မန်စီးတီးကို ၉မှတ်ဖြတ်ပြီး ချန်ပီယံဖြစ်ဖို့ နီးစပ်သွားတဲ့ လီဗာပူးလ်

ဓာတ်ပုံ မူပိုင် AFP
Image caption လီဗာပူးလ်ကို ချန်ပီယံဖြစ်ဖို့ အကောင်းဆုံး စွမ်းဆောင်ပေးထားတဲ့ ယာဂမ်ကလော့ပ်

ယာဂမ်ကလော့ပ်ရဲ့ လီဗာပူးလ်ကတော့ ပတ်ဂွါဒီယိုလာရဲ့ မန်စီးတီးကို အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပါတယ်။ ကောင်းဆုံး ခြေစွမ်းကို ပြသနိုင်ခဲ့သလို မန်စီးတီးရဲ့ အားနည်းနေတဲ့ ခံစစ်ပိုင်းကို ဖိအားပေးနိုင်ခဲ့ပြီး နိုင်ပွဲရခဲ့တာပါ။ ဒီနှစ်သင်းအကြား ၆မှတ်ကွာနေတာကနေ ၉မှတ်အထိ ဖြတ်ထားနိုင်ပြီး အဓိက ပြိုင်ဖက်ကို အမှတ်ဖြတ်လိုက်တာပါ။

နောက်ဆုံး ပရီးမီးယားလိဂ် ပွဲပေါင်း ၂၁ပွဲမှာ ပွဲ ၂၀အထိ အနိုင်ရခဲ့သလို ချန်ပီယံဆုကို ထိုက်တန်ကြောင်းကို ပြသနိုင်ခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုကို အဓိက ထားတဲ့ မန်စီးတီးကို ယာဂမ်ကလော့ပ်က တည်တည်ငြိမ်ငြိမ်နဲ့ အနိုင်ယူခဲ့တဲ့နောက် လီဗာပူးလ်ဟာ ၂၉နှစ်အတွင်း ပထမဆုံး လိဂ်ဖလားကို ရယူနိုင်ဖို့ နီးစပ်လာတာပါ။

လီဗာပူးလ်ကို ၄နှစ်တာ ကာလအတွင်း ဥရောပ ချန်ပီယံဖြစ်တဲ့အထိ ရအောင် စွမ်းဆောင်ပေးထားသလို ပရီးမီးယားလိဂ်မှာပါ အကောင်းဆုံး အသင်းအဖြစ် ရအောင် တည်ဆောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ပွဲပေါင်း ၅၁ပွဲမှာ ၁ပွဲပဲ ရှုံးခဲ့သလို နောက်ဆုံး ၂၉ပွဲဆက် ရှုံးပွဲမရှိ ကစားနိုင်ခဲ့တဲ့ လီဗာပူးလ်ဟာ သူတို့ရဲ့ သမိုင်းတစ်လျောက် အကောင်းဆုံး ရာသီအဖွင့်ကို ပိုင်ဆိုင်နိုင်ခဲ့တာပါ။

၁၉၈၉-၉၀ တုန်းက နောက်ဆုံးရခဲ့တဲ့ လီဗာပူးလ်ဟာ နိုင်ငံတကာပွဲတွေကြောင့် ရပ်နားမယ့် ပရီးမီးယားလိ၈် ပွဲစဉ် ၁၂အပြီးမှာ ဇယားထိပ်ကနေ လက်စတာ၊ ချယ်လ်ဆီးတို့ကို ၈မှတ်အထိ ဖြတ်လာနိုင်တာပါ။ မန်စီးတီးကိုပါ ၉မှတ်ဖြတ်ထား လိုက်တာကြောင့် လက်ကျန်ပွဲစဉ် ၂၆ပွဲမှာ ၃ပွဲအထိ အမှားခံလို့ရမယ့် အနေအထားပါ။ ဒီဇင်ဘာလအတွင်း ပွဲကျပ်တွေ ဆက်တိုက် ကန်ရမှာ ဖြစ်ပေမယ့် ယာဂမ်ကလော့ပ်ရဲ့ လီဗာပူးလ်အတွက် အမှတ်ပေး ချန်ပီယံဆုကို ရယူဖို့ ထိုက်တန်ပြီလို့ ဆိုရမှာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption အရည်သွေးမြင့် ဂိုးကိုသွင်းပြီး လီဗာပူးလ်မှာ အရေးပါတဲ့ ကွင်းလယ်လူ ဖာဘင်ညို

