ဂျိုကိုဗစ်၊ နာဒါးလ်၊ ဖက်ဒါရာတို့ ယူအက်စ် အိုးပင်း စတုတ္ထအဆင့်တက်ရောက်

ဓာတ်ပုံ မူပိုင် AFP
Image caption ဝါဝရင်ကာဟာ ဂျိုကိုဗစ်ကို ဂရန်စလန် ဖိုင်နယ် ၂ကြိမ်မှာ အနိုင်ယူဖူးသူပါ

ယူအက်စ်အိုးပင်း ဂရန်စလန် တင်းနစ်ပြိုင်ပွဲကြီးကတော့ စတုတ္ထအဆင့်ကို ရောက်နေပါပြီ။ ဒီအဆင့်ကို အားလုံး မျှော်လင့်ထားကြတဲ့ သူတွေ တက်လာကြသလို နာမည်ကြီး တစ်ချို့ကလည်း မထင်မှတ်ဘဲ ပြိုင်ပွဲက စောစောစီးစီး ထွက်ခဲ့ရတာပါ။

အမျိုးသား တစ်ဦးချင်းဖက်ကို ကြည့်ရင် လက်ရှိ ချန်ပီယံ နိုဗတ် ဂျိုကိုဗစ်က စတုတ္ထအဆင့်မှာ ၂၀၁၆ ချန်ပီယံဟောင်း စတန်ဝါဝရင်ကာနဲ့ ဆုံတွေ့မှာပါ။ အဲ့ဒီတုန်းက ဂျိုကိုဗစ်ကို ဖိုင်နယ်မှာ အနိုင်ယူပြီး ချန်ပီယံ ဖြစ်ခဲ့တဲ့ စတန်ဝါဝရင်ကာဟာ ခက်ခဲတဲ့ ပြိုင်ဖက် တစ်ယောက် ဖြစ်ပါတယ်။ နာမည်ကြီး ရော်ဂျာဖက်ဒါရာကတော့ ဘယ်ဂျီယံက ဒေးဗစ်ဂေါ့ဖင်နဲ့ ရင်ဆိုင်ရမှာပါ။ ဖက်ဒါရာဟာ ပထမဆင့်၊ ဒုတိယ အဆင့်တွေမှာ ၄ပွဲစီ ရိုက်ခဲ့ရပြီး ပြီးခဲ့တဲ့ အဆင့်မှာတော့ ဗြိတိန်က အက်ဗန်းစ်ကို ၃ပွဲပြတ်နဲ့ နိုင်ပြီး ဒီဆင့်ကို ရောက်လာခဲ့တာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption ယူအက်စ်အိုးပင်း ချန်ပီယံဟောင်းတွေ တွေ့မယ့် ချီလစ်နဲ့ နာဒါးလ်

ဗိုလ်စွဲဖို့ အခွင့်အရေးရှိနေတဲ့ ရာဖာ နာဒါးလ်ကတော့ ယူအက်စ်အိုးပင်း ချန်ပီယံဟောင်း မာရင် ချီလစ်နဲ့ ဆုံတွေ့မှာပါ။ စတုတ္ထအဆင့်အထိ လွယ်လွယ်ကူကူ တက်လာခဲ့ပေမယ့် နာဒါးလ်အတွက် ခက်ခဲတဲ့ ပွဲကိုရင်ဆိုင်ရမှာပါ။ အမျိုးသား တစ်ဦးချင်းမှာ ဆီဒင် ၄ ရတဲ့ ဒိုမိနစ်သိမ်းက ပထမအဆင့်မှာတင် ထွက်ခဲ့ရသလို ဖိုင်နယ်ကို တက်ခဲ့ဖူးတဲ့ နီရှီကိုရီကလည်း တတိယအဆင့်ကနေ ထွက်ခဲ့ရပါတယ်။ လက်စွမ်းကောင်းနေတဲ့ ဆီဒင် ၅ ရ ရုရှားက မာဗီဒတ်ဗ်ကတော့ ဂျာမနီက ကော့ပါနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဆီဒင် ၆ ရ ဗယ်လ်ရာက အာဂျင်တီးနား တင်းနစ်သမားနဲ့ ဆုံတွေ့မှာပါ။

