၇ချီမှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ယူပြီး WBC ဟဲဗီးဝိတ် ချန်ပီယံဖြစ်လာတဲ့ တိုင်ဆန်ဖျူရီ

ဓာတ်ပုံ ရင်းမြစ်, AFP
ဟဲဗီးဝိတ်တန်းမှာ တစ်ဦးတည်းသော ရှုံးပွဲမရှိ စံချိန်တင်ထားတဲ့ တိုင်ဆန်ဖျူရီ
အမေရိကန်နိုင်ငံ၊ လာ့စ်ဗေးဂတ်စ်မှာ ထိုးသတ်ခဲ့တဲ့ WBC ဟဲဗီးဝိတ်တန်းပွဲမှာတော့ ဗြိတိန်နိုင်ငံသား တိုင်ဆန်ဖျူရီက လက်ရှိ ချန်ပီယံ အမေရိကန်ုနိုင်ငံသား အီယွန်တေး ဝိုင်းလ်ဒါးကို အနိုင်ယူပြီး ဟဲဗီးဝိတ်တန်းမှာ ချန်ပီယံထပ်ဖြစ်လာပါတယ်။
ရှုံးပွဲမရှိသေးတဲ့ နာမည်ကျော် နှစ်ယောက် ထိုးသတ်ကြတဲ့ ဒီပွဲမှာ တိုင်ဆန်ဖျူရီဟာ နည်းဗျူဟာကျကျ ထိုးသတ်နိုင်ခဲ့သလို တစ်ပွဲလုံးကို အသာစီးနဲ့အနိုင်ရခဲ့တာပါ။ ပထမအချီက စပြီး ဝိုင်းလ်ဒါးကို သူ့ရဲ့ ဘယ်၊ညာ လက်သီးလုံးတွေ ပစ်သွင်းခဲ့သလို တစ်ဖက်မှာလည်း သူ့ကိုယ်သူ အမြဲကာကွယ်နေခဲ့တာပါ။ ဒုတိယအချီမှာတော့ ဝိုင်းလ်ဒါးဖက်က သူ့ အားသန်တဲ့ ညလက်သီး ပြင်းပြင်းနဲ့ တုန့်ပြန် ထိုးသတ်ခဲ့ပါတယ်။ ဖျူရီကတော့ အမှားကိုစောင့်ပြီး စိတ်ရှည်ရှည်နဲ့ ထိုးသတ်ကာ အမှတ်တွေ ယူခဲ့ပါတယ်။ ပထမအချီကနေ ၆ချီ အထိ ဆက်တိုက် အသာစီးနဲ့ ထိုးသတ်လာခဲ့တဲ့ တိုင်ဆန်ဖျူရီကြောင့် ဝိုင်းလ်ဒါး ဘယ်ဖက် နားဖက်မှာ ကွဲသွားခဲ့သလို ဒဏ်ရာ ပြင်းထန်ရခဲ့ပါတယ်။ ဖျူရီဟာ ဒဏ်ရာ ရနေတဲ့ ဖက်ကိုပဲ အသားပေးပြီး ထိုးသတ်ခဲ့သလို ဝိုင်းလ်ဒါး တစ်ယောက် ခံစစ်ပုံစံနဲ့သာ ကာကွယ်နေရပါတယ်။
တိုင်ဆန်ဖျူရီဟာ ဘယ်ညာ၊ ထောင့်တွေအထိ လိုက်ထိုးခဲ့ အသာစီးနဲ့ ထိုးသတ်ရင်းက ၆ချီ အပြီးမှာ အချီတိုင်းကို အမှတ်အသာရပြီး ရမှတ် ၆၀ အထိရခဲ့ပါတယ်။ ဝိုင်းလ်ဒါးကတော့ ၆ချီအထိ တစ်ချီမှ အသာမရခဲ့သလို ၅၂မှတ်ပဲ ရခဲ့သလို ၇ချီမြောက်မှာ ရှုံးခဲ့တာပါ။ ကြိုးဝိုင်းထောင့်ထဲမှာ တိုင်ဆန်ဖျူရီရဲ့ လက်သီး ထိုးချက် ၄ချက်ကျော်ကို ဆက်တိုက် ခံနေရချိန် ဝိုင်းလ်ဒါးရဲ့ အသင်းဖက်က ကြိုးဝိုင်းထဲကို တာဝါ ပစ်သွင်းခဲ့ပြီး အရှုံးပေးခဲ့လို့ ဗြိတိန် လက်ဝှေ့ကျော် တိုင်ဆန်ဖျူရီ တစ်ယောက် ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာပါတယ်။
ဓာတ်ပုံ ရင်းမြစ်, AFP
