ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ အင်အားပြင်း တိုင်ဖွန်း ဝင်ဖို့ ရှိပေမယ့် အောင်လအန်ဆန်ပွဲ ဖျက်သိမ်းခြင်း မရှိ

နှစ် ၆၀ အတွင်း အဆိုးရွားဆုံး ဖြစ်နိုင်တဲ့ မုန်တိုင်းနဲ့ ဂျပန် ရင်ဆိုင်နေရ ဓာတ်ပုံ မူပိုင် WILLIAM WEST / AFP via Getty Images
Image caption နှစ် ၆၀ အတွင်း အဆိုးရွားဆုံး ဖြစ်နိုင်တဲ့ မုန်တိုင်းနဲ့ ဂျပန် ရင်ဆိုင်နေရ

ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ အင်အားပြင်း တိုင်ဖွန်း မုန်တိုင်း တစ်ခု အခု ရက်သီတင်းပတ်ကုန် ရက်တွေမှာ ဝင်ဖို့ ရှိပေမယ့် ONE ချန်ပီယံရှစ် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲရဲ့ ရာပြည့် အထူးပွဲကို စီစဉ်ထားတဲ့ အတိုင်း အောက်တိုဘာ ၁၃ ရက် တနင်္ဂနွေနေ့မှာ ကျင်းပမယ်လို့ ONE ချန်ပီယံရှစ်ရဲ့ ဥက္ကဋ္ဌ Chatri Sityodtong က သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ အောက်တိုဘာ ၁၁ ရက်နေ့ ညပိုင်းက ကြေညာလိုက်ပါတယ်။

အဲဒီပြိုင်ပွဲမှာ မြန်မာပြည်ကိုယ်စားပြုပြီး မြန်မာ့စပါးအုံးမြွေ အောင်လအန်ဆန်နဲ့ ဘူရှီဒို ဖိုးသော် တို့က ယှဉ်ပြိင်ကြဖို့ ရှိနေတာပါ။

တိုင်ဖွန်း ဟာဂျီဘစ်စ် (Hagibis) လို့ အမည် ပေးထားတဲ့ အင်အားပြင်း မုန်တိုင်းဟာ တစ်နာရီ မိုင် ၁၁၁ အထိ လေပြင်းအား ရှိနိုင်ပြီး နှစ် ၆၀ အတွင်းမှာ အပြင်းထန်ဆုံး မိုးကြီး ရေလျှံ၊ မြေပြိုမှုတွေ ဖြစ်နိုင်တယ်လို့ ဂျပန် မိုးလေသဝဌာက ခန့်မှန်းထားပါတယ်။ အောက်တိုဘာ ၁၂ ရက် စနေနေ့ (ဒီနေ့) မနက်ပိုင်းက စပြီးတော့ မုန်တိုင်း ကနဦး အဖြစ် မြို့တော် တိုကျို အပါအဝင် နေရာ အတော်များများ မှာ မိုးကြီး လေထန်နေပါတယ်။

ဒါပေမယ့် ONE ချန်ပီယံရှစ်ရဲ့ ဥက္ကဋ္ဌရဲ့ လူမှုကွန်ရက် ထုတ်ပြန်ချက်မှာတော့ ONE အနေနဲ့ အချိန်နဲ့ တပြေးညီ ဖမ်းယူနေတဲ့ ကောင်းကင် ဂြိုဟ်တု ပုံရိပ် နည်းပညာ အကူအညီနဲ့ အတူ ကျွမ်းကျင်သူ တွေ၊ အတွေ့အကြုံ ရှိ ဒေသခံတွေနဲ့ တိုင်ပင်ပြီး ဒီပြိုင်ပွဲကို စီစဉ်ထားတဲ့ အတိုင်း ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။ ပွဲကျင်းပမယ့် တနင်္ဂနွေ မနက်ပိုင်း ကျရင် တိုကျိုမှာ ရာသီဥတု ပုံမှန် ပြန် ဖြစ်လာမယ်လို့ ခန့်မှန်းရတယ်လို့ သူက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အောင်လရဲ့ ကြောက်စရာ အကောင်းဆုံး တိုက်ကွက် ၄ ကွက်

ONE Century လို့ အမည်ပေးထားတဲ့ စင်ကာပူ အခြေစိုက် ONE ချန်ပီယံရှစ်ရဲ့ ပွဲ ၁၀၀ ပြည့် အထိမ်းအမှတ် အထူးပွဲကို အပိုင်း (၁) နဲ့ (၂) ဆိုပြီး မနက်ပိုင်း၊ ညနေပိုင်း ခွဲပြီး ကျင်းပဖို့ စီစဉ်ထားတာပါ။

