ဈေးကွက် မပိတ်မီ ဘယ်ကလပ်တွေကို ဘယ်သူတွေ ရောက်မလဲ

ဓာတ်ပုံ မူပိုင် AFP
Image caption စံချိန်တင် ကြေးတွေနဲ့ အပြောင်းအရွှေ့ ဖြစ်လာဖို့ ရှိတဲ့ လူကာကူ၊ ပက်ပေ နဲ့ ဘေးလ်

အင်္ဂလန် ပရီးမီးယားလိဂ်က အပြောင်းအရွှေ့ပိတ်ဖို့ နီးစပ်လာတဲ့ အချိန်မှာ ကလပ် အသင်းတွေကတော့ ကစားသမားတွေကို အပြိုင် ခေါ်ယူအားဖြည့်နေကြပါတယ်။ ရာသီသစ် မစတင်မီ ပိတ်မယ့် အပြောင်းအရွှေ့ဈေးကွက်မှာ ပရီးမီးယားလိဂ် ကလပ်တွေထဲ ချန်ပီယံ မန်စီးတီးနဲ့ လီဗာပူးလ်၊ အပြောင်းအရွှေ့ပိတ်ခံထားရတဲ့ ချယ်လ်ဆီးတို့ကလွဲရင် မန်ယူ၊ အာဆင်နယ်၊ စပါးတို့ဟာ အရှိန်အဟုန်မြင့် ကြိုးစားနေကြတာပါ။ တစ်ဖက်က လာလီဂါ၊ စီးရီးအေ၊ ဂျာမန်နဲ့ ပြင်သစ်တို့မှာလည်း စိတ်ဝင်စားစရာ အပြောင်းအရွှေ့တွေ ဖြစ်နေကြပါတယ်။ ဈေးကွက်အတွင်း ဖြစ်လာနိုင်ချေရှိတဲ့ အပြောင်းအရွှေ့တွေ၊ ဘယ်သူတွေ ဘယ်ကိုရောက်မလဲ စတဲ့ နောက်ဆုံးရ ကစားသမား အပြောင်း အရွှေ့သတင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မန်ယူနဲ့ သဘောတူညီခဲ့ပြီလို့ သတင်းထွက်နေပေမယ့် ဘရူနို ဖာနန်ဒတ်စ် အေးဂျင့်ကတော့ ငြင်းဆိုထား

မန်ချက်စတာယူနိုက်တက်

ဘရူနို ဖာနန်ဒတ်စ်နဲ့ သဘောတူညီမှု ရပြီလို့ သတင်းတွေ ထွက်ခဲ့ပေမယ့် ကစားသမားရဲ့ အေးဂျင့်လည်းဖြစ်၊ ယောက်ဖလည်းဖြစ်တဲ့ မီဂွယ် ပီဟိုကတော့ စပို့တင်းလစ္စဘွန်းနဲ့ ယူနိုက်တက်အကြား သဘောတူညီမှု မရသေးဘူးလို့ ဆိုထားသလို နှစ်ဖက် အသင်းအကြား ပြောင်းရွှေ့ကြေး ဆွေးနွေးနေဆဲ ဖြစ်ကြောင်း ဆိုခဲ့တာပါ။ ယူနိုက်တက်ဟာ အခုချိန်အထိ စပို့တင်း သတ်မှတ်ထားတဲ့ ယူရို ၇၀သန်းကို မပေးသေးလို့ စောင့်ရဦးမှာ ဖြစ်သလို အင်္ဂလန်ကို လာပြီး ဆေးစစ်မယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုထားပါတယ်။ လက်စတာ နောက်ခံလူ ဟယ်ရီ မဂွယ်ရားအတွက်လည်း ယူနိုက်တက်နဲ့ စီးတီးက နောက်ထပ် ကမ်းလှမ်းမှု မရှိသေးဘူးလို့ နည်းပြ ဘရန်ဒန် ရော်ဂျာကတော့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အာဆင်နယ်ကို ကလပ်စံချိန်တင် ပေါင် ၇၂သန်းနဲ့ ရောက်တော့မယ့် နီကိုလပ်စ် ပက်ပေ