၇ချီမှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ယူခဲ့တဲ့ ဖျူရီဟာ ဟဲဗီးဝိတ်တန်းက ခါးပတ်တွေ အားလုံးကို ပိုင်ဆိုင်ဖူးသူ ဖြစ်လာပါတယ်။
၃၁နှစ် အရွယ်ရှိတဲ့ တိုင်ဆန်ဖျူရီ အတွက် သူ့ရဲ့ လက်ဝှေ့သက်တမ်းတစ်လျောက် ၃၁ပွဲမှာ ၃၀ပွဲမြောက် အနိုင်ရခဲ့တာဖြစ်ပြီး ၂၁ပွဲကို အလဲထိုး အနိုင်ယူခဲ့တာပါ။ လက်ရှိ ဟဲဗီးဝိတ်တန်းမှာလည်း တစ်ဦးတည်းသော ရှုံးပွဲမရှိ စံချိန်တင်ထားသူဖြစ်ပြီး ဟဲဗီးဝိတ်တန်း ချန်ပီယံအဖြစ်ကို တစ်ကျော့ပြန်ရောက်လာခဲ့ပါတယ်။
တိုင်ဆန်ဖျူရီဟာ ၂၀၁၅ခုနှစ်လောက်က ဟဲဗီးဝိတ်တန်းက WBA, WBO, IBF, IBO ချန်ပီယံ ဗလာဒီမီယာ ကလစ်ရှ်ကို ကို ဂျာမနီမြေမှာ အမှတ်နဲ့နိုင်ပြီး ချန်ပီယံဖြစ်ခဲ့ဖူးသူပါ။ ဒါပေမယ့် သူ့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာတွေကြောင့် ခါးပတ်တွေ အားလုံး စွန့်လွှတ်ခဲ့ရသလို လပေါင်း ၃၀လောက် အထိ အနားယူခဲ့ရသူပါ။ နောက်ပိုင်းမှာ ဟဲဗီးဝိတ်တန်းကို တစ်ကျော့ပြန်လာခဲ့တဲ့ အရပ် ၆ပေ ၉ လက်မရှိတဲ့ လူသန်းကြီးဟာ နာမည်ကျော် Ring မဂ္ဂဇင်းရဲ့ အငြင်းပွားဖွယ်ရာမရှိ ဟဲဗီးဝိတ် ချန်ပီယံဆုကို ဒုတိယအကြိမ် ရခဲ့ပါတယ်။ အရှောင်အတိန်းကောင်းပြီး၊ နည်းစနစ်ကျကျ ထိုးသတ်နိုင်ခဲ့တဲ့ ဖျူရီဟာ ဒီယွန်တေး ဝိုင်းလ်ဒါးကို ဒုတိယ အကြိမ် မကျေပွဲမှာ နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
သူကိုယ်တိုင် ပြင်ဆင်ထားတဲ့ အတိုင်း ပထမအချီမှာတင် ပြိုက်ဖက်ဖြစ်သူကို ခပ်မြန်မြန်နဲ့ ဖိအားပေးပြီး ထိုးသတ်ခဲ့သလို အဲ့ဒီကနေပဲ ပွဲကို အသာစီးရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ၃ချီနဲ့ ၅ချီတွေမှာ ဒီယွန်တေး ဝိုင်းလ်ဒါး ကို နှစ်ကြိမ်တိုင်တိုင် လဲကျအောင် ထိုးသတ်နိုင်ခဲ့ပြီးနောက် ၇ချီမှာ နောက်ဆုံး အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။
၃၄နှစ် အရွယ်ရှိပြီး လက်ရှိ WBC ဟဲဗီးဝိတ် ချန်ပီယံ ခါးပတ်ကို ၁၀ကြိမ် အထိ ကာကွယ်နိုင်ခဲ့တဲ့ အမေရိကန် နိုင်ငံသား ဒီယွန်တေး ဝိုင်းလ်ဒါးအတွက်တော့ သူ့ရဲ့ ပရော်ဖက်ရှင်နယ် လက်ဝှေ့လောက ပထမဆုံး ရှုံးပွဲကို ရင်ဆိုင်ခဲ့ရတာပါ။ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် ဒီဇင်ဘာလတုန်းကတည်း