ပရီးမီးယားလိဂ်ဟာ စျေးကွက်မပိတ်ခင် ပေါင် ၁.၁၃ ဘီလျံကျော် သုံးထား

ဓာတ်ပုံ မူပိုင် AFP
Image caption မန်ယူဟာ ဟယ်ရီ မဂွယ်ရားကို နောက်ခံလူတွေထဲ စံချိန်တင်ကြေးဖြစ်တဲ့ ပေါင်သန်း ၈ဝ ခေါ်ယူထား

နွေရာသီ ကစားသမား အပြောင်းအရွှေ့ရဲ့ ပရီးမီးယားလိဂ် စျေးကွက်ကတော့ လာမယ့် ကြာသပတေးနေ့မှာ ပိတ်မှာပါ။ တစ်နှစ်တာ အတွင်း နွေရာသီနဲ့ ဆောင်းရာသီ အပြောင်း အရွှေ့စျေးကွက်ဆိုပြီး ၂ကြိမ်ရှိပြီး နွေရာသီမှာ အသင်းတွေက ကစားသမားတွေကို အများဆုံး အားဖြည့်ကြတာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် အပြောင်းအရွှေ့စျေးကွက်ရဲ့ နွေရာသီကို ဇွန်လကနေ သြဂုတ်လ အထိ ၃လ သတ်မှတ်ထားပေမယ့် ပရီးမီးယားလိဂ်ကတော့ ရာသီမတိုင်မီ အပြောင်း အရွှေ့စျေးကွက်ကို ပိတ်ဖို့ ကလပ်အသင်းတွေ သဘောတူညီခဲ့ကြလို့ ပုံမှန်ထက် စောပြီး ပိတ်မှာပါ။ ပရီးမီးယားလိဂ် စျေးကွက်ကို မေလ ၁၇ ရက်နေ့ကတည်းက စတင်ဖွင့်လှစ်တာ ဖြစ်ပြီး လာမယ့် သြဂုတ် ၈ရက်နေ့မှာ ပိတ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ဟာ တစ်ပတ်တောင် မကျန်တော့တဲ့ အချိန်မှာ ကစားသမားတွေကို အမြန် ခေါ်ယူနေကြတာပါ။

အင်္ဂလန် ပရီးမီးယားလိဂ် အသင်းတွေကိုကြည့်ရင် မန်ချက်စတာယူနိုက်တက်က လက်စတာရဲ့ ဟယ်ရီ မဂွယ်ရားကို နောက်ခံလူတွေထဲ စံချိန်တင်ကြေးဖြစ်တဲ့ ပေါင်သန်း ၈ဝနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပါတယ်။ တစ်ခါ အာဆင်နယ်ကလည်း ကလပ် စံချိန်တင်ကြေး ပေါင် ၇၂နဲ့ နီကိုလပ်စ် ပက်ပေကို ခေါ်ခဲ့သလို မန်စီးတီး ၊ စပါးတို့လည်း ကလပ်စံချိန်တင်ကြေးတွေနဲ့ နွေရာသီ စျေးကွက်မှာ ကစားသမားတွေကို ခေါ်ခဲ့ကြတာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption အာဆင်နယ်ကလည်း ကလပ်စံချိန်တင်းကြေး ပေါင် ၇၂သန်းနဲ့ ပက်ပေကို ခေါ်ယူထား

ပရီးမီးယားလိဂ် ကလပ်တွေထဲ အများဆုံး သုံးထားတာက မန်ချက်စတာယူနိုက် တက်ဖြစ်ပြီး ပေါင် ၁၄၄.၈သန်းအထိ သုံးထားတာပါ။ ဟယ်ရီ မဂွယ်ရား၊ ဒန်နီ ဂျိမ်းစ်နဲ့ ဝမ်ဘစ်ဆာကာတို့ကို ခေါ်ထားသလို နောက်ထပ်လည်း ထပ်သုံးဖို့ ရှိနေတာပါ။ ယူနိုက်တက်ရဲ့ နောက်မှာတော့ တန်းတက် ဗီလာ အများဆုံး သုံးထားပြီး ကစားသမား ၁၂ဦးကို ပေါင် ၁၃၃သန်းကျော် သုံးထားပါတယ်။ အာဆင်နယ်ကလည်း ကလပ် စံချိန်တင် ခေါ်ထားတဲ့ ပက်ပေ အပါအဝင် ပေါင်သန်း ၁၀၀ သုံးထားပါတယ်။ ပရီးမီးယားလိဂ် ကလပ်တွေထဲ ခရစ္စတယ်ပဲလေ့စ် တစ်သင်းထဲ အနည်းဆုံးဖြစ်ပြီး ကစားသမား ၂ယောက်ကို ပေါင် ၂.၅၂သန်းသာ သုံးထားတာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption ဂျူဗင်တပ်စ်ဟာ ဒီလစ်ကို ပေါင် ၆၇သန်းကျော်နဲ့ ခေါ်ယူတား

