အဓိက ဆုဖလား ၄၇လုံးအထိ ရလာခဲ့တဲ့ ကမ္ဘာ့ကလပ် ချန်ပီယံ လီဗာပူးလ်

ဓာတ်ပုံ မူပိုင် AFP
Image caption ပထမဆုံး ကမ္ဘာ့ကလပ် ချန်ပီယံ ဖြစ်လာတဲ့ လီဗာပူးလ်

ဥရောပ ချန်ပီယံလိဂ် ချန်ပီယံ လီဗာပူးလ်အသင်းအတွက် ၂၀၁၉ခုနှစ်ဟာ အောင်မြင်မှုတွေနဲ့ အဆုံးသတ်နိုင်ခဲ့တဲ့ နှစ်ဖြစ်ပြီး ချန်ပီယံလိဂ်၊ စူပါဖလားနဲ့ ကမ္ဘာ့ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်လာတာပါ။ လီဗာပူးလ်အတွက် တစ်နှစ်အတွင်းမှာ အမြင့်ဆုံး ဆုဖလားတွေကို သိမ်းပိုင်နိုင်ခဲ့တာဖြစ်ပြီး ဥရောပ ချန်ပီယံကနေ ကမ္ဘာ့ချန်ပီယံဆိုတဲ့ အဖြစ်ကို ပြောင်းလဲလာနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အတွက် အောင်မြင်ခဲ့တဲ့ ၂၀၁၉ခုနှစ်အတွင်း ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ တို့လို အသင်းတွေကို ကျော်ပြီး ဗိုလ်စွဲခဲ့သလို ဥရောပ စူပါဖလားမှာလည်း ယူရိုပါလိဂ် ချန်ပီယံ ချယ်လ်ဆီးကို နိုင်ခဲ့တာပါ။ ကမ္ဘာ့ကလပ် ချန်ပီယံရှစ်မှာတော့ တောင်အမရိက လစ်ဘာတေးဒိုးစ် ချန်ပီယံ ဖလာမင်ဂိုကို အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ကမ္ဘာ့ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို ၁၉၈၁နဲ့ ၂၀၀၅ခုနှစ်တွေမှာ ဘရာဇီး ကလပ်တွေကို ၂ ကြိမ်ရှုံးခဲ့ဖူးပါတယ်။ ၁၉၈၁တုန်းကတော့ အရင် Intercontinental Cup လို့ခေါ်တဲ့ ဥရောပ ချန်ပီယံနဲ့ တောင်အမေရိက ချန်ပီယံနှစ်သင်းပဲ လုရတဲ့ပွဲမှာ ဖလာမင်ဂိုကို ၃ဂိုးပြတ်နဲ့ ရှုံးခဲ့ဖူးတာ ဖြစ်ပါတယ်။ ၂၀၀၅ခုနှစ်မှာတော့ နောက်ထပ် ဘရာဇီး ကလပ် ဆော်ပေါ်လိုကို ၁ဂိုး-ဂိုးမရှိနဲ့ ထပ်ရှုံးခဲ့ပါတယ်။ တတိယအကြိမ် ကြိုးပမ်းမှု မှာတော့ လီဗာပူးလ်ဟာ ကလပ် အသင်း သမိုင်းတစ်လျောက် ပထမဆုံးအကြိမ် ဆုဖလားကို ရခဲ့တာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption အဓိက ဆုဖလား ၄၇လုံးအထိ ရလာတဲ့ လီဗာပူးလ်

ဗိုလ်လုပွဲမှာတော့ ၁၉၈၁တုန်းက ရှုံးခဲ့ဖူးတဲ့ ဖလာမင်ဂိုကို အကြိတ်အနယ် ကစားပြီး တစ်ဂိုး-ဂိုးမရှိနဲ့နိုင်ခဲ့တာပါ။ မိနစ် ၉၀ပြည့်တဲ့ အထိ အရှုံးအနိုင်မပေါ်ခဲ့ပေမယ့် အချိန်ပို ၉၉မိနစ်မှာ ရော်ဘာတို ဖာမီနိုရဲ့ တစ်လုံးတည်း သော ဂိုးနဲ့နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ လီဗာပူးလ်ဟာ တစ်နှစ်ထဲမှာ ပြည်တွင်း ပြိုင်ပွဲ မဟုတ်တဲ့ ဥရောပချန်ပီယံလိဂ်၊ ဥရောပ စူပါဖလားနဲ့ ကမ္ဘာ့ကလပ် ချန်ပီယံဆု ၃ခုကို ရတဲ့ ပထမဆုံး အင်္ဂလန် ကလပ် အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့တာပါ။

