ဇယားထိပ်က လီဗာပူးလ် ချန်ပီယံ ဖြစ်ဖို့ ထိုက်တန်နေပြီလား

ဓာတ်ပုံ မူပိုင် AFP
Image caption လီဗာပူးလ်ဟာ အမှတ်ပေး ချန်ပီယံဆုကို မရတာ ၂၉နှစ်ရှိပါပြီ။

အမှတ်ပေးပြိုင်ပွဲကို ပရီးမီးယားလိဂ်လို့ အမည်ပြောင်းလိုက်ပြီး နောက်ပိုင်း အမှတ်ပေး ချန်ပီယံဆုကို မရတော့တဲ့ လီဗာပူးလ် ပရိသတ်တွေအတွက် အောင်ပွဲခံဖို့ အချိန်တော်ကြာ စောင့်လာခဲ့တာကြာပါပြီ။ နှစ်ပေါင်း ၂၉နှစ် ကျော်အတွင်း ဘရန်ဒန် ဂျော်ဂျာ လက်ထက်မှာ တစ်ကြိမ်၊ ပြီးခဲ့တဲ့ နှစ်က တစ်ကြိမ် ဗိုလ်စွဲဖို့ အနီးစပ်ဆုံး ရောက်ခဲ့တာပါ။ ဒါပေမယ့် အဲ့ဒီ နှစ်ကြိမ်စလုံးမှာ မန်စီးတီးကိုချည်း ရှုံးခဲ့တာဖြစ်ပါတယ်။ မနှစ်ကဆို သူတို့ သမိုင်းတစ်လျောက် အမှတ် အများဆုံး ရခဲ့တဲ့ အထိ ခြေစွမ်းပြခဲ့ပေမယ့် ဒုတိယပဲ ရခဲ့တာပါ။ လီဗာပူးလ်ဟာ အင်္ဂလန် ဘောလုံးသမိုင်း တစ်လျောက်မှာတော့ အမှတ်ပေး ချန်ပီယံဆုကို ၁၈ကြိမ် အထိရခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ကတော့ လီဗာပူးလ် ပရိသတ်တွေ အလိုချင်ဆုံး ဆုဖလားလည်း ဖြစ်ပါတယ်။

ကလော့ပ် ရဲ့ လီဗာပူးလ်

၂၀၁၅ခုနှစ် အောက်တိုဘာမှာ ဘရန်ရော်ဂျာကို ထုတ်ပယ်ခဲ့တဲ့ လီဗာပူးလ်ဟာ အသင်း လက်မဲ့ ဖြစ်နေတဲ့ ကလော့ပ်ကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ကလော့ပ်ကတော့ ၄နှစ်တာ ကာလအတွင်း လီဗာပူးလ်အသင်းကို သူလိုချင်တဲ့ ပုံစံမျိုး ပြောင်းလဲခဲ့သလို အောင်မြင်မှုတွေ စတင်လာခဲ့ပြီး ဥရောပ အကောင်းဆုံး အသင်းတွေထဲ ပါဝင်လာအောင် စွမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ မနှစ်ကတုန်းကဆိုရင် ကလော့ပ်ရဲ့ အသင်းဟာ ကလပ်စံချိန်တင် ရမှတ် ၉၇မှတ်အထိ ရခဲ့ပြီးမှ မန်စီးတီးရဲ့ နောက် ဒုတိယပဲ ရခဲ့ပေမယ့် အရင် ချန်ပီယံဖြစ်ဖူးတဲ့ အသင်းတွေထက်ကိုပင် ရမှတ် ပိုများခဲ့တာပါ။ ရာသီကုန်ခါနီးမှာ မန်စီးတီးရဲ့ ၁၄ပွဲ ဆက်တိုက် နိုင်ပွဲတွေက လီဗာပူးလ်ကို ချန်ပီယံဆုနဲ့ ဝေးစေခဲ့တာ ဖြစ်ပါတယ်။ မနှစ်က တစ်ရာသီလုံးမှာ မန်စီးတီး တစ်သင်းထဲကိုပဲ ရှုံးခဲ့ပေမယ့် ချန်ပီယံလိဂ် ဆုဖလားကြီးကို ရယူပေးနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပရီးမီးယားလိဂ် ပွဲ ၅ဝမှာ ၁ပွဲပဲ ရှုံးထားတဲ့ ကလော့ပ်ရဲ့ လီဗာပူးလ်

