဇန်နဝါရီ - ၄၁၄ အဆင့်

၂၀၁၈ ဖေဖော်ဝါရီ - ၂၅၇ အဆင့်

၂၀၁၈ မတ် - ၂၂၈ အဆင့်

၂၀၁၈ ဧပြီ - ၂၀၁ အဆင့်

၂၀၁၈ မေ - ၂၀၄ အဆင့်

၂၀၁၈ ဇွန် - ၁၇၆ အဆင့်

၂၀၁၈ ဇူလိုင် - ၁၇၃ အဆင့်

၂၀၁၈ သြဂုတ် - ၁၆၇ အဆင့်

၂၀၁၈ စက်တင်ဘာ - ၁၇၃ အဆင့်

၂၀၁၈ အောက်တိုဘာ - ၁၈၀ အဆင့်

၂၀၁၈ နိုဝင်ဘာ - ၁၆၂ အဆင့်

၂၀၁၈ ဒီဇင်ဘာ - ၁၆၃ အဆင့်

၂၀၁၉ ဇန်နဝါရီ - ၁၅၉ အဆင့်

၂၀၁၉ ဖေဖော်ဝါရီ - ၁၅၀ အဆင့်

၂၀၁၉ မတ် - ၁၄၄ အဆင့်

၂၀၁၉ ဧပြီ - ၁၂၆ အဆင့်

၂၀၁၉ မေ - ၁၂၆ အဆင့်

၂၀၁၉ ဇွန် - ၁၁၄ အဆင့်

၂၀၁၇ ဇူလိုင် - ၁၀၁ အဆင့် ( ဘီနင် ပြိုင်ပွဲအပြီးအထိ )

( ကမ္ဘာ့အဆင့် သတ်မှတ်ချက် အသစ်ကိုတော့ လာမယ့် အင်္ဂါနေ့မှာ ထုတ်ပြန်မှာဖြစ်ပါတယ်။ )

ဆက်စပ် အကြောင်းအရာများ