စိတ်ဝင်စားစရာ အပြောင်းအရွှေ့သတင်းတွေနဲ့ ဆောင်းရာသီ ဈေးကွက်

ဓာတ်ပုံ မူပိုင် AFP
Image caption ဆောင်းရာသီအတွင်း အသင်းပြောင်းဖွယ်ရှိတဲ့ ဆန်ချို၊ ပေါ့ပ်ဘာနဲ့ မာတီးနက်စ်

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ရက်နေ့ကနေ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ထိပ်တန်း ကလပ်တွေ အားလုံး ကစားသမား သစ်တွေ ရဖို့ ကြိုးပမ်းနေကြပါတယ်။ အထူးသဖြင့် ငွေကြေးတတ်နိုင်တဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်တွေကလည်း ဈေးကွက်အတွင်းမှာ လိုအပ်မယ့် ကစားသမားသစ်တွေကို စောင့်ကြည့်နေကြလို့ ဆောင်းရာသီ အပြောင်းအရွှေ့ကလည်း စိတ်ဝင်စားစရာဖြစ်နေတာပါ။ ဆောင်းရာသီ အပြောင်းအရွှေ့အတွင်း ထိပ်တန်း အသင်းကြီးတွေရဲ့ ဖြစ်လာဖွယ်ရှိမယ့် အပြောင်းအရွှေ့တွေ အကြောင်းကို လေ့လာကြည့်တော့ …။

မန်ချက်စတာယူနိုက်တက်

အပြောင်းအရွှေ့ရာသီရောက်တိုင်း ပေါ့ပ်ဘာရဲ့ သတင်းကတော့ အမြဲထွက်လေ့ရှိပြီး ဘယ်တော့ အသင်းကနေထွက်မလဲ၊ ဘယ်အသင်းကို ပြောင်းမလဲ စိတ်ဝင်စားစရာဖြစ်လေ့ရှိတာပါ။ နည်းပြ ဆိုးလ်ရှားကတော့ သူ့ကို ရောင်းချမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပေမယ့် စပိန် နာမည်ကြီး ရီးယဲယ်နဲ့ စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်တို့က ခေါ်ချင်နေပါတယ်။ ရီးယဲယ်ဆိုရင် ပေါ့ပ်ဘာအတွက် ကွင်းလယ်လူ တိုနီ ခရုစ်နဲ့ ပေါင်သန်း ၄၀အထိပေးပြီး အလဲအထပ်ပြုလုပ်ချင်နေတာပါ။ ဂျူဗင်တပ်စ်ကလည်း ပေါ့ပ်ဘာအတွက် နောက်ခံလူ ဒီမီရယ်နဲ့ အလိုက်ပေးပြီး ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ခေါ်ချင်နေတာပါ။ ယူနိုက်တက်ဟာ အထောင်တိုက်စစ်မှူး တစ်ဦးကိုလည်း အလိုရှိနေလို့ အင်တာမီလန် တိုက်စစ်မှူး လိုတာရို မာတီးနက်ဇ် နဲ့ ပေါ့ပ်ဘာကို အလဲအလှယ် လုပ်ချင်နေတယ်လို့ ဗြိတိန်ထုတ် The Sun သတင်းစာကတော့ ဖော်ပြထားပါတယ်။ အင်တာနည်းပြ ကွန်တေကလည်း ပေါ့ပ်ဘာကို အလိုရှိနေသူဖြစ်လို့ ပြင်သစ်သားဟာ မထင်မှတ်ဘဲ အင်တာမီလန်ကိုလည်း ရောက်ဖွယ်ရှိသူပါ။

ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းအတွက် မာတီးနက်ဇ်အပြင် လိုက်ပ်ဇက်က တီမိုဝါနာ၊ ဝုလ်ဖ်က ရာအူးလ် ဟီမီးနက်စ်တို့ကိုလည်း ပစ်မှတ်ထားနေပါတယ်။ဗြိတိန်ထုတ် Sunday Mirror သတင်းစာ မှာတော့ ယူနိုက်တက်ဟာ လင့်ဂတ်နဲ့ ပေါင်သန်း ၄၅သန်း အလိုက်ပေးပြီး လက်စတာရဲ့ ကွင်းလယ်လူ ဂျိမ်းစ် မတ်ဒီဆင်ကို ကမ်းလှမ်းဖို့ရှိတယ်လို့ ဆိုပါတယ်။ ယူနိုက်တက်က လက်စတာ သတ်မှတ်ထားတဲ့ ပေါင် ၈၅သန်းအတွက် လင့်ဂတ်ကို ပေါင်သန်း ၄၀ ဈေးသတ်မှတ်ပြီး နောက်ထပ် ပေါင်သန်း ၄၅သန်း အလိုက်ပေးကာ ကမ်းလှမ်းဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption လက်စတာက မတ်ဒီဆင်ကို ခေါ်ဖို့ လင့်ဂတ်ကို အလိုက်ပေးဖို့ ပြင်ဆင်နေတဲ့ မန်ချက်စတာယူနိုက်တက်

အာဆင်နယ်

ခံစစ်မှူး တစ်ယောက်ကို အသည်းအသန် အလိုရှိနေတဲ့ အာဆင်နယ်ဟာ နောက်ခံလူ ချိန်ဘာ ဒဏ်ရာရသွားပြီးနောက် ဘိုင်ယန်ရဲ့ ဘိုတန်ကို အဓိက ပစ်မှတ်ထားနေပါတယ်။ ဘိုတန်ဟာ ၃၁နှစ် ရှိသူဖြစ်ပြီး ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် ဆုဖလားတွေ ရခဲ့ဖူးပြီး အတွေ့အကြုံရှိတဲ့ နောက်ခံလူတစ်ဦးပါ။ Sky ဂျာမနီက ဖော်ပြထားတဲ့ သတင်းမှာတော့ အာဆင်နယ်ဟာ ဘိုတန်ရဲ့ တန်ကြေးကို မေးမြန်းခဲ့သလို အငှားနဲ့ ခေါ်ယူခွင့်ကိုလည်း စုံစမ်းခဲ့ကြောင်း ဆိုပါတယ်။ ဘိုင်ယန်ကတော့ သူတို့ကို ပေါင်၁၂.၈သန်းလောက်နဲ့ ထွက်ခွာခွင့်ပြုဖွယ်ရှိပေမယ့် တစ်ပတ် ပေါင် ၁သိန်းခွဲကျော်ရှိမယ့် ဘိုတန်ရဲ့ လစာငွေကြောင့် အာဆင်နယ်ဟာ အခက်တွေ့နေတယ်လို့ ဆိုပါတယ်။ အာဆင်နယ်ဟာ ဘိုတန်ကို ကြိုးပမ်းနေချိန် လိုက်ပ်ဇက်ရဲ့ နောက်ခံလူ အူပါမတ်ကာနိုလည်း ဆက်ပြီး လိုက်နေပါတယ်။ အာဆင်နယ်ဟာ ၂၁နှစ်သာ ရှိသေးတဲ့ ပြင်သစ်နောက်ခံလူအတွက် ပေါင်သန်း ၅၀ အထိပေးဖို့ ရှိနေပြီး ဂျာမန် ကလပ်ကလည်း စာချုပ်သက်တမ်း ၁၈လသာ ကျန်တော့တဲ့ သူ့ကို ရောင်းချဖွယ်ရှိနေတာပါ။ အာဆင်နယ်ဟာ ဘွန်းမောက်ရဲ့ နေသန် အာကေ၊ ဂျူဗင်တပ်စ်ရဲ့ ဒီမီရယ်တို့လို နောက်ခံလူတွေကိုလည်း ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အာဆင်နယ်နဲ့ သတင်းထွက်နေတဲ့ ဘိုင်ယန် နောက်ခံလူ ဘိုတန်