အမျိုးသမီးဖက်မှာတော့ မထင်မှတ်တာတွေ ပိုပြီး ဖြစ်ခဲ့ပါတယ်။ ဆီဒင် ၁ ရတဲ့ လက်ရှိ ချန်ပီယံ ဂျပန်က နာအိုမီ အိုဆာကာက တတိယအဆင့်မှာ အမေရိကန် ဆယ်ကျော်သက် ကော်ရီဂေါ့ဖ်ကို ၂ပွဲပြတ်နဲ့ နိုင်ခဲ့ပြီး စတုတ္ထအဆင့်ကို တက်ရောက်လာခဲ့ပါတယ်။ အိုဆာကဟာ ဒီအဆင့်မှာ ဆီဒင် ၁၃ရတဲ့ ဆွစ်ဇာလန်သူနဲ့ ရင်ဆိုင်ရမှာပါ။

ဝင်ဘယ်ဒန် အိုးပင်းချန်ပီယံ ဆီမိုနာ ဟာ့လပ်ကတော့ ဒုတိယအဆင့်မှာ လက်ရည်စစ်ပွဲကနေ အောင်လာခဲ့တဲ့ အမေရိကန်တင်းနစ်မယ် တေလာတောင်းဆန်ကို ရှုံးခဲ့ပါတယ်။ ဆီဒင် ၆ရတဲ့ ခီဗီတိုဗာလည်း ဒုတိယအဆင့်မှာပဲ ထွက်ခဲ့ရသလို၊ ဗီးနပ်စ်ဝီလျံ၊ ခါဘာ၊ စတီဗင်နဲ့ ဝါ့ဇနီယားစကီးတို့လည်း ထွက်ခဲ့ရပါတယ်။ ချန်ပီယံဟောင်း ရှာရာပိုဗာကလည်း ပထမအဆင့်ကတည်းက ဆရီနာ ဝီလျံကို ၂ပွဲပြတ်နဲ့ ရှုံးခဲ့ပါတယ်။ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ဆရီနာ ဝီလျံက ရှာရာပိုဗာကို လွယ်လွယ် နိုင်ခဲ့ပေမယ့် ဒုတိယနဲ့ တတိယအဆင့်တွေမှာတော့ ခက်ခက်ခဲခဲ ရိုက်ခဲ့ရပါတယ်။ ပြင်သစ်အိုးပင်း ချန်ပီယံ ဘာတီကတော့ စတုတ္ထအဆင့်မှာ တရုတ် တင်းနစ်မယ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး တကယ်လို့ တက်လာခဲ့ရင် ဆရီနာ ဝီလျံနဲ့ ကွာတားမှာ ရင်ဆိုင်ရဖို့ ရှိပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၀၈ နောက်ပိုင်း ချန်ပီယံဖြစ်ဖို့ ပစ်မှတ်ထားနေတဲ့ ဖက်ဒါရာ

ဘယ်သူ ချန်ပီယံဖြစ်မလဲ

ပွဲစဉ် ရေးဆွဲထားတဲ့ လမ်းကြောင်းအရ အမျိုးသားဖက်မှာ နိုဗတ်ဂျိုကိုဗစ်နဲ့ ရာဖာ နာဒါးလ်တို့နဲ့ ဖိုင်နယ်မှာ တွေ့ရဖွယ်ရှိနေပါတယ်။ ဂျိုကိုဗစ်ဟာ စတုတ္ထအဆင့်မှာ စတန် ဝါဝရင်ကာ နဲ့ ဆုံတွေ့မှာဖြစ်ပြီး ကွာတားဖိုင်နယ် ရုရှားက မာဗီဒတ်ဗ်၊ ဆီမီးမှာ ဖက်ဒါရာတို့နဲ့ ဆုံတွေ့မှာဖြစ်လို့ သူ့ရဲ့ ဖိုင်နယ်သွားရမယ့် လမ်းကြောင်းက ခက်ခဲတဲ့ အနေအထားပါ။ နာဒါးလ်ကတော့ စတုတ္ထအဆင့်မှာ ချန်ပီယံဟောင်း မာရင်ချီလစ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပေမယ့် ဖိုင်နယ်အထိ တက်မယ့် လမ်းကြောင်းက ဂျိုကိုဗစ်ထက် လွယ်ကူတာကို တွေ့ရပါတယ်။ အမျိုးသမီးဖက်မှာတော့ ဆရီနာဝီလျံက ရေပန်းအစားဆုံး ဖြစ်သလို မနှစ်က ချန်ပီယံ နာအိုမီ အိုဆာကာနဲ့ ဖိုင်နယ်မှာ ပြန်ဆုံတွေ့ဖို့ ရှိပါတယ်။