ပရီးမီးယားလိဂ် ပြီးရင် အီတလီက သြဂုတ်က ၁၉ရက်နေ့မှာ စျေးကွက် ပိတ်မှာဖြစ်ပြီး ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ အေစီမီလန်၊ ရိုးမား၊ နာပိုလီတို့လို အသင်းကြီးတွေ စျေးကွက်အတွင်း အလုပ်ရှုပ်နေကြပါတယ် ဂျူဗင်တပ်စ်ဟာ ရမ်ဆေးလ်၊ ရာဘီယို့စ်တို့ကို အလွတ်နဲ့ ခေါ်ထားသလို အားယက်စ်နောက်ခံလူ ဒီလစ်ကိုလည်း ပေါင် ၆၇.၈သန်းနဲ့ ခေါ်ထားပါတယ်။ ဂျူဗင်တပ်စ်ဟာ စုစုပေါင်း ပေါင် ၁၃၆သန်းကျော်သုံးထားပြီး အေစီမီလန်နဲ့ ရိုးမားတို့က ပေါင် ၈၈သန်းကျော်စီ၊ နာပိုလီက ပေါင် ၈၁သန်း၊ အင်တာက ပေါင် ၇၆သန်းနဲ့ လာဇီယိုက ပေါင် ၃၃သန်းကျော် သုံးထားကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ရီးယဲယ်ရဲ့ အဓိက ကစားသမား ဖြစ်လာမယ့် ဟာဇက်

လာလီဂါမှာတော့ စံချိန်တင် ကြေးတွေနဲ့ အပြောင်းအလဲတွေ အများကြီး ဖြစ်ထားပြီး ထိပ်တန်း ကစားသမားတွေ များစွာ ရောက်လာကြပါတယ်။ ချယ်လ်ဆီးရဲ့ ဟာဇက်အပါအဝင်၊ ပြင်သစ်၊ ဂျာမနီနဲ့ ထိပ်တန်းလိဂ်တွေက ကစားသမားတွေ အများစု လာလီဂါမှာ အားပြိုင်ကြမှာပါ။ အက်သလက်တီကို၊ ဘာစီလိုနာနဲ့ ရီးယဲယ်တို့ ၃သင်းထဲကနေ ငွေတွေအများကြီး သုံးထားတာပါ။ ရီးယဲယ်က ပေါင်သန်း ၃ဝဝနီးပါး သုံးထားပြီး အက်သလက်တီကိုက ပေါင် ၂၂၄သန်း၊ ဘာစီလိုနာက ပေါင် ၂၁၉သန်း သုံးထားကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption လာလီဂါ ကလပ်တွေဟာ စံချိန်တင် ပေါင် ၁.၁၆၃ ဘီလျံအထိ သုံးထား

ဘွန်ဒက်စ်လီဂါမှာတော့ ချန်ပီယံဆုအတွက် အပြိုင်ဖြစ်ကြမယ့် ဘိုင်ယန်နဲ့ ဒေါ့မန်တို့ ပေါင်သန်း ၁ဝဝကျော်စီ သုံးထားကြပါတယ်။ ဘိုင်ယန်က ပေါင် ၁၀၆သန်း ကျော်သုံးထားပြီး ဒေါ့မန်ကတော့ ၁၁၄သန်းအထိ သုံးထားတာပါ။ လိုက်ပ်ဇက်၊ လေဗာကူဆင်၊ မိုချန် ဂါလာဘတ်တို့လည်း ၃သင်းကို ပေါင်သန်း ၁ဝဝကျော် သုံးထားကြပါတယ်။

ပြင်သစ်မှာတော့ ပီအက်စ်ဂျီက လူအများဆုံး ဝယ်ထားပြီး ကစားသမားပေါင်း ၇ ယောက်ကို ပေါင် ၇၂သန်းအထိ သုံးထားပါတယ်။ လီယွန်က ပေါင် ၅၆သန်း၊ လိုင်လီက ပေါင် ၄၄သန်း၊ မိုနာကိုက ပေါင် ၃၉သန်းစီး သုံးထားကြပါတယ်။

ဆက်စပ် အကြောင်းအရာများ