ဒီနှစ်က ယာဂမ် ကလော့ပ်နဲ့ လီဗာပူးလ်ရဲ့ နှစ်ဖြစ်ပြီလား

ဓာတ်ပုံ မူပိုင် AFP
Image caption ပရီးမီးယားလိဂ် ၁၇ ပွဲဆက်တိုက် နိုင်ပွဲစံချိန် ရထားတဲ့ လီဗာပူးလ်

ပရီးမီးယားလိဂ်လို့ အမည်ပြောင်းလိုက်ပြီး နောက်ပိုင်း အမှတ်ပေး ချန်ပီယံဆုကို မရတော့တဲ့ လီဗာပူးလ် ပရိသတ်တွေအတွက် အောင်ပွဲခံဖို့ အချိန်ကြာ စောင့်လာခဲ့တာ နှစ်ပေါင်း ၂၉နှစ် ကျော်အထိ ရှိလာခဲ့ပါပြီ။ ဘရန်ဒန် ဂျော်ဂျာ လက်ထက်မှာ တစ်ကြိမ်၊ မနှစ်က တစ်ကြိမ် ချန်ပီယံဖြစ်ဖို့ အနီးစပ်ဆုံး ရောက်ခဲ့ပြီးမှ လွဲချော်ခဲ့တာ လီဗာပူးလ် ပရိသတ်တွေ ရင်ထဲ အခုချိန်အထိ ခံစားနေရဆဲပါ။ အင်္ဂလန် ဘောလုံးသမိုင်း တစ်လျောက် အမှတ်ပေး ချန်ပီယံဆုကို ၁၈ကြိမ် အထိရခဲ့ပေမယ့် ပရီးမီးယားလိဂ်ဆိုတဲ့ အမည်နဲ့ မရသေးတဲ့ အမှတ်ပေး လိဂ်ဖလားဟာ သူတို့အတွက် အလိုချင်ဆုံး ဆုဖလားဆိုတာ အားလုံး သိရကြမှာပါ။

အနီးစပ်ဆုံးဖြစ်ခဲ့

မနှစ်က ကလပ်စံချိန်တင် ရမှတ် ၉၇မှတ်အထိ ရခဲ့ပြီးမှ မန်စီးတီးရဲ့ နောက် ဒုတိယပဲ ရခဲ့တဲ့ ယာဂမ်ကလော့ပ်ရဲ့ လီဗာပူးလအသင်းဟာ အရင် ချန်ပီယံဖြစ်ဖူးတဲ့ အသင်းတွေထက်ကိုပင် ရမှတ် ပိုများခဲ့တာပါ။ ရာသီကုန်ခါနီးမှာ မန်စီးတီးရဲ့ ဆက်တိုက် နိုင်ပွဲတွေက လီဗာပူးလ်ကို ချန်ပီယံဆုနဲ့ ဝေးစေခဲ့တာ ဖြစ်ပေမယ့် ကလော့ပ်နဲ့ လီဗာပူးလ် အတွက် အကောင်းဆုံး ရာသီတစ်ခုကို ဖြတ်သန်းနိုင်ခဲ့တာပါ။ တစ်ရာသီလုံး ၃၈ပွဲမှာ မန်စီးတီး တစ်သင်းထဲကိုပဲ ရှုံးခဲ့တာက လက်ခံလို့ရခဲ့ပေမယ့် ဒုတိယရခဲ့တဲ့ နာကျင်မှုမျိုး ကတော့ အခုထိ ခံစားနေရဆဲ ဖြစ်ပါတယ်။

ကလော့ပ် နဲ့ အသင်းသစ်

ဂျာမန်လူမျိုးနည်းပြ ယာဂမ် ကလော့ပ် ကိုင်တွယ်ပြီးနောက်ပိုင်း တစ်ဖြည်းဖြည်းနဲ့ အသားကျလာပြီ ဖြစ်တဲ့ လီဗာပူးလ်ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဆင့်ကို ၂နှစ်ဆက် တက်ရောက်နိုင်ခဲ့သလို ဥရောပ ချန်ပီယံ ဆုဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့တဲ့အထိ အောင်ပွဲရခဲ့တာပါ။ အကောင်းဆုံး တိုက်စစ်ပိုင်းကို ပိုင်ဆိုင်ထားသလို၊ ဂိုးရဖို့ ဖန်တီးပေးနိုင်တဲ့ ခံစစ်လူတွေကြောင့်လည်း လီဗာပူးလ် အောင်မြင်မှု ရနေတာပါ။ ၄-၃-၃ ပုံစံနဲ့ အမြဲသွားတဲ့ လီဗာပူးလ်ဟာ ပွဲတိုင်းကို လူစုံနဲ့ အားပြည့်ကစားသလို ပွဲကျပ် ကာလတွေ မရောက်ခင် ရမှတ်တွေကို အပြည့်ယူနေတာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption အမှတ်ပေး ချန်ပီယံဆုကို ၁၉၈၉-၉၀ ခုနှစ်မှာ နောက်ဆုံးရခဲ့ပြီး ၂၉နှစ်ကျော်ကြာ စောင့်ခဲ့ရတဲ့ အိပ်မက်တွေကို အကောင်ထည်ဖော်နိုင်မလား