စတုတ္ထအဆင့် အမျိုးသား တစ်ဦးချင်းပွဲများ

ဂျိုကိုဗစ် ( ၁) - ဝါ၀ရင်ကာ ( ၂၃)

ဖက်ဒါရာ (၃) - ဂေါ့ဖင် (၁၅)

ဒီမီထရော့ဗ် - အဲလက်စ်

ဗယ်လ်ရာ ( ၆) - ရှက်ဝါဇမန် ( ၂၀)

မာရင်ချီလစ် ( ၂၂) - နာဒါးလ် ( ၂)

စတုတ္ထအဆင့် အမျိုးသမီး တစ်ဦးချင်းပွဲများ

အိုဆာက(၁) - ဘလင်ဒါ (၁၃)

ကွန်တာ ( ၁၆) - ပလစ်ကိုဗာ ( ၃)

အလီနာ ဆဗီတိုလီနာ ( ၅) - မေဒီဆန်ကီးလ်စ် ( ၁၀)

ဆရီနာဝီလျံ ( ၈) - မာတစ် ( ၂၂)

ဝမ် ( ၁၈) - ဘာတီ ( ၂)

ဓာတ်ပုံ မူပိုင် AFP
Image caption ဖိုနယ်မှာ ပြန်တွေ့နိုင်တဲ့ ဆရီနာဝီလျံနဲ့ နာအိုမီ အိုဆာကာ

နောက်ဆုံး ၁ဝနှစ် အမျိုးသား တစ်ဦးချင်း ချန်ပီယံများ

၂၀၀၉) ဒယ်ပေါ်ထရို ( အာဂျင်တီးနား)

၂၀၁၀) နာဒါးလ် ( စပိန်)

၂၀၁၁) ဂျိုကိုဗစ် ( ဆားဘီးယား)

၂၀၁၂) မာရေးလ် ( ဗြိတိန်)

၂၀၁၃) နာဒါးလ် ( စပိန်)

၂၀၁၄) ချီလစ် ( ခရိုအေးရှား)

၂၀၁၅) ဂျိုကိုဗစ် ( ဆားဘီးယား)

၂၀၁၆) ဝါဝရင်ကာ ( ဆွစ်ဇာလန်)

၂၀၁၇) နာဒါးလ် ( စပိန်)

၂၀၁၈) ဂျိုကိုဗစ် ( ဆားဘီးယား)

နောက်ဆုံး ၁ဝနှစ် အမျိုးသမီး တစ်ဦးချင်း ချန်ပီယံများ

၂၀၀၉) ကလိုက်စတားစ် ( ဘယ်ဂျီယံ)

၂၀၁၀) ကလိုက်စတားစ် ( ဘယ်ဂျီယံ)

၂၀၁၁) စတိုဆာ ( သြစတြေးလျ)

၂၀၁၂) ဆရီနာဝီလျံ ( အမေရိကန်)

၂၀၁၃) ဆရီနာဝီလျံ ( အမေရိကန်)

၂၀၁၄) ဆရီနာဝီလျံ ( အမေရိကန်)

၂၀၁၅) ပန်နက်တာ ( အီတလီ)

၂၀၁၆) ခါဘာ ( ဂျာမနီ)

၂၀၁၇) စတီဗင် ( အမေရိကန်)

၂၀၁၈) အိုဆာကာ ( ဂျပန်)

ဆက်စပ် အကြောင်းအရာများ