အပြောင်းအလဲတွေနဲ့ လမ်းပတ်ရဲ့ လူငယ်အသင်း

ဓာတ်ပုံ မူပိုင် AFP
Image caption ၇ပွဲဆက် အနိုင်ရအောင် စွမ်းဆောင်ပေးထားတဲ့ ချယ်လ်ဆီးနည်းပြ လမ်းပတ်

မနှစ် ယူရိုပါလိဂ်မှာ အာဆင်နယ်ကို ဂိုးပြတ်နိုင်ပြီး ဥရောပမှာ အောင်မြင်မှု ရခဲ့တဲ့ ချယ်လ်ဆီးဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၃နဲ့ ပွဲသိမ်းပြီး ဆုဖလား တစ်ခုရခဲ့တဲ့ နည်းပြ ဆာရီနဲ့ လမ်းခွဲခဲ့ပါတယ်။ လက်ရှိ အနေအထားအရ လိဂ်ဖလားမှာ ဖိုင်နယ်၊ ယူရိုပါလိဂ်မှာလည်း ဖလားရပြီး ချန်ပီယံလိဂ် တိုက်ရိုက် ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးတဲ့ ဆာရီဟာ အသင်းတာဝန်ရှိသူတွေနဲ့ အဆင်မပြေသလို ကစားသမားသမားတွေနဲ့လည်း ပြဿနာဖြစ်ခဲ့ပြီးနောက် ဂျူဗင်တပ်စ်ရဲ့ ကမ်းလှမ်းမှုကို ရရှိချိန်မှာ အနောက်လန်ဒန် ကလပ်ကနေ ထွက်ခွာခဲ့တာပါ။

အမှတ်ပေးဖလားနဲ့ အက်ဖ်အေဖလားရခဲ့တဲ့ ကွန်တေ၊ ယူရိုပါလိဂ် ဖလားရခဲ့ တဲ့ ဆာရီတို့လို အီတလီ ထိပ်တန်းနည်းပြတွေနဲ့ လမ်းခွဲခဲ့တဲ့ ချယ်လ်ဆီးဟာ အပြောင်းအရွှေ့ ကာလမှာလည်း ကစားသမား ဝယ်ခွင့်မရဘဲ ပိတ်ပင်ခံထားရချိန် အသင်းရဲ့ ဂန္ထဝင် ကွင်းလယ်လူ လမ်းပတ်ကို နည်းပြအဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကစားသမားဘ၀ အနားယူပြီး နည်းပြလောကထဲ ဝင်လာခဲ့တဲ့ လမ်းပတ်အတွက် ချန်ပီယံရှစ်မှာ ဒါဘီလို အသင်းမျိုးကို ကိုင်တွယ်ခွင့် ရခဲ့ပေမယ့် ပရီးမီးယားလိဂ်ကို တန်းတက်ခွင့် Play Off ဖိုင်နယ်ရောက် အောင်စွမ်းဆောင်ပေးခဲ့သူပါ။ အလားအလာရှိနိုင်မယ့် နည်းပြတစ်ယောက် ဖြစ်သလို အသင်းရဲ့ ဂန္ထဝင် ကစားသမား တစ်ယောက်ဖြစ်တဲ့ အနေအထားတွေက အေဘရာမိုဗစ်ရဲ့ အသင်းမှာ အရေးကြီးဆုံး ရာထူးကို ရဖို့ ဖြစ်လာခဲ့တာပါ။

လမ်းပတ်ရဲ့ အိမ်ပြန်ခရီး

လမ်းပတ်ဟာ ချယ်လ်ဆီးကို ရောက်ရောက်ပြီးချင်း ဒါဘီမှာ လက်တွဲခဲ့တဲ့ ကစားသမားတွေကို ပြန်ခေါ်ခဲ့သလို ကစားသမားသစ် ဝယ်ယူခွင့် မရတဲ့ အနေအထားကလည်း လူငယ်တွေကို အသုံးပြုဖို့ ဖြစ်လာခဲ့ပါတယ်။ သူ့လက်ထက် အစပိုင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရသလို ရာသီအဖွင့်မှာ မန်ချက်စတာယူနိုက်တက်ကို ၄ဂိုးပြတ်နဲ့ ရှုံးခဲ့ပြီး ဥရောပ စူပါဖလားပွဲမှာလည်း လီဗာပူးလ်ကို ပင်နယ်တီနဲ့ အရေးနိမ့်ခဲ့တာပါ။ လမ်းပတ်ဟာ သူ့ရဲ့ အစောပိုင်း ကာလမှာ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ယူနိုက်တက်၊ လီဗာပူးလ်တို့နဲ့ ကစားခဲ့တဲ့ ပွဲတွေမှာ ဘယ်လို ဗျူဟာတွေ သုံးသလဲဆိုတာ ပရိသတ်တွေ ရိပ်မိခဲ့ကြပါတယ်။ ကစားသမားသစ် ခေါ်ယူဖို့ ပိတ်ပင်ခံထားရတဲ့ ချယ်လ်ဆီးကို လမ်းပတ်က စီနီယာ ကစားသမားတွေနဲ့ လူငယ်တွေကို အတွဲညီညီ အသုံးပြုခဲ့တယ်။ အထူးသဖြင့် လူငယ်တွေကို နေရာပေးလာတဲ့ လမ်းပတ်က ရာသီအစပိုင်းမှာတင် သူဟာ ဘယ်လို နည်းပြတစ်ယောက်ဆိုတာက ပရိသတ်တွေ စတင်သိလာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အေဘရာဟမ်၊ မောင့်၊ တီမိုရီတို့လို လူငယ်တွေဟာ လမ်းပတ်ရဲ့ အသင်းမှာ ခြေစွမ်းပြနေသူတွေပါ။