ဆက်တိုက် နိုင်ပွဲစံချိန်

လီဗာပူးလ်ဟာ မနှစ်က မတ်လကနေ လက်ရှိ အချိန်အထိ ပရီးမီးယားလိဂ် ပွဲတွေကို ဆက်တိုက် အနိုင်ရထားပါတယ်။ မတ်လ ၃ရက်နေ့ အဲဗာတန်နဲ့ မာဆေးဆိုဒ် ဒါဘီပွဲကို အဝေးကွင်း သွားကန်ပြီး ဂိုးမရှိ သရေကျခဲ့တဲ့ နောက်ပိုင်း ယာဂမ် ကလော့ပ်ရဲ့ လီဗာပူးလ်ဟာ ပရီးမီးယားလိဂ်ပွဲတွေကို အားလုံးနိုင်ခဲ့တာပါ။ အန်ဖီးလ်မှာ ကန်ခဲ့တဲ့ ဘန်လေနဲ့ပွဲမှာ ၄-၂ဂိုးနဲ့ နိုင်ခဲ့တဲ့ ပွဲကစပြီး လီဗာပူးလ်ဟာ မနှစ်က ရာသီမှာ ၉ပွဲနဲ့ ဒီနှစ်ရာသီမှာ ၈ပွဲ၊ စုစုပေါင်း ၁ရပွဲအထိ အနိုင်ရထားတာ ဖြစ်ပါတယ်။ အဲ့ဒီ နိုင်ပွဲ ဆက်စံချိန်တွေထဲမှာ လန်ဒန် ကလပ်တွေဖြစ်တဲ့ ချယ်လ်ဆီးကို ၂ပွဲ၊ အာဆင်နယ်နဲ့ စပါးတို့ကို တစ်ပွဲစီ နိုင်ခဲ့တာ ဖြစ်ပါတယ်။

၈မှတ်က လုံလောက်ပြီလား

ဒီနှစ်ရာသီအစမှာ မထင်မှတ်ဘဲ ပတ်ဂွါဒီယိုလာရဲ့ လက်ရှိ ချန်ပီယံ မန်စီးတီး အမှတ်လျော့နေတာ လီဗာပူးလ်အတွက် ချန်ပီယံဖြစ်ဖို့ ယုံကြည်မှု ပိုရစေတာပါ။ မနှစ်က ရာသီပိတ်မှာ အံ့မခန်း ၁၄ပွဲ ဆက်တိုက် အနိုင်ရတဲ့ မန်စီးတီးကြောင့် ၉ရမှတ် အထိရခဲ့ပေမယ့် ချန်ပီယံဖြစ်ဖို့ မလုံလောက်ခဲ့တဲ့ လီဗာပူးလ်ရဲ့ အိပ်မက်တွေ ဒီနှစ်မှာ အသက်ဝင်လာဖို့ ရှိပါတယ်။ ဒါကတော့ ရာသီအစ ၈ပွဲ စလုံးကို နိုင်ခဲ့တဲ့ အချိန် ပတ်ဂွါဒီယိုလာရဲ့ မန်စီးတီးက ၂ပွဲရှုံး၊ ၁ပွဲ သရေကျပြီး ၈မှတ် ဖြတ်ထားနိုင်တယ်ဆိုတဲ့ အချက်ပါ။ ပရီးမီးယားလိဂ်မှာ ပွဲစဉ် ၃၈ ပွဲအထိ ကန်ရမှာဖြစ်လို့ ပြောဖို့ စောသေးပေမယ့် လီဗာပူးလ်မှာ တည်ငြိမ်တဲ့ ကစားကွက်၊ ပွဲအဖြေပြောင်းလဲနိုင်တဲ့ ကစားသမား အင်အား၊ အကောင်းဆုံး ဂိုးသမားနဲ့ ခံစစ်မှူးတွေ ရှိနေတာက ၈မှတ် ဆိုတာ လုံလောက်ပြီလို့ ဘောလုံးသမားဟောင်းတွေကတော့ ဆိုပါတယ်။ လီဗာပူးလ်ဟာ ၂၀၁ရခုနှစ်က မန်စီးတီး တင်ထားတဲ့ ၁၈ပွဲဆက်တိုက် နိုင်ပွဲ ဆက်စံချိန်ကို မီဖို့ ၁ပွဲလိုနေပြီး လာမယ့် ပွဲစဉ်မှာ ခါးသီးဆုံး ပြိုင်ဖက် မန်ချက်စတာယူနိုက်တက်ကို အဝေးကွင်း သွားကန်ရမှာပါ။ အဲ့ဒီပွဲကို ကျော်ဖြတ်နိုင်ရင် ယာဂမ်ကလော့ပ်ရဲ့ လီဗာပူးလ်ဟာ စံချိန်သစ်ရမှာ ဖြစ်သလို ယုံကြည်မှုပိုင်းလည်း ပိုပြီး တက်လာမှာ သေချာပါတယ်။