၂၀၁၂ ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးက ဥရောပ စူပါဖလားနဲ့ ကမ္ဘာ့ ကလပ်ပြိုင်ပွဲ ၂ခုစလုံးရှုံးခဲ့သလို ၂၀၀၈ ဥရောပ ချန်ပီယံ မန်ချက်စတာ ယူနိုက်တက်ကလည်း ကမ္ဘာ့ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပေမယ့် ဥရောပ စူပါဖလားမှာ ဇင်းနစ်ကို ရှုံးခဲ့တာပါ။ လီဗာပူးလ် အတွက်တော့ အင်္ဂလန် ကလပ်တွေထဲ တစ်နှစ်ထဲမှာ ပြည်တွင်းပြိုင်ပွဲမဟုတ်တဲ့ ဖလား ၃လုံးကို ပထမဆုံး ရခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ဖလာမင်ဂိုကို နိုင်ပြီး ကမ္ဘာ့ကလပ် ချန်ပီယံရှစ်မှာ ဗိုလ်စွဲနိုင်ခဲ့တာကြောင့် ကလပ်အသင်း သမိုင်းတစ်လျောက် အဓိက ဆုဖလားပေါင်း ၄၇လုံးကိုလည်း ရယူနိုင်ခဲ့တာပါ။ ဒါဟာ အခါးသီးဆုံး ပြိုင်ဖက် မန်ချက်စတာယူနိုက် တက်ထက် ဆုဖလား ၂လုံးပိုသာပြီး အင်္ဂလန် ကလပ်တွေထဲ အများဆုံးရတဲ့ အသင်းဖြစ်ပါတယ်။

လီဗာပူးလ် အသင်း စတင်တည်ထောင်ခဲ့တဲ့ ၁၈၉၂ခုနှစ်ကနေစပြီး နှစ်ပေါင်း သက်တမ်း ၁၂၇နှစ် အတွင်း အမှတ်ပေးချန်ပီယံ ၁၈ကြိမ်၊ အက်ဖ်အေကပ် ၇ကြိမ်၊ လိဂ်ကပ် ၈ကြိမ်၊ ဥရောပချန်ပီယံ ၆ကြိမ်၊ ယူအီးအက်ဖ် အေကပ် ၃ကြိမ်၊ ဥရောပ စူပါဖလား ၄ကြိမ်နဲ့ ကမ္ဘာ့ကလပ် ချန်ပီယံ ၁ကြိမ်ရယူနိုင်ခဲ့တာပါ။

၂၀၁၉ခုနှစ် ကမ္ဘာ့ ကလပ် ချန်ပီယံရှစ်မှာ လီဗာပူးလ် က ချန်ပီယံဖြစ်ခဲ့ပြီး ဖလာမင်ဂိုက ဒုတိယ၊ မက္ကဆီကိုကလပ် မွန်တာရေးက တတိယရခဲ့ပါတယ်။ လီဗာပူးလ်ရဲ့ တောင်ပံကစားသမား မိုဆာလက ပြိုင်ပွဲရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို ရခဲ့ပါတယ်။ ချန်ပီယံဖြစ်ခဲ့တဲ့ အတွက် လီဗာပူးလ်ဟာ ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၅သန်းအထိ ရခဲ့တာပါ။ ဖလား ၃လုံးရထားတဲ့ လီဗာပူးလ်ဟာ ပရီးမီးယားလိဂ်မှာလည်း အမှတ်ဖြတ်ထားတာကြောင့် နှစ်ပေါင်း ၃၀နီးပါး စောင့်နေရတဲ့ ပရီးမီးယားလိဂ် ဆုဖလားကြီးကို ရဖို့ နီးစပ်နေပြီဖြစ်လို့ ယာဂမ် ကလော့ပ်နဲ့ လီဗာပူးလ်အတွက် နောက်ထပ် ဘယ်လို အောင်မြင်မှုတွေ ရမလဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပရီးမီးယားလိဂ် ချန်ပီယံဆုကိုပါ ရဖို့ ရေပန်းစားနေပြီ ဖြစ်တဲ့ လီဗာပူးလ်

လီဗာပူးလ် အဓိက ဆုဖလားများ

အမှတ်ပေးချန်ပီယံ - ၁၈ကြိမ်

အက်ဖ်အေကပ် - ၇ကြိမ်

လိဂ်ဖလား - ၈ကြိမ်

ဥရောပဖလား - ၆ကြိမ်

ယူအီးအက်ဖ်အေ - ၃ကြိမ်

ဥရောပ စူပါဖလား - ၄ကြိမ်

ကမ္ဘာ့ကလပ် - ၁ကြိမ်

ဆက်စပ် အကြောင်းအရာများ