အားကိုးရတဲ့ အကယ်ဒမီ

ချယ်လ်ဆီးကို လမ်းပတ် ပြန်ရောက်လာချိန်မှာပဲ အသင်းရဲ့ ကစားသမားဟောင်းတွေကလည်း နည်းစနစ် ဒါရိုက်တာကနေ၊ လူငယ်အသင်းအထိ တာဝန်အသီးသီး ပေးအပ်ခံခဲ့ရပြီး ချယ်လ်ဆီးကို အရင်လို အောင်မြင်မှုရဖို့ စနစ်တကျ ပြင်ဆင်လာခဲ့ပါတယ်။ ချယ်လ်ဆီးဟာ မော်ရင်ညိုစတင်ကိုင်တွယ်ခဲ့တဲ့ ပထမဆုံး အချိန်ကနေ လက်ရှိ အချိန်အထိ ထိပ်တန်း အဆင့်ရှိတဲ့ ကစားသမားတွေကိုသာ အစဉ်သင့် ဝယ်ယူ သုံးစွဲခဲ့တဲ့ အသင်းဖြစ်ပေမယ့် လူငယ် ကစားသမားတွေကိုတော့ နေရာပေးလေ့မရှိတဲ့ အသင်းပါ။ တစ်နှစ်၊ တစ်နှစ် အငှားနဲ့ သွားကစားကြတဲ့ ဘောလုံးသမားတွေ ၅၀နဲ့ ၁၀၀ကြားမှာ အထိရှိနေတာပါ။ ပုံမှန်အားဖြင့် ချယ်လ်ဆီး အကယ်ဒမီကနေ ထွက်လာရင် သူတို့ရဲ့ အသင်းကြီးမှာ နေရာရဖို့ ပွဲထွက်ခွင့်ရဖို့ အခွင့်အရေးဆိုတာ မရှိသလောက်ပါ။ လူငယ်အများစုက အသင်းကို စွန့်ခွာခဲ့ကြသလို တစ်ချို့ကလည်း အခွင့်အရေးတွေကို ဆက်လက် စောင့်နေတာ ဖြစ်ပါတယ်။ လမ်းပတ်လက်ထက်မှာတော့ အငှားချထားတဲ့ ကစားသမားတွေထဲ အသုံးဝယ်မယ့်၊ သူ့နည်းဗျူဟာနဲ့ ကိုက်ညီမယ့် မေဆန်မောင့်၊ တီမိုရီ၊ အေဘရာဟမ်တို့အပြင် ရိစ် ဂျိမ်းစ်တို့ကိုလည်း ပြန်လည် ခေါ်ယူခဲ့ပါတယ်။

မောင့်နဲ့ အေဘရာဟမ်

ချယ်လ်ဆီးရဲ့ ရာသီအစပိုင်း ခြေစွမ်းမှာ အဓိက ပြောရမယ့် လူငယ် ကစားသမား ၂ယောက်ရှိပါတယ်။ ဒါဘီမှာ ခြေစွမ်းပြခဲ့တဲ့ မောင့်နဲ့ ဗီလာမှာ ဂိုးတွေသွင်းခဲ့တဲ့ အေဘရာဟမ်တို့ နှစ်ဦးပါ။ သူတို့နှစ်ဦးဟာ လမ်းပတ်ရဲ့ တိုက်စစ် အသားပေးတဲ့ ကစားကွက်မှာ အံဝင်တဲ့ ကစားသမားတွေဖြစ်ပြီး ခြေစွမ်းလည်း ပြသနိုင်ခဲ့ကြတာပါ။ လမ်းပတ် လက်ထက်မှာ အေဘရာဟမ်းက ပရီးမီးယားလိဂ်မှာ ၈ဂိုးအပါအဝင် ပြိုင်ပွဲအရပ်ရပ် ၁၄ပွဲမှာ ၉ဂိုးအထိ သွင်းထားသလို ကွင်းလယ်လူ မေဆန်မောင့်ကလည်း ပရီးမီးယားလိဂ် ၄ဂိုးနဲ့ ပြိုင်ပွဲအရပ်ရပ် ၁၄ပွဲမှာ ၄ဂိုး ရထားတာ ဖြစ်ပါတယ်။