၂၉နှစ်ကြာ အိပ်မက်

အမှတ်ပေး ချန်ပီယံဆုကို ၁၉၈၉-၉၀ ခုနှစ်မှာ နောက်ဆုံးရခဲ့ပြီး ၂၉နှစ်ကျော်ကြာ စောင့်ခဲ့ရတဲ့ အိပ်မက်တွေကို လက်တွေ့ အကောင်ထည်နိုင်ဖို့ ခြေလှမ်း တစ်လှမ်း နီးစပ်လာတယ်လို့ ဆိုရမှာပါ။ အထူးသဖြင့် ချန်ပီယံတို့မှာ ရှိသင့်တဲ့ အချက်တွေ အားလုံးကို လီဗာပူးလ် ပိုင်ဆိုင်ထားသလို ကံတရားကလည်း သူတို့ဖက်မှာ ရှိနေတာ တွေက ယာဂမ် ကလော့ပ်နဲ့ လီဗာပူးလ်အတွက် ခြေမှန်မှန်နဲ့ ခရီးဆက်နေနိုင် တာပါ။ ပရီးမီးယားလိဂ်ဆိုတဲ့ အမည်နဲ့ လိဂ်ဖလားပေါ်မှာ သူတို့ရဲ့အမည် မရေးထိုးနိုင်သေး ပေမယ့် ယာဂမ် ကလော့ပ်နဲ့ လီဗာပူးလ် အတွက် ဒီနှစ်ကတော့ အနီးစပ်ဆုံး အနေအထားကို ရောက်လာပြီဆိုတာ အားလုံး လက်ခံရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption လီဗာပူးလ်ဟာ ကလော့ပ် လက်ထက်မှာ ချန်ပီယံလိဂ် ဖိုင်နယ် ၂ကြိမ်ဆက် တက်ခဲ့

လီဗာပူးလ်ရဲ့ နောက်ဆုံး ၁၀ရာသီ ပရီးမီးယားလိဂ် ရပ်တည်မှု

၂၀၁၈-၁၉) အဆင့် ၂ - ၉၇မှတ်

၂၀၁၇-၁၈) အဆင့် ၄ - ၇၅မှတ်

၂၀၁၆-၁၇) အဆင့် ၄ - ၇၆မှတ်

၂၀၁၅-၁၆) အဆင့် ၈ - ၆ဝမှတ်

၂၀၁၄-၁၅) အဆင့် ၆- ၆၂မှတ်

၂၀၁၃-၁၄) အဆင့် ၂ - ၈၄မှတ်

၂၀၁၂-၁၃) အဆင့် ၇ - ၆၁မှတ်

၂၀၁၁-၁၂) အဆင့် ၈ - ၅၂မှတ်

၂၀၁၀-၁၁) အဆင့် ၆ - ၅၈မှတ်

၂၀၀၉-၁၀) အဆင့် ၇- ၆၃မှတ်

ဓာတ်ပုံ မူပိုင် AFP
Image caption ဥရောပ အကောင်းဆုံး အသင်းဖြစ်အောင် စွမ်းဆောင်ထားပြီး ပရီးမီးယားလိဂ်မှာ ၈မှတ် ဖြတ်ထားတဲ့ ကလော့ပ် နဲ့ လီဗာပူးလ်

လီဗာပူးလ်ရဲ့ ၁ပွဲဆက်တိုက် မှတ်တမ်း

၁) လီဗာပူးလ် ၄-၂ ဘန်လေ

၂) ဖူလ်ဟမ် ၁-၂ လီဗာပူးလ်

၃) လီဗာပူးလ် ၂-၁ စပါး

၄) ဆောက်သမ်တန် ၁-၃ လီဗာပူးလ်

၅) လီဗာပူးလ် ၂-၀ ချယ်လ်ဆီး

၆) ကာဒစ် ၀-၂ လီဗာပူးလ်

၇) လီဗာပူးလ် ၅-၀ ဟတ်ဒါဖီးလ်တောင်း

၈) နယူးကာဆယ် ၂-၃ လီဗာပူးလ်

၉) လီဗာပူးလ် ၂-၀ ဝုလ်ဖ်

၁၀) လီဗာပူးလ် ၄-၁ နော့ဝစ်

၁၁) ဆောက်သမ်တန် ၁-၂ လီဗာပူးလ်

၁၂) လီဗာပူးလ် ၃-၁ အာဆင်နယ်

၁၃) ဘန်လေ ၀-၃ လီဗာပူးလ်

၁၄) လီဗာပူးလ် ၃-၁ နယူးကာဆယ်

၁၅) ချယ်လ်ဆီး ၁-၂ လီဗာပူးလ်

၁၆) ရှက်ဖီးလ်ယူနိုက်တက် ၀-၁ လီဗာပူးလ်

၁၇) လီဗာပူးလ် ၂-၁ လက်စတာ

၁၈) မန်ယူ - လီဗာပူးလ်

၁၉) လီဗာပူးလ် - စပါး

ဆက်စပ် အကြောင်းအရာများ