ချယ်လ်ဆီး

လမ်းပတ်ရဲ့ ချယ်လ်ဆီးကတော့ အပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူခွင့်ရပြီဖြစ်လို့ အသုံးစရိတ် ပေါင်သန်း ၁၅၀အထိ အသုံးပြုခွင့်ရမှာဖြစ်ပါတယ်။ ချယ်လ်ဆီးဟာ တိုက်စစ်ပိုင်းအတွက် လီယွန်ရဲ့ ပြင်သစ်တိုက်စစ်မှူး ဒမ်ဘီလီကို ပေါင် ၃၅သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ ချယ်လ်ဆီးဖက်က မြင့်မားတဲ့ ကမ်းလှမ်းမှုနဲ့ နောက်တစ်ကြိမ် ကြိုးပမ်းဖွယ်ရှိနေပါတယ်။ ချယ်လ်ဆီးဟာ ဘိုင်ယန်ရဲ့ နောက်ခံလူ ဒေးဗစ် အာလဘာကိုလည်း ပေါင်သန်း ၆၀နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဘိုင်ယန် ယာယီနည်းပြ ဟန်ဆီဖလစ်ကတော့ သူတို့ ကစားသမားကို ရောင်းချမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ ချယ်လ်ဆီးက ဒေါ့မန်က ဂျေဒန် ဆန်ချိုကို ကြိုးပမ်းနေချိန် ပဲလေ့စ်ရဲ့ ဇာဟာကို တစ်ပတ် ပေါင်၂သိန်း အထိရှိမယ့် လစာမျိုးနဲ့ ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဇာဟာရဲ့ အေးဂျင်ဖြစ်သူဟာ ချယ်လ်ဆီး အသင်းပိုင်ရှင် နဲ့ ရင်နှီးသူတစ်ဦးဖြစ်ပြီး သူ့ကို တစ်ပတ် ၂သိန်းအပြင် အခြား ခံစားခွင့်ရမယ့် ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ ဆိုတာပါ။ ပဲလေ့စ်ကတော့ ဇာဟာအတွက် အနည်းဆုံး ပေါင်သန်း ၈၀အလိုရှိနေတာ ဖြစ်ပါတယ်။ ချယ်လ်ဆီးရဲ့ ဘယ်နောက်ခံလူ အီမာဆင်ဟာ ဂျူဗင်တပ်စ်ကို ဆောင်းရာသီမှာပဲ ပြောင်းဖို့ ပြင်ဆင်နေသလို အလွန်ဆို၊ ဒရင့်ဝေါ်လ်တား၊ ဂျီရူး တို့လည်း အသင်းကနေ ထွက်ဖို့ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် BBC Sport
Image caption ချယ်လ်ဆီးကို ပေါင်သန်း ၈၀နဲ့ ရောက်ဖွယ်ရှိတဲ့ ဇာဟာ ဟာ တစ်ပတ် ပေါင် ၂သိန်း ရဖွယ်ရှိနေ

စပါး

မော်ရင်ညိုကတော့ အင်တာမီလန်ကို ပြောင်းဖွယ်ရှိနေတဲ့ ကွင်းလယ်လူ အဲရစ်ဆင်ရဲ့ နေရာကို အားဖြည့်ဖို့ ပြင်ဆင်နေသလို သူ့ရဲ့ တပည့်ဟောင်း ဝီလျံကိုလည်း ချယ်လ်ဆီးကနေ ခေါ်ယူဖို့ အလိုရှိနေပါတယ်။ စပါးနဲ့ပွဲတုန်းက ခြေစွမ်းပြခဲ့တဲ့ ဝီလျံဟာ မော်ရင်ညိုရဲ့ စိတ်ကြိုက် ကစားသမား တစ်ဦးဖြစ်နေဆဲဖြစ်ပြီး ပြိုင်ဖက် အသင်းထံကနေ ရဖို့ ပြင်ဆင်နေတာပါ။ မော်ရင်ညိုဟာ အားယက်စ်ရဲ့ တောင်ပံလူ ဟာကင် ဇီးယက်ကိုလည်း စိတ်ဝင်စားနေသလို ခံစစ်မှူး တစ်ဦးကိုလည်း ခေါ်ယူဖွယ်ရှိတယ်လို့ ဆိုပါတယ်။

