နေမာ၊ အဲရစ်ဆင်၊ ဆန်းချက်ဇ်တို့ စျေးကွက်မပိတ်မီ အသင်းပြောင်းမလား

ဓာတ်ပုံ မူပိုင် AFP
Image caption ပီအက်စ်ဂျီရဲ့ ရာသီအဖွင့်ပွဲတွေ အားလုံးကို လွဲချော်ခဲ့သလို အသင်းက ထွက်ခွာဖွယ်ရှိနေတဲ့ နေမာ

ဥရောပ အပြောင်းအရွှေ့စျေးကွက် ပိတ်ဖို့ ရက်သိပ်မကျန်တော့တဲ့ အချိန် နာမည်ကျော် ကစားသမားတွေရဲ့ အပြောင်းအရွှေ့တွေလည်း ဖြစ်လာနိုင်ဖို့ ရှိနေဆဲပါ။ ပရီးမီးယားလိဂ်က ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့ကတည်းက ပိတ်ခဲ့ပေမယ့် ဥရောပ လိဂ်တွေကတော့ စက်တင်ဘာ ၂ရက်နေ့မှ ပိတ်မှာပါ။ ဆိုတော့ စျေးကွက်ပိတ်ပြီးသား ပရီးမီးယားလိဂ်က ကစားသမားတွေအပြင် နွေရာသီမှာ အသင်းပြောင်းနိုင်ဖွယ်ရှိတဲ့ ထိပ်တန်း ကစားသမား အချို့ ဘယ်ကိုပြောင်းမလဲ၊ ဘယ်အသင်းတွေက စိတ်၀င်စားနေကြလဲ လေ့လာကြည့်ရအောင်ပါ။

နေမာ (ပီအက်စ်ဂျီ) - ဘာစီလိုနာ၊ ရီးယဲယ်၊ ဂျူဗင်တပ်စ်

ဥရောပ အပြောင်းအရွှေ့စျေးကွက်မှာ လူစိတ်ဝင်စားမှု အများဆုံး ကစားသမားဖြစ်ပြီး ပီအက်စ်ဂျီကနေ ထွက်ဖို့ ကြိုးစားနေသူပါ။ ထိပ်တန်းအဆင့်ရှိတဲ့ ကစားသမား တစ်ဦးဖြစ်ပေမယ့် ပြင်သစ်မှာ မပျော်တော့တဲ့ သူ့ကို လာလီဂါထိပ်သီး ရီးယဲယ်နဲ့ ဘာစီလိုနာတို့အပြင် စီးရီးအေက ဂျူဗင်တပ်စ်ကလည်း စိတ်ဝင်စားနေတာပါ။ နေမာဟာ ၂၀၁၇ ခုနှစ်တုန်းက ဘာစီလိုနာကနေ ယူရို ၂၂၂သန်းနဲ့ ပီအက်စ်ဂျီ ကိုပြောင်းခဲ့သူဖြစ်ပြီး အသင်းဟောင်းကို ပြန်ချင်နေသူပါ။ ပီအက်စ်ဂျီကတော့ နေမာကို စိတ်ဝင်စားနေတဲ့ အဲ့ဒီ ၃သင်းစလုံးကို လာမယ့် သြဂုတ်လ ၃၁ ရက်နေ့မှာ နောက်ဆုံး ခေါ်ယူရမယ်လို့ အသိပေးထားပါတယ်။

စပိန်ထိပ်သီး နှစ်သင်းစလုံးကတော့ နေမာအတွက် ကစားသမားနဲ့ ငွေကြေး အလိုက်ပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် ပီအက်စ်ဂျီဖက်ကတော့ ငွေသားချည်း အလိုရှိနေတာပါ။ အားကစား ဒါရိုက်တာ လီယိုနာဒို ကိုယ်တိုင် သူ့ကို ဝယ်ခဲ့တုန်းက ပေးခဲ့ရတဲ့ ယူရို ၂၂၂သန်း ရခဲ့ပါက ထုတ်မယ်လို့ ဆိုပါတယ်။ ပြင်သစ် သတင်းစာတွေ ဖော်ပြချက်အရ ပီအက်စ်ဂျီဟာ နေမာကို ဘာစီလိုနာက လွဲပြီး ကျန်တဲ့ အသင်းတွေကို ရောင်းချဖို့ အလိုရှိနေတယ်လို့ ဆိုပါတယ်။ ရီးယဲယ်ကလည်း ဒီကနေ့ပဲ အသင်းတာဝန်ရှိသူတွေကို ပဲရစ်ကို စေလွှတ်ပြီး နေမာရဲ့ အပြောင်းအရွှေ့ကို ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဂျူဗင်တပ်စ်ကတော့ ဒီဘာလားနဲ့ ယူရိုသန်း ၁၀၀ အလိုက်ပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် ပီအက်စ်ဂျီက ပယ်ချခဲ့ပါတယ်။ အချိန်သိပ်မကျန်တော့တဲ့ ဒီစျေးကွက်မှာ နေမာတစ်ယောက် တကယ် အသင်းပြောင်းခွင့်ရမလား ဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေဆဲပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption စပါးနဲ့ စာချပ်သက်တမ်း ၁ နှစ်သာ ကျန်တော့ အဲရစ်ဆင်