အာဆင်နယ်

ဒီဖက်နှစ်တွေမှာ လာကာဇက်၊ အဘာမီယန်းတို့ကို စံချိန်တင်ကြေးတွေနဲ့ ခေါ်ခဲ့တဲ့ အာဆင်နယ်ဟာ ကလပ် စံချိန်တင်ကြေးဖြစ်တဲ့ ပေါင် ၇၂သန်းနဲ့ လိုင်လီ တောင်ပံ ကစားသမား နီကိုလပ်စ် ပက်ပေကို သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။ အစောပိုင်းက နာပိုလီနဲ့ သဘောတူညီမှု ရထားပေမယ့် အာဆင်နယ်ကလည်း ပေါင် ၇၂သန်း ပေးပြီး ကမ်းလှမ်းခဲ့သလို အေးဂျင့်ကြေးကိုလည်း ပိုပေးခဲ့လို့ ပက်ပေရဲ့ အပြောင်းအရွှေ့ကို အသာရခဲ့တာပါ။ လာမယ့် တစ်ပတ် အတွင်းမှာ ဆေးစစ်မယ်လို့ ဆိုထားသလို ဆဲလ်တစ်ရဲ့ နောက်ခံလူ ကီရန် တယ်နီကိုလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ Sky Sports က ဖော်ပြထားပါတယ်။

ချယ်လ်ဆီး

ချယ်လ်ဆီးနည်းပြ လမ်းပတ်ကတော့ အပြောင်းအရွှေ့ပိတ်ပင်ခံထားရလို့ လူငယ်တွေကို အဓိက အားထားနေရချိန်မှာ အသင်းရဲ့ ကွင်းလယ်လူ ဒန်နီ ဒရင့်ဝေါလ်တားနဲ့ ဘာကာယိုကိုတို့ နှစ်ဦးကို ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ ချယ်လ်ဆီးဟာ ဝီလျံကို ၁နှစ် သက်တမ်းတိုးပြီး ဟာဇက်ရဲ့ ကျောနံပါတ် ၁၀ကို ပေးထားသလို အငှားက ပြန်လာတဲ့ အေဘရာဟမ်ကလည်း ကျောနံပါတ် ၉ကို ဝတ်ဆင်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဆယ်ကျော်သက် ကွင်းလယ်လူ ဟာဗီကို ခေါ်ယူလိုက်တဲ့ လီဗာပူးလ်

လီဗာပူးလ်

မနှစ်ကလို ငွေသုံးမှာ မဟုတ်ဘူးလို့ ပြောထားတဲ့ ကလော့ပ်ရဲ့ လီဗာပူးလ်ကတော့ ဖူလ်ဟမ်ရဲ့ ဆယ်ကျော်သက် လူငယ်ကစားသမားလေးကို ခေါ်လိုက်ပါတယ်။ ၁၆နှစ် အရွယ် လူငယ် ကွင်းလယ်လူ ဟာဗီ အယ်လီယော့ကို ခေါ်ခဲ့တာပါ။ ဟာဗီဟာ ပရီးမီးယားလိဂ် ကစားဖူးတဲ့ အသက်အငယ်ဆုံး ကစားသမား အဖြစ်မှတ်တမ်း ဝင်ထားသူဖြစ်ပါတယ်။ လီဗာပူးလ်ဟာ သူ့မတိုင်မီ ၁၇နှစ် အရွယ် နောက်ခံလူ တစ်ဦးကိုလည်း ခေါ်ထားပါတယ်။

စပါး

စပါးအသင်းကတော့ ကလပ်စံချိန်တင်ကြေးနဲ့ လီယွန်က အန်ဒွန်ဘီလီကို ခေါ်ထားသလို ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒီဘာလာနဲ့ ဘက်တစ်က လိုဆယ်ဆိုတို့ကို ကြိုးပမ်းနေပါတယ်။ ပေါင် ၈၀သန်းနဲ့ ဒီဘာလာကို ပြီးခဲ့တဲ့ ရက်ပိုင်း ကမ်းလှမ်းခဲ့သလို လိုဆယ်ဆိုနဲ့လည်း ပေါင် သန်း၆၀နဲ့ မကြာခင် သဘောတူညီမှု ရဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption စပါး၊ မန်ယူတို့နဲ့ သတင်းထွက်နေပမယ့် ဂျူဗင်တပ်စ်မှာ ဆက်ရှိမယ်လို့ ပြောလိုက်တဲ့ ဒီဘာလား။

ဂျူဗင်တပ်စ်

စီးရီးအေကတော့ ပရီးမီးယားလိဂ် အပြောင်းအရွှေ့တွေပိတ်ပြီး ၁၀ရက် အကြာမှ ပိတ်မှာ ဖြစ်လို့ ကစားသမားခေါ်ဖို့ အခွင့်အရေး ပိုရှိနေပါတယ်။ ဂျူဗင်တပ်စ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက လူကာကူကို ခေါ်ဖို့ တိုက်စစ်မှူး ဒီဘာလားနဲ့ အလိုက်ပေး ကမ်းလှမ်းခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပေမယ့် ဒီဘာလားက ဆာရီရဲ့ အသင်းမှာ ပုံမှန်နေရာရဖို့ တိုက်ပွဲဝင်ပြီး အသင်းမှာ ဆက်ရှိမယ်လို့ ဆိုပါတယ်။ နောက်ဆုံး သတင်းတွေအရ ဂျူဗင်တပ်စ်ဟာ ဒေါက်ကလပ် ကော့စတာနဲ့ ငွေသား ပေးပြီး လူကာကူကို ကမ်းလှမ်းထားပါတယ်။