မြန်မာပြည်က ဖိုးသော် ပါဝင်မယ့် မနက်ပိုင်း အပိုင်း (၁) ပွဲစဉ် အတွက်လည်း လက်မှတ် ဝယ်ပြီး ထားသူတွေအနေနဲ့ မုတ်တိုင်း အရှိန် ကြောင့် လာမကြည့်နိုင်ရင် လက်မှတ်ခ တွေ ပြန် အမ်းမယ်လို့ ONE ရဲ ဥက္ကဋ္ဌက သူ့ဖေ့စ်ဘွတ်ခ်မှာ တပါတည်း ထုတ်ပြန် ကြေညာထားပါတယ်။

ဖိုးသော် ကစားမယ့် ပွဲစဉ်ကတော့ အောက်တိုဘာ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၇ နာရီ ဝန်းကျင်မှာ စတင်ဖို့ ရှိနေပြီး အောင်လအန်ဆန်ရဲ့ လိုက်ဟဲဗီးဝိတ်တန်း ရွှေခါးပတ် ကာကွယ်ပွဲကတော့ မြန်မာစံတော်ချိန် ညနေပိုင်း ၅ နာရီ ဝန်းကျင်လောက်မှာ စတင်ဖို့ ရှိနေပါတယ်။ စိန်ခေါ်သူ ဖိလစ်ပိုင် အနွယ် အမေရိကန်နိုင်ငံသား ဘရန်ဒါဗဲရာနဲ့ ထိုးသတ်ရမယ့် အောင်လအန်ဆန်ရဲ့ ပွဲဟာ ပြိုင်ပွဲ တစ်ခုလုံးရဲ့ အဓိက ခေါင်ပွဲ လည်း ဖြစ်ပါတယ်။

ဂျပန်ကို အင်အားပြင်း တိုင်ဖွန်းဝင်ရောက်ချိန်ဟာ ကမ္ဘာ့ဖလား Rugby ပြိုင်ပွဲနဲ့ ဂျပန် ဂရွန်းပရီ ကားမောင်းပြိုင်ပွဲ ကျင်းပချိန်နဲ့လည်း တိုက်ဆိုင်နေပြီး စနေနေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ Rugby ပွဲစဉ် ၂ ခုကို ရွှေ့ဆိုင်းလိုက်ရသလို ကားမောင်းပြိုင်ပွဲရဲ့ အကြို အဆင့် ပွဲစဉ်တွေနဲ့ လေ့ကျင့်မှုတွေကိုလည်း စနေနေ့ အတွက် ရပ်ဆိုင်းထားပါတယ်။

ဒါ့အပြင် မုန်တိုင်းကြောင့် တိုကျို မြို့တော် နေရာ အနှံ့အပြားမှာ မိုးသည်းထန် နေပြီး လူနေအိမ် သောင်းနဲ့ချီဟာ လျှပ်စစ် မီး ပြတ်တောက်မှုတွေလည်း ကြုံတွေ့နေရပါတယ်။ မြေနိမ့်ပိုင်း ဒေသက လူနေအိမ်တွေကိုလည်း ရွှေ့ပြောင်းကြဖို့ အမိန့်ထုတ်ပြန် ထားရသလို လေယာဉ်နဲ့ ရထား ခရီးစဉ်တွေလည်း ဖျက်သိမ်းထားရပါတယ်။

ဈေးဆိုင်တွေ၊ စီးပွားလုပ်ငန်းတွေ အားလုံး ပိတ်ထားပြီး လူတွေဟာ အိမ်မှာပဲ အစိုးရက ထုတ်ပြန်တဲ့ မိုးလေဝသ နောက်ဆုံး အခြေအနေကို စောင့်ကြည့်ကာ လိုအပ်တဲ့ စားနပ် ရိက္ခာ ဆေးဝါး ပြင်ဆင်ထားကြတယ်လို့ ဂျပန်ရောက် မြန်မာ အသိုင်းအဝန်းက ဘီဘီစီကို ပြောပါတယ်။

အခု မုန်တိုင်းဟာ လူပေါင်း ၁,၂၀၀ ကျော် သေဆုံးခဲ့ရတဲ့ ၁၉၅၈ တုန်းက ဖြစ်ခဲ့တဲ့ မုန်တိုင်း နောက်ပိုင်း အဆိုးရွားဆုံး မုန်တိုင်း တစ်ခု ဖြစ်လာနိုင်တယ်လို့ ဂျပန် တာဝန်ရှိသူတွေက ခန့်မှန်းထားကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