ကိသ် သာမန်ကို အနိုင်ယူပြီး ချန်ပီယံထပ် ဖြစ်လာတဲ့ မန်နီ ပတ်ကွီယောင်

ဓာတ်ပုံ မူပိုင် AFP
Image caption အသက်အကြီးဆုံး ဝေါ်လ်တာ ဝိတ်တန်း ချန်ပီယံ ဖြစ်လာတဲ့ ပက်ကွီယောင်

ဖိလစ်ပိုင် နာမည်ကြီး လက်ဝှေ့သမား မန်နီ ပတ်ကွီယောင်ဟာ စနေနေ့က အမေရိကန် နိုင်ငံသား ကိသ် သာမန်ကို အနိုင်ထိုးသတ်ပြီးနောက် အသက်အကြီးဆုံး WBA ဝေါ်လ်တာ ဝိတ်တန်း ချန်ပီယံ ဖြစ်လာပါတယ်။ အသက် ၄၀နှစ် အရွယ်ရှိတဲ့ ပတ်ကွီယောင်ဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲ ၇၁ပွဲမြောက်ကို အမေရိကန်နိုင်ငံ၊ Las Vegas က MGM Garden Arena မှာ ထိုးသတ်ခဲ့တာဖြစ်ပြီး ရှုံးပွဲမရှိသေးတဲ့ ၃၀နှစ် အရွယ် ကိသ် သာမန်ကို နိုင်ခဲ့တာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption ၁၂ချီမှာ အသာစီး ထိုးသတ်ပြီး အမှတ်နဲ့ အနိုင်ယူခဲ့တဲ့ ပတ်ကွီယောင်

ပရော်ဖက်ရှင် ပွဲ ၃၀အပြီးမှာ ရှုံးပွဲမရှိသေးတဲ့ သာမန်ဟာ ပထမအချီမှာတင် ပတ်ကွီယောင်ရဲ့ ညာ လက်သီးမိပြီး လဲကျခဲ့သလို ၅ချီမှာ နှာခေါင်း သွေးယိုခဲ့ပါတယ်။ အလယ်ချီတွေမှာ အနည်းငယ် ပြန်သာခဲ့ပေမယ့် တစ်ပွဲလုံး ၁၂ချီမှာတော့ အတွေ့အကြုံများပြီး တည်ငြိမ်တဲ့ ပတ်ကွီယောင်ရဲ့ ထိုးသတ်မှု တွေကို မယှဉ်နိုင်ဘဲ ရှုံးခဲ့တာ ဖြစ်ပါတယ်။ ၁၂ချီ ပြီးတဲ့အထိ တစ်ဦးနဲ့ တစ်ဦး အလဲ မထိုးနိုင်ကြလို့ ဒိုင်လူကြီးတွေရဲ့ အဆုံးအဖြတ်ကို ခံယူခဲ့ကြရပါတယ်။ ၁၂ချီအတွင်း ပြိုင်ဖက် ကိသ် သာမန်ရဲ့ ထိုးချက် ၂၀ဝကျော်ကို ခံခဲ့ရပေမယ့် ထိချက် ကောင်းကောင်းတွေနဲ့ အမှတ်တွေ ယူနိုင်ခဲ့တဲ့ ပတ်ကွီယောင်က ဒိုင်လူကြီး ၂ဦးရဲ့ အနိုင်ပေးမှုနဲ့ ချန်ပီယံ ဖြစ်ခဲ့တာပါ။ ဒိုင်လူကြီး တစ်ဦးက ကိသ်ကို ၁၁၄-၁၁၃မှတ်နဲ့ အနိုင်ပေးခဲ့ပြီး ကျန် ဒိုင်လူကြီး ၂ဦးက ၁၁၅-၁၁၂ မှတ်စီနဲ့ ပတ်ကွီယောင်ကို အနိုင်ပေးခဲ့လို့ WBA ဝေါ်လ်တာ ဝိတ်တန်းရဲ့ ချန်ပီယံသစ် ဖြစ်လာပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဝိတ်တန်း ၈ခုမှာ ချန်ပီယံ ဖြစ်ဖူးတဲ့ မန်နီ ပတ်ကွီယောင်

ပတ်ကွီယောင်အတွက်တော့ ပရော်ဖက်ရှင်နယ် လက်ဝှေ့သက်တမ်း တစ်လျောက် ၇၁ပွဲမှာ ၆၂ပွဲမြောက် အနိုင်ရခဲ့တာဖြစ်ပြီး လက်ဝှေ့လောကရဲ့ ဂန္ထဝင် သမားအဖြစ် ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ ရှုံးနိမ့်သူ ကိသ် သာမန်ကတော့ ပတ်ကွီယောင်ဟာ တကယ့် ချန်ပီယံကြီး ဖြစ်ပြီး သူ့နဲ့ မကျေပွဲကို ပြန်လည် ထိုးသတ်လိုကြောင်း ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပထမ အချီမှာတင် ကိသ်ကို လဲကျအောင် ထိုးသတ်ခဲ့တဲ့ မန်နီ ပတ်ကွီယောင်

WBA ဝေါ်လ်တာ ဝိတ်တန်း ချန်ပီယံသစ် ဖြစ်လာတဲ့ မန်နီ ပတ်ကွီယောင်ဟာ ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၂၀သန်း ကျော် ရရှိခဲ့ပြီး ရှုံးနိမ့်သူ ကိသ် သာမန်က ၈ သန်း ရရှိခဲ့ပါတယ်။ သတင်းတွေအရ ပတ်ကွီယောင်ဟာ ဗြိတိန် လက်ဝှေ့သမား အာမီယာ ခန်းနဲ့ ထိုးသတ်ဖွယ် ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဆက်စပ် အကြောင်းအရာများ