လီဗာပူးလ် နဲ့ မန်စီးတီး

ဥရောပ ချန်ပီယံ လီဗာပူးလ်ကတော့ ဂျပန် ကစားသမား မီနာမီနိုကို အားဖြည့်ပြီးနောက် နောက်ထပ် ဘယ်ကစားသမားကိုမှ ထပ်ပြီး ခေါ်ယူမှာမဟုတ်ဘူးလို့ ကလော့ပ်ကတော့ ဆိုပါတယ်။ မန်စီးတီးကလည်း လာပေါ့ပ် လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်လို့ ခံစစ်မှူး တစ်ယောက် ခေါ်ယူဖို့ ပြင်ဆင်နေတာ မဟုတ်ဘူးလို့ ပပ်ဂွါဒီယိုလာကတော့ ဆိုပါတယ်။ စီးတီးက အစောပိုင်းတုန်းကတော့ လက်စတာရဲ့ နောက်ခံလူ ဆိုယန်ချုကို စိတ်ဝင်စားခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption ဘေးလ်နဲ့ အဲရစ်ဆင် အလဲအထပ် လုပ်ချင်နေတဲ့ မော်ရင်ညို

ဥရောပ အပြောင်းအရွှေ့

ရီးယဲယ်ကတော့ စပါးကွင်းလယ်လူ အဲရစ်ဆင်ကို ဆောင်းရာသီမှာ ခေါ်ယူမှာမဟုတ်ဘဲ နွေရာသီရောက်မှ အလွတ်နဲ့ ခေါ်ဖို့ ပြင်ဆင်နေပါတယ်။ စပါးနည်းပြ မော်ရင်ညိုကတော့ အဲရစ်ဆင်ကို အသုံးချပြီး ဂါရတ်ဘေးလ်ကို ခေါ်ဖို့ ပြင်ဆင်နေသလို သူတို့နှစ်ဦးက အလဲအထပ် ဖြစ်လာဖွယ်ရှိတယ်လို့လည်း စပိန် မီဒီယာတွေမှာတော့ ဖော်ပြထားပါတယ်။

ဘာစီလိုနာကတော့ နောက်ခံလူ နယ်ဆင် ဆယ်မေဒိုးကို ရောင်းချဖွယ်ရှိပြီး သူ့နေရာမှာ အစားထိုးဖို့ လက်စတာရဲ့ ညနောက်ခံလူ ရီကာဒို ပရဲရားကို ခေါ်ချင်နေတယ်လို့ ဆိုပါတယ်။ သူ့ကို ပီအက်စ်ဂျီ၊ စပါးတို့လို အသင်းတွေကလည်း လိုက်နေတာကြောင့် လက်စတာ နောက်ခံလူဟာ ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ အဓိက နောက်ခံလူ တစ်ဦးဖြစ်လာဖွယ်ရှိနေပါတယ်။

ဂျူဗင်တပ်စ်ကလည်း ပုံမှန် နေရာမရဖြစ်နေတဲ့ ကွင်းလယ်လူ အမ်မရီချန်နဲ့ ရာဘီယို့စ်တို့ နှစ်ဦးကို ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ အမ်မရီချန်ဟာ ပရီးမီးယားလိဂ်ကို ပြန်ဖွယ်ရှိနေပြီး ရာဘီယို့စ်က အာဆင်နယ်ကို အငှားထွက် ကစားဖွယ်ရှိနေပါတယ်။

ဆက်စပ် အကြောင်းအရာများ