မန်စီးတီးကတော့ လာပေါ့ ဒဏ်ရာ ရသွားပြီးကတည်းက ခံစစ်ပိုင်း အားနည်းမှုတွေနဲ့ ရာသီအစပိုင်း ၁၂ပွဲမှာတင် ၃ပွဲအထိ ရှုံးခဲ့တာပါ။ ဒီပွဲ ရှုံးပွဲကြောင့် အဆင့် ၄နေရာအထိ ကျသွားခဲ့သလို လီဗာပူးလ်ရဲ့ အမှတ်ဖြတ်မှုကို လိုက်ဖို့ ခက်ခဲသွားတဲ့ အနေအထားပါ။ မန်စီးတီးဟာ နိုင်ငံတာပွဲတွေအပြီးမှာလည်း ခြေမှန်နေတဲ့ ချယ်လ်ဆီးနဲ့လည်း ကန်ရမှာဖြစ်လို့ နောက်ထပ် ပွဲကျပ်ကို ဘယ်လို ကျော်ဖြတ်ရမလဲ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် နှစ်ပေါင်း ၂၉နှစ်တာကာလ စောင့်စားခဲ့ရတဲ့ လီဗာပူးလ်နဲ့ ယာဂမ်ကလော့ပ် အသင်းဟာ ပရီးမီးယားလိဂ် အမည်နဲ့ ပထမဆုံး လိဂ်ဖလားကြီးကို ရဖို့ နီးစပ်သွားခဲ့ပြီ ဖြစ်ပါတယ်။ ခြေစွမ်းအရရော၊ စိတ်ဓာတ်ပိုင်းအရပါ ပြိုင်ဖက်တွေထက် အသာရနေတဲ့ လီဗာပူးလ်ဟာ အိမ်ကွင်းမှာ ၂၀၁၇ခုနှစ် ဧပြီလမှာ ပဲလေ့စ်ကို ရှုံးပြီး လုံး၀ မရှိသေးတဲ့ အချက်ကလည်း လီဗာပူးလ် ချန်ပီယံဖြစ်ဖို့ ထိုက်တန်ပြီလို့ ဆိုနိုင်ပြီ ဖြစ်ပါတယ်။

လီဗာပူးလ်ရဲ့ အိမ်ကွင်း ရှုံးပွဲမရှိ စံချိန်

၁) လီဗာပူးလ် - ၄၆ပွဲ ( ၂၀၀၇၊ ဧပြီလထဲက )

၂) ဂျူဗင်တပ်စ် - ၂၆ပွဲ ( ၂၀၁၈၊ ဧပြီလထဲက)

၃) ဘာစီလိုနာ - ၁၈ပွဲ ( ၂၀၁၈၊ နိုဝင်ဘာလထဲက )

၄)အက်သလက်တီကို - ၁၄ပွဲ ( ၂၀၁၉၊ ဖေဖော်ဝါရီလထဲက )

ဓာတ်ပုံ မူပိုင် AFP
Image caption ၃နှစ်ဆက် ချန်ပီယံဖြစ်ဖို့ ခက်ခဲသွားတဲ့ မန်စီးတီးနဲ့ ပတ်ဂွါဒီယိုလာတို့ ယာဂမ်ကလော့ပ်ရဲ့ လီဗာပူးလ်ကို မီအောင်လိုက်နိုင်ပါ့မလား။

ပွဲစဉ် ၁၂အပြီး ရပ်တည်မှု

၁) လီဗာပူးလ် - ၃၄မှတ်

၂) လက်စတာ - ၂၆မှတ်

၃) ချယ်လ်ဆီး - ၂၆မှတ်

၄) မန်စီးတီး - ၂၅မှတ်

၅) ရှက်ဖီးလ်ယူနိုက်တက် - ၁၇မှတ်

၆) အာဆင်နယ် - ၁၇မှတ်

ဓာတ်ပုံ မူပိုင် AFP
Image caption မန်စီးတီးကို ၉မှတ် ဖြတ်ထားနိုင်တဲ့ လီဗာပူးလ်

လီဗာပူးလ်ရဲ့ နောက်ဆုံး ၁၀ရာသီ ပရီးမီးယားလိဂ် ရပ်တည်မှု

၂၀၁၈-၁၉) အဆင့် ၂ - ၉၇မှတ်

၂၀၁၇-၁၈) အဆင့် ၄ - ၇၅မှတ်

၂၀၁၆-၁၇) အဆင့် ၄ - ၇၆မှတ်

၂၀၁၅-၁၆) အဆင့် ၈ - ၆ဝမှတ်

၂၀၁၄-၁၅) အဆင့် ၆- ၆၂မှတ်

၂၀၁၃-၁၄) အဆင့် ၂ - ၈၄မှတ်

၂၀၁၂-၁၃) အဆင့် ၇ - ၆၁မှတ်

၂၀၁၁-၁၂) အဆင့် ၈ - ၅၂မှတ်

၂၀၁၀-၁၁) အဆင့် ၆ - ၅၈မှတ်

၂၀၀၉-၁၀) အဆင့် ၇- ၆၃မှတ်

လီဗာပူးလ်နဲ့ ယာဂမ် ကလော့ပ်ရဲ့ အောင်မြင်မှု

ချန်ပီယံလိဂ် - ၁ကြိမ်

ဥရောပ စူပါဖလား - ၁ကြိမ်

ယူရိုပါလိဂ် ဖိုင်နယ် - ၁ကြိမ်

လိဂ်ဖလား ဖိုင်နယ် - ၁ကြိမ်