ဆုံတွေ့ခဲ့တဲ့ ပထမပွဲမှာတင် ရှုံးမလိုဖြစ်နေပြီးမှ ဖျူရီကို ၂ကြိမ်တိုင်တိုင် အလဲထိုးခဲ့လို့ နောက်ဆုံးမှာ သရေပွဲဖြစ်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ လက်ရည် မယှဉ်နိုင်ဘဲ ရှုံးခဲ့တာပါ။ သူကိုယ်တိုင်ကလည်း ဒီပွဲမှာ အကောင်းဆုံး လက်ဝှေ့သမား နိုင်ခဲ့တာလို့ ချီးကျူးခဲ့သလို သူ ပုံစံကောင်းနဲ့ ပြန်လာခဲ့မယ်လို့ ဆိုခဲ့ပါတယ်။ ဒီယွန်တေး ဝိုင်းလ်ဒါး အတွက်တော့ ၄၄ပွဲ မြောက်မှာ ၁ပွဲရှုံးပြီး၊ ၄၂ပွဲ အလဲထိုးကား၊ ဖျူရီနဲ့ပဲ တစ်ပွဲသရေကျခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, AFP
၃ချီနဲ့ ၅ချီတွေမှာ ဒီယွန်တေး ဝိုင်းလ်ဒါးကို နှစ်ကြိမ် တိုင်တိုင် လဲကျအောင် ထိုးခဲ့တဲ့ ဖျူရီ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
၇ချီ၊ ၁မိနစ် ၃၉ စက္ကန့် အကြာမှာ တစ်ပွဲလုံး အသာစီး ထိုးသတ်ပြီး အနိုင်ရခဲ့ တိုင်ဆန်ဖျူရီ အတွက်တော့ ၃၁နှစ် အရွယ်မှာတင် လက်ရှိ ဟဲဗီးဝိတ်တန်းက ခါးပတ်တွေ အားလုံးကို ပိုင်ဆိုင်ဖူးတဲ့ လက်ဝှေ့သမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။၂၀၁၅ခုနှစ်တုန်းက ကလစ်ချ်ကို ကိုအနိုင်ယူပြီး WBA, WBO, IBF, IBO ခါးပတ်တွေကို ရဖူးတဲ့ ဖျူရီဟာ WBC ခါးပတ်ကိုတော့ ၂၀၁၅ခုနှစ် နောက်ပိုင်း ပထမဆုံးရတဲ့ လက်ဝှေ့ သမားဖြစ်လာသလို လက်ရှိ ဟဲဗီးဝိတ်တန်းရဲ့ အကောင်းဆုံး လက်ဝှေ့သမားအဖြစ် အားလုံးက သတ်မှတ်ခံထားရသူဖြစ်ပါတယ်။
နာမည်ကျော် လက်ဝှေ့ကျော် နှစ်ဦးရဲ့ ပွဲမှာတော့ အနိုင်ရတဲ့ တိုင်ဆန်ဖျူရီရော ခါးပတ် စွန့်လွှတ်ခဲ့ရတဲ့ ဒီယွန်တေး ဝိုင်းလ်ဒါးရော အနည်းဆုံး အမေရိကန် ဒေါ်လ ၃၅သန်းကျော်စီ ရရှိခဲ့ကြပါတယ်။ သူတို့နှစ်ဦး ပြန်ထိုးမယ့် မကျေပွဲအတွင်း ချုပ်ဆိုထားတဲ့ စာချုပ်အရ ဒီယွန်တေးဝိုင်းလ်ဒါးက တိုင်ဆန်ဖျူရီကို တတိယ အကြိမ် ပြန်လည် စိန်ခေါ်ခွင့်ရှိတယ်လို့ ပါဝင်ထားတာကြောင့် ဖျူရီ - ဝိုင်းလ်ဒါး ၃ကို ထပ်ပြီး တွေ့ရဖွယ်ရှိနေပါတယ်။ ရက်ပေါင်း ၃ဝ အတွင်း ရှုံးနိမ့်ခဲ့သူ ဒီယွန်တေး ဝိုင်းလ်ဒါးက မကျေပွဲ ပြန်ထိုးမလား၊ မထိုးဘူးလားဆိုတာကိုတော့ စောင့်ရမှာဖြစ်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, AFP
