Ballon d'Or ဆုရမှာ မက်ဆီလား၊ ဗန်ဒိုက်လား၊ ရော်နယ်လ်ဒိုလား

ဓာတ်ပုံ မူပိုင် AFP
Image caption ဘာလွန်ဒေါဆုဟာ ဘောလုံးသမားတွေ အလိုချင်ဆုံးဆုပါ

၂၀၁၉ခုနှစ်ရဲ့ ဘာလွန်ဒေါလို့ ခေါ်တဲ့ ရွှေဘောလုံးဆုကို ဒီကနေ့မှာ ချီးမြှင့်မှာ ဖြစ်ပါတယ်။ တစ်နှစ်တာအတွင်း အကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့ ကစားသမားတွေကို France Football နဲ့ မဂ္ဂဇင်းရွေးချယ်တာဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၆နိုင်ငံက ရွေးချယ်ခံထားရတဲ့ ဂျာနယ်လစ်တွေကနေ တစ်နှစ်တာအတွင်း အကောင်းဆုံး ဘောလုံးသမား ၅ဦးစီကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ သူတို့တွေရွေးချယ်ထားတဲ့သူတွေထဲ အမှတ်အများဆုံးရတဲ့သူက ဘာလွန်ဒေါဆုကို ရရှိမှာ ဖြစ်ပါတယ်။

ဘာလွန်ဒေါဆုကို အရင်တုန်းက ဥရောပလိဂ်တွေမှာ ကစားနေတဲ့ ကစားသမားတွေကိုသာ အဓိက ပေးအပ်တဲ့ ဥရောပ အကောင်းဆုံးဆုလို နာမည်ကြီးခဲ့ပါ။ ၁၉၅၆ခုနှစ်မှာ စတင်ပေးခဲ့တဲ့ အဲ့ဒီဆုကို ပထမဆုံးရခဲ့သူကတော့ အင်္ဂလန် ဘလက်ပူးလ်အသင်းက စတန်လေမက်သရူးပဲဖြစ်ပါတယ်။ အဲ့ဒီနောက် နှစ်စဉ်ပေးအပ်လာခဲ့တဲ့ ဘာလွန်ဒေါဆုကို ၂၀၁၅ခုနှစ်မှာတော့ ဖီဖာနဲ့ လက်တွဲပြီး ဖီဖာ ဘလွန်ဒေါလို့ဆိုပြီး ပြောင်းလဲပေးအပ်ခဲ့ပါတယ်။ ဖီဖာနဲ့ ၆နှစ်ကြာ လက်တွဲပြီးနောက် ၂၀၁၆ခုနှစ်မှာတော့ အရင်လိုပဲ သီးသန့် ပြန်ပေးခဲ့တာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption ဘာလွန်ဒေါဆုကို မက်ဆီ၊ ဗန်ဒိုက်၊ ရော်နယ်လ်ဒိုတို့ထဲကနေ ရွေးချယ်မှာ ဖြစ်ပါတယ်။

ဘယ်သူအများဆုံးလဲ

ဘာလွန်ဒေါဆုကို သမိုင်းတစ်လျောက် နာမည်ကျော် ဘောလုံးသမားတွေ အများကြီး ရခဲ့ကြဖူးပြီး လက်ရှိ စူပါစတား၊ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့က ၅ကြိမ်စီနဲ့ အများဆုံးရထားကြသူတွေပါ။ မော်ဒန်ဘောလုံးလောကရဲ့ နောက်ဆုံး ၁၀နှစ်ကျော်ကြာ အကောင်းဆုံး ခြေစွမ်းပြနေတဲ့ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ဟာ ရွှေဘောလုံးဆု သမိုင်းမှာ နောက်ဆုံး ၁၁နှစ်အတွင်း ၁၀ကြိမ်အထိ ရယူနိုင်ခဲ့ကြသူတွေဖြစ်ပြီး ရီးယဲယ်မက်ဒရစ် လူကာမိုဒရစ်က နောက်ဆုံးရခဲ့သူဖြစ်ပါတယ်။ နာမည်ကျော် ကစားသမားဟောင်းကြီးတွေထဲ ယိုဟန်ခရိုက်၊ ဗန်ဘတ်စတန်၊ ပလာတီနီတို့က ၃ကြိမ်စီ ရခဲ့ကြဖူးပြီး ဘရာဇီးလ်က ရော်နယ်လ်ဒို အပါအဝင် ကစားသမား ၅ယောက်က ၂ကြိမ်စီ ရခဲ့ကြဖူးတာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption ရော်နယ်လ်ဒို၊ မက်ဆီတို့ရဲ့ ဆက်တိုက် စိုးမိုးထားတာကို အဆုံးသတ်ခဲ့တဲ့ မိုဒရစ်

ဘယ်သူ ရေပန်းအစားဆုံးလဲ

ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း အကောင်းဆုံး ခြေစွမ်းကိုကြည့်ပြီး ဆန်ခါတင် ၃၀ဦးစာရင်းမှာ ဥရောပ ချန်ပီယံ လီဗာပူးလ်က ကစားသမားတွေ အများကြီး ပါဝင်ခဲ့ပြီး ဗန်ဒိုက်က ရေပန်အစားဆုံးဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာမှာရှိတဲ့ ဂျာနယ်လစ်တွေရဲ့ မဲတွေ တွက်ချက်ခဲ့အပြီးမှာတော့ ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီ ရရှိတယ်လို့ စပိန်မီဒီယာတွေက ပြီးခဲ့တဲ့ အပတ်ကဖော်ပြခဲ့ပါတယ်။