လမ်းပတ်ဟာ ရူဒီဂါ ဒဏ်ရာရနေချိန်၊ ဒါးဗစ် လု့ဇ် မရှိတော့တဲ့ ချယ်လ်ဆီးကို အငှားချထားတဲ့ ဇူးမားနဲ့ တီမိုရီတို့ကို ယုံယုံကြည်ကြည် နေရာပေးခဲ့ပါတယ်။ သူတို့နှစ်ဦး အတွဲက အစောပိုင်းမှာ အမှားများခဲ့ပေမယ့် တစ်ဖြည်းဖြည်းနဲ့ အားထိုးရလာတဲ့ ခံစစ်မှူးတွေ ဖြစ်လာခဲ့ပါပြီ။

ဓာတ်ပုံ မူပိုင် AFP
Image caption အမ်စတာဒမ်မှာ အားယက်စ်ကို အနိုင်ယူခဲ့တဲ့ ချယ်လ်ဆီး

နိုင်ပွဲဆက် စံချိန်နဲ့ လမ်းပတ်ရဲ့ ပုံစံ

ရာသီအစတုန်းက အားလုံးက သံသယ မျက်လုံးတွေနဲ့ ကြည့်ခံနေရတဲ့ လမ်းပတ်ဟာ ချယ်လ်ဆီးကို အကောင်းဆုံး ခြေစွမ်းမျိုး ရအောင် ပြုလုပ်နေပြီး ကစားရခက်တဲ့ အားယက်စ်လို့ အသင်းမျိုးရဲ့ ကွင်းမှာ ခြေစွမ်းပြ နိုင်ခဲ့တဲ့ အထိ ဖြစ်လာခဲ့ပါတယ်။ အဆုံးအဖြတ်ပေးဖို့ အစောကြီး ရှိနေသေးပေမယ့် လမ်းပတ် သွားနေတဲ့ ချယ်လ်ဆီးရဲ့ ကစားပုံဟာ သူတို့ ပရိသတ်တွေ လိုချင်တဲ့ ပုံစံမျိုးဖြစ်ပြီး ထိပ်က လီဗာပူးလ်၊ မန်စီးတီးတို့ နှစ်သင်းပြီးရင် အတည်ငြိမ်ဆုံး အသင်းလို့ ပြောရမှာပါ။ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ကစားခဲ့တဲ့ ၇ပွဲစလုံးနိုင်ခဲ့သလို ၂၁ဂိုးအထိ သွင်းနိုင်ခဲ့ပြီး ၅ဂိုးသာ ပြန်ပေးခဲ့ရတာပါ။ တစ်ပွဲနဲ့ တစ်ပွဲ ပိုပိုကောင်းလာတဲ့ လမ်းပတ်ရဲ့ လူငယ်အသင်းမှာ အကယ်ဒမီ ကစားသမား ၅ယောက်ကနေ ၈ယောက်လောက်အထိ လာပါနိုင်တဲ့ အနေအထားက အနာဂတ်ရဲ့ ထိပ်တန်း အသင်းကောင်းဖြစ်ဖို့ အခွင့်ရေးတွေ ရှိလာနိုင်သလို လမ်းပတ်တစ်ယောက် ချယ်လ်ဆီးကို ရာသီကုန်မှာ ဘယ်လို အောင်မြင်မှုရအောင် စွမ်းဆောင်မလဲက စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

ချယ်လ်ဆီးရဲ့ နောက်ဆုံး ၇ပွဲရလဒ်

၁) ချယ်လ်ဆီး ၇-၁ ဂရင်စဘီ ( လိဂ်ဖလား)

၂) ချယ်လ်ဆီး ၂-၀ ဘရိုက်တန် ( ပရီးမီးယားလိဂ်)

၃) လိုင်လီ ၁-၂ ချယ်လ်ဆီး ( ချန်ပီယံလိဂ်)

၄) ဆောက်သမတန် ၁-၄ ချယ်လ်ဆီး ( ပရီးမီးယားလိဂ်)

၅) ချယ်လ်ဆီး ၁-ဝည နယူးကာဆယ် ( ပရီးမီးယားလိဂ်)

၆) အားယက်စ် ဝ-၁ ချယ်လ်ဆီး ( ချန်ပီယံလိဂ်)

၇) ဘန်လေ ၂-၄ ချယ်လ်ဆီး ( ပရီးမီးယားလိဂ်)

ဆက်စပ် အကြောင်းအရာများ