အင်တာမီလန်

အင်တာမီလန်ကတော့ လူကာကူကို အလိုရှိနေပမယ့် ယူနိုက်တက် တောင်ဆိုးထားတဲ့ ဈေးနှုန်းကို မပေးနိုင်လို့ ခေါ်ယူဖို့ အခက်တွေ့နေတာပါ။ အီတလီ မီဒီယာတွေမှာ ဖော်ပြချက်အရ အင်တာ လူကာကူကို မရခဲ့ပါက ရိုးမား တိုက်စစ်မှူး အက်ဒင် ဂျက်ကိုကို ခေါ်ယူဖို့ ပစ်မှတ်ထားလာပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ်စူပါလိဂ်ကို ပြောင်းလုနီးပါ ဖြစ်ပြီးမှ ရီးယဲယ်က ဘေးလ်ရဲ့ အပြောင်းအရွှေ့ကို ပိတ်ပင်ခဲ့။

ရီးယဲယ်မက်ဒရစ်

တရုတ် စူပါလိဂ်ကို တစ်ပတ် ပေါင် ၁သန်းနဲ့ ပြောင်းဖို့ သဘောတူထားတဲ့ ဂါရတ်ဘေးလ်ရဲ့ အပြောင်းအရွှေ့ကို ရီးယဲယ်က ပိတ်ပင်ခဲ့ပြီး ပယ်ဖျက်လိုက်ပါတယ်။ ဇီဒန်းက သူ့ကို ထွက်စေချင်ပေမယ့် ၂၀၁၃ခုနှစ်တုန်းက ပေါင် ၈၅သန်းနဲ့ ခေါ်ခဲ့တဲ့ ဘေးလ်အတွက် ပြောင်းရွှေ့ကြေးကို တရုတ်ကလပ်နဲ့ အဆင်မပြေဖြစ်လို့ ပျက်ခဲ့တာပါ။ ရီးယဲယ်ဟာ စက်တင်ဘာ ၂ရက်နေ့ အပြောင်းအရွှေ့မပိတ်ခင် ယူနိုက်တက်ရဲ့ ပေါ့ပ်ဘာကို ပေါင် ၁၅၀သန်းနဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပီအက်စ်ဂျီမှာ ဆက်ကစားလိုခြင်းမရှိတော့တဲ့ နေမာကို ဘာစီလိုနာက အလိုရှိနေ

ဘာစီလိုနာ

နေမာကို ပြန်ခေါ်ဖို့ ကြိုးစားနေတဲ့ ဘာစီလိုနာကလည်း ကစားသမားတွေ အရင် ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ ကော်တင်ညိုဟာ နေမာရဲ့ အပြောင်းအရွှေ့မှာ အဓိက ဖြစ်လာဖို့ ရှိပေမယ့် ပီအက်စ်ဂျီကတော့ ပေါင်သန်း ၂၀ဝသာ အလိုရှိနေတာပါ။ ဘာစီလိုနာဟာ မက်ဆီကိုလည်း သက်တမ်းတိုးဖို့ လုပ်နေသလို ဈေးကွက်မပိတ်ခင် ထိပ်တန်း အပြောင်းအရွှေ့တစ်ခုလုပ်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ ဘာစီလိုနာ ကစားသမားဟောင်း အဲဗတ်စ်ကတော့ ပီအက်စ်ဂျီကနေ ထွက်လာပြီး အသင်းလက်မဲ့ ဖြစ်ပေမယ့် တကယ်လို့ သူ့အသင်းဟောင်းက နေမာကို ပြန်ခေါ်ခဲ့ပါက ကတ်တလန် ကလပ်ကို ပြန်လာမယ်လို့ ဆိုပါတယ်။

အက်သလက်တီကို

ကစားသမားတွေ အများကြီး ရောင်းထားသလို လူတွေပြန်အားဖြည့်ထားတဲ့ အက်သလက်တီကိုကတော့ ရီးယဲယ်ရဲ့ ဟားမက်စ် ရိုဒရီဂွက်ဇ်ကို ရဖို့ နီးစပ်နေပါတယ်။ ရီးယဲယ်က ယူရို ၄၀သန်း သတ်မှတ်ထားတဲ့ ကိုလံဘီယာ ကစားသမား အတွက် နှစ်ဖက် အသင်းအကြား သဘောတူညီမှု ရလုနီးပါ ဖြစ်နေပါပြီ။

ဆက်စပ် အကြောင်းအရာများ