ဘာလွန်ဒေါ ဆုရွေးချယ်ရာမှာ ဂျာနယ်လစ်တွေက ထိပ်ဆုံးပေးမယ့်သူကို ၆မှတ်ပေးပြီး ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမ ရတဲ့သူတွေကို ၄မှတ်၊ ၃မှတ်၊ ၂မှတ်၊ ၁မှတ် အစဉ်လိုက်ပေးကြပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ မဲတွေ အားလုံးကို ရေတွက်ခဲ့အပြီးမှာတော့ မက်ဆီ ရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ ပြင်သစ် မဂ္ဂဇင်းက တာဝန်ရှိသူတွေက ဆုရရှိတဲ့ မက်ဆီကို အကြောင်းကြားပြီး ဖြစ်တယ်လို့ ဖော်ပြထားတာကြောင့် လက်ရှိ အွန်လိုင်း လောင်ကစား ဒိုင်တွေမှာ အရင် ဗန်ဒိုက် ရေပန်စားမှုကနေ မက်ဆီကို ပြောင်းလဲ ရေပန်းစားစေခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်က ဒိုင်တွေဆိုရင် မက်ဆီရဲ့ အလေးပေးမှုကို ပိတ်ပင်တဲ့အထိ ဖြစ်ခဲ့လို့ ဗန်ဒိုက်၊ ရော်နယ်လ်ဒိုတို့ အခွင့်အရေးနည်းသွားပြီးလို့ ဆိုကြပါတယ်။

၂၀၁၉ခုနှစ်အတွက် တစ်ဦးချင်းပေးအပ်တဲ့ အကောင်းဆုံး ဆုတွေမှာ ဗန်ဒိုက်က ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး နောက်ခံလူနဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို ရခဲ့ပြီး မက်ဆီက ဖီဖာရဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ဒီဇင်ဘာ ၂ရက်နေ့ ဒီကနေမှာ ပြုလုပ်မယ့် ဆုပေးပွဲမှာတော့ မက်ဆီ၊ ဗန်ဒိုက်၊ ရော်နယ်လ်ဒိုတို့ ၃ဦးတည်းက ဘယ်သူရမလဲက စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ၅ကြိမ်ရထားတဲ့ မက်ဆီဟာ ဒီနှစ်မှာလည်း ဆုရဖို့ ရေပန်းအဆုံး ဖြစ်နေပါတယ်။

ဘာလွန်ဒေါဆု ရရှိထားကြမှု

၁) မက်ဆီ ( အာဂျင်တီးနား ) - ၅ကြိမ်

၂) ရော်နယ်လ်ဒို ( ပေါ်တူဂီ ) - ၅ကြိမ်

၃) ပလာတီနီ ( ပြင်သစ် ) - ၃ကြိမ်

၄) ယိုဟန်ခရိုက် ( နယ်သာလန် ) - ၃ကြိမ်

၅) ဗန်ဘတ်စတန် ( နယ်သာလန် ) - ၃ကြိမ်

၆) ဘတ်ကင်ဘောင်ဝါ ( ဂျာမနီ ) - ၂ကြိမ်

၇) ရော်နယ်လ်ဒို ( ဘရာဇီးလ်) - ၂ကြိမ်

၈) ဒီစတီဖာနို ( စပိန် ) - ၂ကြိမ်

၉) ကီဗင်ကီးဂန်း ( အင်္ဂလန် ) - ၂ကြိမ်

၁၀) ရူမီနီဂီ ( ဂျာမနီ ) - ၂ကြိမ်

ဓာတ်ပုံ မူပိုင် AFP
Image caption ရော်နယ်လ်ဒိုဟာ နောက်ဆုံး ၃နှစ်အတွင်း ၂ကြိမ်ရထားသူပါ

နောက်ဆုံး ၁၁နှစ် အတွင်း ရရှိသူများ

၂၀၁၈ - မိုဒရစ် ( ခရိုအေးရှား)

၂၀၁၇ - ရော်နယ်လ်ဒို ( ပေါ်တူဂီ )

၂၀၁၆ - ရော်နယ်လ်ဒို ( ပေါ်တူဂီ )

၂၀၁၅ - မက်ဆီ ( အာဂျင်တီးနား )

၂၀၁၄ - ရော်နယ်လ်ဒို ( ပေါ်တူဂီ )

၂၀၁၃ - ရော်နယ်လ်ဒို ( ပေါ်တူဂီ)

၂၀၁၂ - မက်ဆီ ( အာဂျင်တီးနား)

၂၀၁၁ - မက်ဆီ ( အာဂျင်တီးနား)

၂၀၁၀ - မက်ဆီ ( အာဂျင်တီးနား)

၂၀၀၉ - မက်ဆီ ( အာဂျင်တီးနား )

၂၀၀၈ - ရော်နယ်လ်ဒို ( ပေါ်တူဂီ)

ဆက်စပ် အကြောင်းအရာများ