ကြိုးဝိုင်းအတွင်းကို ဘယ်သူနဲ့မှ မတူတဲ့ ပုံစံနဲ့ ဝင်လာခဲ့တဲ့ ဖျူရီ
လက်ရှိမှာတော့ ဗြိတိန်တိန် နိုင်ငံသား လက်ဝှေ့ကျော်တွေဖြစ်တဲ့ တိုင်ဆန်ဖျူရီနဲ့ ဂျော့ရှိုဝါတို့နှစ်ဦးက ဟဲးဗီးဝိတ်တန်းက ခါးပတ်တွေ အားလုံးကို ပိုင်ဆိုင်ထားကြသူတွေပါ။ တိုင်ဆန်ဖျူရီက WBC ချန်ပီယံနဲ့ အန်တိုနီ ဂျော့ရှိုဝါက WBA, WBO, IBF, IBO ခါးပတ် ချန်ပီယံဖြစ်ထားလို့ သူတို့နှစ်ဦးရဲ့ ထိပ်တိုက် ပွဲကလည်းဖြစ်လာဖွယ်ရှိပါတယ်။ တိုင်ဆန်ဖျူရီကိုယ်တိုင်က ဒီယွန်တေး ဝိုင်းလ်ဒါးနဲ့ မထိုးသတ်မီကတည်းက အန်တိုနီ ဂျော့ရှိုဝါကို စိန်ခေါ်ထားသလို ဟဲဗီးဝိတ်တန်းက ခါးပတ် ပေါင်းစည်းပွဲကို ထိုးသတ်ချင်နေတာကြောင့် ၂၀၂၀ အတွင်းမှာပဲ အကောင်းဆုံး လက်ဝှေ့ပွဲ တစ်ပွဲ တွေ့မြင်ရဖွယ်လည်းရှိနေပါတယ်။ တကယ်လို့ ဒီယွန်တေး ဝိုင်းလ်ဒါးက မကျေပွဲ မထိုးဘူးလို့ ဆုံးဖြတ်လာခဲ့ပါက ဂျော့ရှိုဝါနဲ့ ဖျူရီတို့ ပွဲကို ဝင်ဘလေကွင်းမှာ မြင်တွေ့ရဖွယ်ရှိနေတာပါ။ ငွေတွေ အများကြီး ပေးပြီး ကျင်းပချင်တဲ့ ဆော်ဒီအာရေဗျကလည်း နောက်ထပ် ဟဲဗီးဝိတ်ပွဲ တစ်ပွဲကို ကျင်းပဖို့ မျှော်လင့်နေသလို မန်ချက်စတာယူနိုက်တက် ပရိသတ်ဖြစ်တဲ့ တိုင်ဆန်ဖျူရီကလည်း သူ့ရဲ့ နောက်ပွဲကို အိုးထရက်ဖို့ဒ်ကွင်းမှာ ထိုးသတ် ဖွယ်ရှိတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ သေချာတာတစ်ခုကတော့ ၃၁နှစ် အရွယ်ရှိတဲ့ ဟဲဗီးဝိတ်တန်း အမြင့်ဆုံးဆိုတဲ့ ခါးပတ်တွေကို အားလုံးရခဲ့ဖူးပြီး ရှုံးပွဲ လုံး၀ မရှိသေးတဲ့ တိုင်ဆန်ဖျူရီတစ်ယောက် နောက်ထပ် ဘယ်သူနဲ့ ထိုးဖြစ်မလဲဆိုတာပါ......။
၇ချီ အထိ အမှတ်ပေးမှု
ဒီယွန်တေး ဝိုင်းလ်ဒါး - ၅၂ မှတ်
တိုင်ဆန်ဖျူရီ - ၆၀မှတ်
ဓာတ်ပုံ ရင်းမြစ်, DAZN
ဗြိတိန် နဲ့ လက်ဝှေ့ ပရိသတ်တွေ ထိုးသတ်စေချင်နဲ့တဲ့ တိုင်ဆန်ဖျူရီနဲ့ ဂျော့ရှိုဝါ
တိုင်ဆန်ဖျူရီ မှတ်တမ်း
အသက် - ၃၁နှစ်
အရပ် - ၆ပေ၊ ၉ လက်မ
ထိုးပွဲ - ၃၁ပွဲ
နိုင်ပွဲ - ၃၀ပွဲ
အလဲထိုး - ၂၁ပွဲ
သရေပွဲ - ၁ပွဲ
ရှုံးပွဲ - မရှိ
ဒီယွန်တေး ဝိုင်းလ်ဒါး မှတ်တမ်း
အသက် - ၃၄နှစ်
အရပ် - ၆ပေ၊ ၇လက်မ
ထိုးပွဲ - ၄၄ပွဲ
နိုင်ပွဲ - ၄၂ပွဲ
အလဲထိုး - ၄၁ပွဲ
သရေပွဲ - ၁ပွဲ
ရှုံးပွဲ - ၁ပွဲ