၂၈ပွဲဆက် ရှံးပွဲမရှိ ကစားထား

လီဗာပူးလ်ဟာ ပြီးခဲ့တဲ့ ရာသီကနေ လက်ရှိ အချိန်အထိ ပွဲပေါင်း ၂၈ပွဲဆက်တိုက် အရှုံးမရှိ ကစားနိုင်ခဲ့သလို ပရီးမီးယားလိဂ် ပွဲပေါင်း ၅ဝမှာလည်း မန်စီးတီး တစ်သင်းထဲကိုပဲ အီတီဟတ်ကွင်းမှာ ရှုံးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ပွဲ ၅ဝမှာ ၄၁ပွဲ အထိ အနိုင်ရခဲ့သလို၊ ၈ပွဲသရေကျခဲ့တာလည်း ဖြစ်ပါတယ်။ မနှစ်က ရာသီပိတ်ခါနီး ၉ပွဲဆက် အနိုင်ရခဲ့သလို ဒီနှစ်ရာသီ အစပိုင်းမှာလည်း ၈ပွဲဆက် အနိုင်ရပြီး ပရီးမီးယားလိဂ်ပွဲပေါင်း ၁၇ပွဲဆက်ကိုလည်း အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်ရာသီအစမှာ မထင်မှတ်ဘဲ ပတ်ဂွါဒီယိုလာရဲ့ မန်စီးတီး အမှတ်တွေ လျော့နေချိန်မှာ လီဗာပူးလ်ကတော့ ပုံမှန် ခရီးဆက်နေဆဲ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကို သရေကျခဲ့တဲ့ ပွဲကလွဲရင် ပွဲစဉ် ၁၁ပွဲအပြီးမှာ ၃၁မှတ် အထိရထားတာပါ။ ဒါဟာ ပရီးမီးယားလိဂ် နဲ့ လိဂ်ပြိုင်ပွဲ သမိုင်းတစ်လျောက်မှာတော့ စပါး တစ်သင်း တစ်သင်းထဲသာ သူတို့ထက် ရလဒ်ကောင်းအောင် ကစားထားခဲ့တာပါ။ ၁၉၆ဝ-၆၁မှာတော့ စပါးအသင်းက ၁၁ပွဲအပြီးမှာ ၃၃မှတ် အထိရခဲ့ဖူးပါတယ်။ လက်ရှိမှာ ကလော့ပ်ရဲ့ အသင်းဟာ ၂၀၀၅-၀၆က ချယ်လ်ဆီး၊ ၂ဝ၁၁-၁၂ နဲ့ ၂ဝ၁၆-၁၇က မန်စီးတီးအသင်းတွေရဲ့ စံချိန်နဲ့ တူညီနေတာပါ။ အဲ့ဒီ အသင်းတွေကတော့ ရာသီကုန်မှာ ပရီးမီးယားလိဂ် ချန်ပီယံ အသီးသီး ဖြစ်ခဲ့ကြပါတယ်။

၂၉နှစ်ကြာ အိပ်မက်

အမှတ်ပေး ချန်ပီယံဆုကို ၁၉၈၉-၉ဝ ခုနှစ်မှာ နောက်ဆုံးရခဲ့ပြီး ၂၉နှစ်ကျော်ကြာ စောင့်ခဲ့ရတဲ့ အိပ်မက်တွေကို လက်တွေ့ အကောင်ထည်နိုင်ဖို့ လီဗာပူးလ်ဟာ နီးစပ်လာပြီလို့ ဆိုရမှာပါ။ လက်ရှိမှာ ဒုတိယနေရာက မန်စီးတီးကို ၆မှတ် အသာရထားသလို လာမယ့်တစ်ပတ် ပွဲမှာ မန်စီးတီးကို အိမ်ကွင်းမှာ အနိုင်ယူခဲ့ရင်တော့ ၉မှတ်အထိ အသာရမယ့် အခွင့်အရေးရှိနေပါတယ်။ ဒီနှစ်ရာသီမှာ လီဗာပူးလ်ဟာ ခြေစွမ်းပိုင်းက ပွဲတိုင်း အကောင်းဆုံး ပုံစံမှာ မရှိနေပေမယ့် နောက်ဆုံးမိနစ် သွင်းဂိုးတွေ ဆက်တိုက် ရခဲ့ပြီး အနိုင်ရခဲ့သလို အသင်းသားတွေ အားလုံးရဲ့ စိတ်ဓာတ်ကလည်း အကောင်းဆုံး ပုံစံမှာ ရှိနေတာပါ။ လိဂ်ဖလားပွဲမှာ အာဆင်နယ်ကို နောက်က လိုက်ကစားခဲ့သလို နောက်တစ်ဆင့် တက်ခဲ့သလို နောက်ဆုံး ပရီးမီးယားလိဂ် ၃ပွဲမှာလည်း ရှုံးနေတဲ့ အနေအထားကနေ ၇မှတ်အထိ ရယူနိုင်ခဲ့တာပါ။ ဒီဇင်ဘာ ပွဲကျပ် ကာလတွေမှာ တစ်လအတွင်း ၁ဝပွဲအထိ ကစားရမယ့် အနေအထားက လီဗာပူးလ်အတွက် စိုးရိမ်စရာ ဖြစ်လာဖို့ ရှိပေမယ့် မန်စီးတီးကို ၆မှတ် ဖြတ်ထားတဲ့ အနေအထားအရ ဒီနှစ်ဟာ လီဗာပူးလ်ပရိသတ်တွေနဲ့ ယာဂမ်ကလော့ပ်ရဲ့ နှစ်ဖြစ်ပြီလားဆိုတာကတော့ မကြာခင် အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption လီဗာပူးလ်ဟာ အချိန်ပို မိနစ် ၉ဝ နောက်ပိုင်း သွင်းဂိုး ၃၅ဂိုးအထိ သွင်းထားပြီး အများဆုံးလည်း ဖြစ်ပါတယ်။