အဲရစ်ဆင် ( စပါး) - ရီးယဲယ်၊ အက်သလက်တီကို

အဲရစ်ဆင်ဟာ စပါးနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့ပြီး အသင်းက ထွက်ခွာဖို့ ရှိနေသူပါ။ အစောပိုင်းကတည်းက အသင်းက ရောင်းချဖို့ ရီးယဲယ်ကို ကမ်းလှမ်းခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့တာပါ။ အဲရစ်ဆင်ဟာ စပါးရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်ပေမယ့် သူ့ရဲ့ မတည်ငြိမ်နဲ့ အနာဂတ်ကြောင့် ပိုချက်တီနိုကတော့ စပါးရဲ့ ပွဲစဉ်တွေမှာ အရန်အဖြစ်သာ သုံးခဲ့တာပါ။ နောက်ဆုံး ထွက်နေတဲ့ သတင်းတွေအရ စပါးဟာ အဲရစ်ဆင်ကို တစ်ပတ် ပေါင် ၂သိန်းနဲ့ စာချုပ်သစ်ကို ကမ်းလှမ်းခဲ့တာ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့သလို ဥရောပ ထိပ်တန်း ရီးယဲယ်နဲ့ အက်သလက်တီကိုက ပေါင်သန်း ၅၀ ပေးပါက ရောင်းချဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption စျေးကွက် မပိတ်မီ အင်တာမီလန် ရောက်ဖွယ်ရှိနေတဲ့ အလက်ဆစ် ဆန်းချက်ဇ်

ဆန်းချက်ဇ် ( မန်ယူ) - အင်တာမီလန်

အရန်အင်အား မတောင့်တင်းပေမယ့် ဆန်းချက်ဇ်ကို ယူနိုက်တက်က ထုတ်ဖို့ စီစဉ်နေဆဲ ဖြစ်ပါတယ်။ တစ်ပတ် ပေါင် ၅သိန်းထိ ရရှိနေတဲ့ သူ့ရဲ့ လစာက အဓိက ပြဿနာဖြစ်နေပြီး အင်တာမီလန်နဲ့ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ အင်တာမီလန်က အငှားနဲ့သာ ခေါ်ယူလိုပြီး ယူနိုက်တက်က အပြီးသတ် ရောင်းချချင်နေတာပါ။ ယူနိုက်တက်ဖက်က ကတော့ အင်တာအနေနဲ့ ဆန်းချက်ဇ်ကို အငှားခေါ်ယူရင်လည်း သူ့ရဲ့ လုပ်ခ တစ်ပတ် ပေါင် ၂သိန်းခွဲ အထိ စိုက်ပေးမယ်လို့ ကမ်းလှမ်းခဲ့သလို နှစ်ဖက်အသင်းကလည်း နောက်ဆုံးအဆင့် ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဆန်းချက်ဇ်ကို အငှားချဖို့ ရိုးမားနဲ့ သဘောတူညီခဲ့ပေမယ့် ကစားသမားက ပယ်ချခဲ့ပြီး အင်တာကို ပြောင်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အသင်းက ထွက်ခွာရဖွယ် ရှိနေတဲ့ ဒီဘာလား

ဒီဘာလား ( ဂျူဗင်တပ်စ်) - ပီအက်စ်ဂျီ

အာဂျင်တီးနား တိုက်စစ်မှူး ဒီဘာလား ဟာ နွေရာသီ တစ်လျောက်လုံး အသင်းနေ ထွက်ခွာမယ်ဆိုပြီး သတင်းထွက်ခဲ့သူဖြစ်ပြီး ယူနိုက်တက်နဲ့ စပါးကို ရောက်လုနီးပါး ဖြစ်ခဲ့တာပါ။ ဒီဘာလားဟာ ဂျူဗင်တပ်စ် ပရိသတ် အချစ်တော် ကစားသမား တစ်ဦးဖြစ်ပေမယ့် ရော်နယ်လ်ဒို ရောက်လာပြီး နောက်ပိုင်း ပုံမှန် ကစားခွင့်ပျောက်ဆုံးခဲ့သလို ခြေစွမ်းလည်း ကျသွားခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံနဲ့ ကလပ်မှာ နေရာမရ ဖြစ်နေတဲ့သူ့ကို ပီအက်စ်ဂျီက အလိုရှိနေသလို နေမာရဲ့ အပြောင်းအရွှေ့မှာ ပါဝင်လာနိုင်ဖွယ်ရှိသူပါ။ နည်းပြသစ် ဆာရီကိုယ်တိုင်ကလည်း အသင်းက မထွက်ပါက သူ့ကို ချန်ပီယံလိဂ် လူစာရင်းကနေ ချန်ထားခဲ့မယ်လို့ သတိပေးထားလို့ ဒီဘာလားရဲ့ အနေအထားကလည်း စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