လီဗာပူးလ်ရဲ့ နောက်ဆုံး ၁၀ရာသီ ပရီးမီးယားလိဂ် ရပ်တည်မှု

၂၀၁၈-၁၉) အဆင့် ၂ - ၉၇မှတ်

၂၀၁၇-၁၈) အဆင့် ၄ - ၇၅မှတ်

၂၀၁၆-၁၇) အဆင့် ၄ - ၇၆မှတ်

၂၀၁၅-၁၆) အဆင့် ၈ - ၆ဝမှတ်

၂၀၁၄-၁၅) အဆင့် ၆- ၆၂မှတ်

၂၀၁၃-၁၄) အဆင့် ၂ - ၈၄မှတ်

၂၀၁၂-၁၃) အဆင့် ၇ - ၆၁မှတ်

၂၀၁၁-၁၂) အဆင့် ၈ - ၅၂မှတ်

၂၀၁၀-၁၁) အဆင့် ၆ - ၅၈မှတ်

၂၀၀၉-၁၀) အဆင့် ၇- ၆၃မှတ်

ဓာတ်ပုံ မူပိုင် AFP
Image caption ဥရောပ အကောင်းဆုံး အသင်းဖြစ်အောင် စွမ်းဆောင်ထားပြီး ပရီးမီးယားလိဂ်မှာ ၆မှတ် ဖြတ်ထားတဲ့ ကလော့ပ် နဲ့ လီဗာပူးလ်

လီဗာပူးလ်ရဲ့ ၁ပွဲဆက်တိုက် မှတ်တမ်း

၁) လီဗာပူးလ် ၄-၂ ဘန်လေ

၂) ဖူလ်ဟမ် ၁-၂ လီဗာပူးလ်

၃) လီဗာပူးလ် ၂-၁ စပါး

၄) ဆောက်သမ်တန် ၁-၃ လီဗာပူးလ်

၅) လီဗာပူးလ် ၂-၀ ချယ်လ်ဆီး

၆) ကာဒစ် ၀-၂ လီဗာပူးလ်

၇) လီဗာပူးလ် ၅-၀ ဟတ်ဒါဖီးလ်တောင်း

၈) နယူးကာဆယ် ၂-၃ လီဗာပူးလ်

၉) လီဗာပူးလ် ၂-၀ ဝုလ်ဖ်

၁၀) လီဗာပူးလ် ၄-၁ နော့ဝစ်

၁၁) ဆောက်သမ်တန် ၁-၂ လီဗာပူးလ်

၁၂) လီဗာပူးလ် ၃-၁ အာဆင်နယ်

၁၃) ဘန်လေ ၀-၃ လီဗာပူးလ်

၁၄) လီဗာပူးလ် ၃-၁ နယူးကာဆယ်

၁၅) ချယ်လ်ဆီး ၁-၂ လီဗာပူးလ်

၁၆) ရှက်ဖီးလ်ယူနိုက်တက် ၀-၁ လီဗာပူးလ်

၁၇) လီဗာပူးလ် ၂-၁ လက်စတာ

လီဗာပူးလ်နဲ့ ယာဂမ် ကလော့ပ်ရဲ့ အောင်မြင်မှု

ချန်ပီယံလိဂ် - ၁ကြိမ်

ဥရောပ စူပါဖလား - ၁ကြိမ်

ယူရိုပါလိဂ် ဖိုင်နယ် - ၁ကြိမ်

လိဂ်ဖလား ဖိုင်နယ် - ၁ကြိမ်

ဆက်စပ် အကြောင်းအရာများ